သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူနေ ရှေးဦးလူ


Paintings inside the caves
Paintings inside the caves

လူသားမျိုးနွယ်တွေရဲ့ ဘိုးဘေးဘီဘင်တွေ ကျောက်ခေတ်ကာလ နေထိုင် လှုပ်ရှားခဲ့တာတွေကို လေ့လာ နေကြတဲ့ မနုဿဗေဒပညာရှင်တွေနဲ့ ရှေးဟောင်း သုတေသန ပညာရှင်တွေ နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့ကြ တာကတော့ အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့နားမှာရှိတဲ့ ကဆမ်း (Qesem) ဂူထဲက သွားရုပ်ကြွင်းတွေနဲ့ ကျောက်နဲ့ လုပ်ထားတဲ့ လူအသုံးအဆောင်တွေပါ။

Paleolithic သမိုင်းဦးခေတ်ကာလ ရေခဲခေတ်လောက်က ကျင်လည်ကျက်စားခဲ့ကြတဲ့ ဒီဂူနေ ရှေးလူတွေဟာ ပိုပြီးခေတ်မှီတာတွေ့ရတယ်လို့ တယ်လ်အဗစ်တက္ကသိုလ်က ရှေးဟောင်းသုတေသန ပညာရှင် ရန်ဘာခိုင်း Ran Barkai ကပြောပါတယ်။ ဂူထဲမှာတွေ့ရှိခဲ့တဲ့ ကျောက်နဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကိုကြည့်ရင် သူတို့ဟာ အမဲလိုက်လေ့ရှိသလို အသားတွေကို မီးကင်ပြီး ကျက်အောင်လုပ်စားကြတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ဆိုပါတယ်

''သူတို့မှာ ခုတ်ဖြတ် ထစ်လှီးဖို့ ဓါးအမျိုးမျိုးရှိနေ ပါတယ်။ ခုခေတ် အသားရောင်းတဲ့ လူတွေ ကိုင်တဲ့ ဓါးမျိုးတွေပါ။ ဂူထဲရောက်မှ အသားကိုစားဖို့ အတွက် ခုတ်ဖြတ်တာမျိုးပါ။ သမိုင်းဦးခေတ်က ဇွန်း ခရင်း ဓါးလိုမျိုး စားသုံးတဲ့ အသုံးအဆောင်တွေလို့ ကျွန်တော်တို့ ခေါ်ပါတယ်။ သိပ်သေးတဲ့ ဓါးမျိုးတွေကိုတော့ စားတဲ့ နေရာမှာပဲ သုံးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်''

နယူးရောက်တက္ကသိုလ်က သွားရုပ်ကြွင်း ဆိုင်ရာ မနုဿဗေဒပါရဂူ ရှာရာဘေလီ Shara Bailey ကတော့ တွေ့ရှိရတဲ့ သွားရုပ်ကြွင်းတွေ ကနေ သူတို့ကို ဥရောပနဲ့ အာရှဒေသတလွှား လွန်ခဲ့တဲ့ နှစ်ပေါင်း ၂သိန်းလောက်က ကျင်လည်ကျက်စားခဲ့တဲ့ ကျောက်ခေတ်လူသားတွေနဲ့ ဆက်စပ်လို့ ရတယ်လို့ဆိုပါတယ်

''လွန်ခဲ့တဲ့ နှစ်ပေါင်း ၂သိန်းကနေ ၄သိန်း ကာလအတွက် မှတ်တမ်းတင်ထားတာတွေ သိပ်မရှိသေးတဲ့ အတွက် အသစ်ထပ်တွေ့ရတဲ့ ဘယ်အထောက်အထားမဆို ကျမတို့လေ့လာနေတဲ့ လူသားမျိုးနွယ် အဆင့်ဆင့် ပြောင်းလဲလာမှုကိုရော နီရင်ဒါသယ်လ် Neanderthal evolution လို့ခေါ်တဲ့ ကျောက်ခေတ် လူသားတွေရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာမှုကိုပါ တကယ် ထိရောက်တဲ့ အထောက်အကူ ဖြစ်စေပါတယ်''

ရှေးဦးလူတွေရဲ့ ရုပ်ကြွင်းတွေနဲ့ အသုံးအဆောင်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွက် ရှာဖွေတွေ့ရှိသမျှကို စံနစ်တကျ ထိမ်းသိမ်းကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့် ဒေသက၊ နွားလည်ဘို့တောင်တန်းမှာရှိတဲ့ သစ်တောထဲမှာ (ပန်းလောင်မြစ် အရှေ့ဘက်) ရှေးဦးလူတွေ နေထိုင်ခဲ့တဲ့ ပြဒါးလင်းဂူရှိပါတယ်။ ၁၉၆၀ ခုနှစ်မှာ ဒီပြဒါးလင်းဂူထဲက ရှေးဦးလူ တွေရဲ့ နံရံဆေးရေးပန်းချီတွေကို ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့တယ်လို့ ၁၉၆၉ခုနှစ် ထုတ် သုတေသန စာတမ်းမှာ ဦးအောင်သော်က မှတ်တမ်းတင်ထားပါတယ်။

မြေနီ မြေဝါမှုန့်တွေနဲ့ ရေးဆွဲထားတဲ့ နံရံဆေးရေးပုံတွေထဲမှာ လူလက်ပုံတွေ၊ သမင် ဒရယ်နဲ့ ဆင်ပုံတွေ ငါးပုံ တွေကို တွေ့ရပါတယ်။ ကျောက်ခေတ်သုံးလက်နက် ကရိယာပေါင်း ၁၆၀၀ ကျော်နဲ့ အတူ နို့်တိုက်သတ္တဝါ အရိုးတွေ ခရုခွံတွေနဲ့ မီးသွေးတွေကိုပါတွေ့ရပြီး လက်နက်ကရိယာ လုပ်တဲ့ နေရာတခုအဖြစ် သတ်မှတ် နိုင်ကြောင်း လည်း တွေ့ရှိခဲ့ ပါတယ်။ ဂူ ၂ဂူရှိပြီး သေးတဲ့ ဂူထဲမှာ တွေ့ရတဲ့ နံရံဆေးရေး ပန်းချီတွေကို ကာဗွန်သက်တမ်း တွက်ချက်ရာမှာ နှစ်ပေါင်း တသောင်း သုံးထောင်ရှိတာတွေ့ရပါတယ်။ Mesolithic ကနေ Early Neolithic သက်တမ်းသတ်မှတ်ကြပါတယ်။

ဒီပြဒါးလင်းဂူကို ကုလသမဂ္ဂ UNESCO က World Heritage လို့ခေါ်တဲ့ ကမ္ဘာပေါ်က ထိမ်းသိမ်းရမယ့် နေရာတနေရာအဖြစ် ၁၉၉၆ ခုနှစ် အောက်တိုဘာလမှာ စာရင်းသွင်းဖို့ လျာထားခဲ့ပါတယ်။

XS
SM
MD
LG