သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး


မြန်မာ့အရေး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စတွေအတွက် ကိုယ့်မှာ လုပ်နိုင်တဲ့ခွန်အား၊ စွမ်းအားတွေအပြည့်ရှိနေပါတယ်ဆိုတာကို သဘောပေါက်ပြီး နိုင်ငံအတွက် ဖြစ်သင့်ဖြစ် ထိုက်တာတွေကို အကောင်းဆုံး ဝိုင်းဝန်းကြိုးစားပေးကြမယ် ဆိုတဲ့စိတ်ဓာတ်တွေ ပြည့်ဝစေချင်ကြောင်း နှစ်သစ်ဆုမွန် တောင်းလိုက်ပါတယ်။ နိုဝင်ဘာလ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက် ပြီးကတည်းက စစ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေတာတွေဟာ အကောင်အထည် ပေါ်မလာသေးပေမဲ့ အားလျော့ဖို့ မရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ဘက်ကနေ ပြောရမယ်ဆိုလို့ရှိရင်တော့ တွေ့ဆုံဆွေးနွေးပွဲဟာ အခု သိသိသာသာ နီးကပ်လာနေပြီလို့တော့ မခံစားရပေမဲ့လည်း ဒီဟာကိုဖြစ်အောင်လို့ ဆက်ပြီးတော့ ကြိုးစား သွားရမယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ လုံးဝကျတာမရှိပါဘူး။ ဒါပေမဲ့ ခိုင်ခိုင်မာမာပဲ ဒီဟာကိုဖြစ်အောင်ကို လုပ်ရမယ်ဆိုတာကိုတော့ ယုံကြည်မှု ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ မြန်မာနိုင်ငံအနေနဲ့ အပြောင်းအလဲတွေလိုအပ်နေတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂရော အမေရိကန်ပြည်ထောင်စုကပါ ဒီလို ရှုမြင်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ဖို့အတွက် စဉ်ဆက်မပြတ် တောင်းဆို နေကြတာပါ။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရအနေနဲ့ ကကျတော့ သူတို့ရဲ့လမ်းစဉ်အတိုင်းပေါ့နော်။ အထူးသဖြင့်ကတော့ လမ်းပြမြေပုံ ၇ ချက်အတိုင်းပဲ သူတို့က တစိုက်မတ်မတ် ဆက်သွားနေတယ်ခင်ဗျ။ အဲဒီတော့ အဲဒီလို မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအတွင်းမှာ အားလုံးအတွက် အကျိုးရှိမယ့် တကယ်တမ်း နိုင်ငံရေး အပြောင်းအလဲ တွေကို ဦးတည်စေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘာတွေများ ဒီထက်ပိုပြီး လုပ်ပေးနိုင်မယ်လို့ ယူဆသလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပထမဦးဆုံးအနေနဲ့ကတော့လေ၊ နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီးတော့ တသံတည်း ပြောနိုင်လို့ရှိရင်ကောင်းတယ်။ အခုကျတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရယ်လို့ ပြောလို့ မရဘူး ပေါ့နော်။ သူ့တိုင်းပြည်နဲ့ သူ့ရဲ့ဒေသအသီးသီးနဲ့ သူ့ပေါ်လစီနဲ့ သူ့ပေါ်လစီနဲ့၊ သူ့မူဝါဒနဲ့ ဖြစ်နေကြတယ်။ အားလုံးကနေပြီးတော့ တသံတည်းထွက်မယ်၊ အားလုံးကနေပြီးတော့အတူတကွ မြန်မာနိုင်ငံမှာ တကယ်ကို အများပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်တခု လိုအပ်ပါတယ်၊ အပြောင်းအလဲ လိုအပ်ပါတယ်ဆိုတာကို တိုက်တိုက်တွန်းတွန်း ပြောနိုင်လို့ရှိရင်တော့ အများကြီးပိုပြီးတော့ ထိရောက်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတအိုဘားမားတက်လာပြီးတဲ့နောက်ပိုင်းမှာ ဒီ ၂၀၀၉ ခုနှစ်နှောင်းပိုင်းပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေအိမ်အကျယ်ချုပ်နဲ့ ရှိနေတုံးကာလမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ရဲ့မူဝါဒအပြောင်းအလဲတွေကို ကြေညာခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကတော့ တကယ်တမ်းအားဖြင့် မြန်မာနိုင်ငံကို ဖိအားပေးပိတ်ဆို့ အရေးယူမှုဆိုတဲ့ တင်းကျပ်တဲ့မူဝါဒကနေပြီးတော့ လက်တွေ့ကျကျ ဆက်ဆံသွားမယ် ဆိုတဲ့ မူဝါဒဘက်ကို ဦးတည်ရှေ့ရှုပြီးတော့ ပေါ်လစီအသစ်ကို ကြေညာ လိုက်တော့ အဲဒီမူဝါဒအသစ်အကြောင်းကိုကြားရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေအိမ် အကျယ်ချုပ် မှာ ရှိနေတော့ ဘယ်လိုခံစားရလဲခင်ဗျာ၊ ဘယ်လိုထင်မြင်ယူဆမှု ရှိခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမကတော့လေ၊ ဟိုဘက်ဒီဘက်နဲ့ ဆက်ဆံတာကို သဘောတူပါတယ်။ ဒီဟာကလည်း လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလို့ ထင်ပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ တဘက်နဲ့ မဆက်ဆံဘူး၊ စကားမပြောဘူး ဆိုလို့ရှိရင် တိုးတက်နိုင်စရာအကြောင်း ဘာမှမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျမ ပြောခဲ့ပါတယ်။ ရပါတယ်။ ဒီဟာကို ကျမတို့ သဘောတူတယ်၊ ကြိုက်တယ်၊ ဒါပေမဲ့လည်း ဒီလို တပ်မတော် အစိုးရနဲ့ ဆက်ဆံသလိုပဲ ကျမတို့ အတိုက်အခံဘက်နဲ့လည်း ဆက်ဆံစေချင်တယ်။ နှစ်ဦးနှစ်ဘက်နဲ့ မျှမျှတတ ဆက်ဆံမယ်ဆိုလို့ရှိရင် ကျမတို့မှာ လက်မခံနိုင်စရာအကြောင်း ဘာမှမရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဒီ အိုဘားမား (Obama) အစိုးရရဲ့ မူဝါဒအသစ်မှာက တကယ်တမ်းအားဖြင့် မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံတယ်ဆိုပေမဲ့ မြန်မာစစ်အစိုးရဘက်ကနေပြီးတော့ သိသာတဲ့ ပြောင်းလဲမှုတွေပေါ့နော်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာတွေ၊ ဒါမှမဟုတ်လို့ ရှိရင်လည်း တွေ့ဆုံဆွေးနွေးရေးအတွက် ဦးတည်ပြီး မသွားတာတွေ ဖြစ်လာခဲ့လို့ရှိရင် တစုံတရာ ပိုပြီးတော့ ဖိအားပေး အရေးယူမှုဆိုတဲ့ သတ်သတ်မှတ်မှတ် အချိန်ချမှတ်ပြီးတော့ သတ်မှတ်ထားတာတွေ မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သိပါရစေ။

ဒေါ်အောင်ဆန်းစုကြည ။ ။ ဒီလို အချိန်သတ်သတ်မှတ်မှတ်ထားတာတော့ ကောင်းပါတယ် ထင်ပါတယ်။ အထူးသဖြင့်ပေါ့နော်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်လို့ပေါ့နော်၊ ဒါကတော့ အချိန် သတ်သတ်မှတ်မှတ်ထားလို့ရှိရင် ပိုပြီးတော့ တိုးတက်မှုလည်းရှိနိုင်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့လည်း အစိုးရများဆိုတာဟာ တချိန်လုံး ပေါ်လစီတခုတည်းနဲ့ ပြီးနေတာမှမဟုတ်ဘဲ။ အချိန်ကာလ ရွေ့လျောတာနဲ့ အမျှ အချိန်တွေ ပြောင်းလာတာနဲ့အမျှ ဒီ မူဝါဒတွေကိုလည်း ပြောင်းလဲလေ့ရှိပါတယ်။ အဲဒီတော့ အမေရိကန်နိုင်ငံ အစိုးရကလည်း ဒီလိုပဲ အချိန်ကာလ အခြေအနေတွေ ပြောင်းလဲတာနဲ့အမျှ သူတို့ရဲ့ မူဝါဒတွေလည်း ပြန်ပြီးတော့ စီစစ်ပြီးတော့ ပြောင်းလဲလိုက်မယ်လို့ ကျမတို့ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဆက်ဆံရေးမူဝါဒဆိုတာက ဒီလိုပဲ ရလဒ်ကို မရောက်ရောက်အောင် တဆင့် ချင်းစီ ဆက်သွားနေရမယ့် ဆက်တိုက်လုပ်သွားရမယ့် လုပ်ငန်းလို့ မူဝါဒရေးဆွဲသူတွေအနေနဲ့ အမြဲတမ်း ပြောဆိုလေ့ရှိပါတယ်။ ဒီနေရာမှာ ဒီလို တိကျတဲ့ ရေရာတဲ့အဖြေရလဒ် မထွက်ဘဲနဲ့ ဒီတိုင်းပဲ ဆက်ဆံသွား မယ်ဆိုတဲ့ အနေအထားမျိုး ရှိနေရမှာလားခင်ဗျ။ တကယ်လို့များ ဒီ မူဝါဒကို သုံးသပ်သူတွေနဲ့ ဒီမူဝါဒကို ပြန်ပြီး သုံးသပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအချက်အလက်များကို အကြံပြုချင်ပါ သလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒီလိုပြန်ပြီးတော့ သုံးသပ်တဲ့အခါကျလို့ရှိရင် အချိန်ကာလ သတ်မှတ်ပြီးတော့ မှတ် ကျောက်တွေပေါ့နော်။ ဒီအချိန်ကာလအတွင်းမှာတော့ ဒီအဆင့်ကို ရောက်သင့်တယ် ဆိုတာကိုတော့ သတ်မှတ်လို့ရှိရင် ပိုပြီးတော့ ထိရောက်မှုရှိမယ်လို့ ထင်ပါတယ်။ အထူးသဖြင့်ပေါ့နော်။ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးတဲ့ကိစ္စမှာ အချိန်ကာလ သတ်မှတ်လို့ရှိလို့ရှိရင် ကောင်းမယ်လို့ ထင်ပါတယ်။ နို့မို့လို့ ရှိလို့ရှိရင် နိုင်ငံရေးအကျဉ်းသားများဟာ အချိန်ကာလ သတ်မှတ်ချက် မရှိဘဲ ဆက်ပြီးတော့ ထိန်းသိမ်း ခံနေရမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး ။ ဒီလိုအပြောင်းအလဲများ ဟာလည်း ကျမအနေနဲ့တော့ ဖြစ်နိုင်မယ် လို့ ထင်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံက လွှတ်တော်အမတ် အများစုဟာ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်မှာ အင်မတန်မှ စာနာပြီးတော့ ထောက်ထားတာကြောင့်မို့လို့ ဒီလို ကိစ္စမျိုးတွေဟာ ဖြစ်ပေါ် နိုင်ချေရှိတယ်လို့ ကျမတော့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု လောလောဆယ်အားဖြင့်ဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအသစ်က တနှစ်ကျော် နီးပါးလောက် ရှိလာခဲ့ပြီပေါ့နော်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ မူဝါဒကို ပြန်လည် သုံးသပ် သင့်ပြီလို့ ယူဆသလားခင်ဗျ။ ဒီမူဝါဒရဲ့အောင်မြင်မှု အတိုင်းအတာကရော ဘယ်လောက်ရှိတယ်လို့ ခန့်မှန်း ပါသလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခု အချိန်အထိတော့လေ၊ ဒီဝါဒရဲ့အောင်မြင်မှုအတိုင်းအတာဟာ သိပ်ပြီးတော့ ထင်ထင်ရှားရှားတော့ မရှိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါကိုလည်း ပြန်ပြီးတော့ စီစစ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီဟာ နှစ်က တနှစ်ကျော်လာလို့ နှစ်နှစ်ကျော်လာလို့တင် မကပါဘူး။ အခုအချိန်မှာဆိုလို့ရှိရင် ရွေးကောက်ပွဲ တွေလည်းလုပ်ပြီးပြီ။ အခြေအနေတွေကလည်း ပြောင်းလဲတာတွေ ကလည်း မြင်နေရပြီဆိုတော့ အဲဒီ ပြောင်းလဲမှုတွေ အပေါ်မှာ အခြေခံပြီးတော့လည်း မူဝါဒကိုတော့ ပြောင်းလဲဖို့ စဉ်းစားလာသင့်ပြီလို့ ကျမထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ စောစောက ဒီရွေးကောက်ပွဲဆိုတော့ ရွေးကောက်ပွဲအပြီးမှာဆိုလို့ရှိရင် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအတွင်းက မူဝါဒရေးရာနဲ့ပတ်သက်လို့ အရေးပါတဲ့ ပုဂ္ဂိုလ် တချို့ ရဲ့အမြင်တွေပေါ့နော်။ ဒီနေရာမှာ ဒီရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံအတွင်းမှာ New Player လို့ခေါ်တဲ့ လူသစ်တွေ၊ အရေးပါတဲ့ လူသစ်တန်းတွေ ပေါ်လာတယ်၊ ဒီလူသစ်တွေနဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ် ဆိုတဲ့ အယူအဆတရပ်လည်း ပေါ်လာပါတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုယူဆပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒီတော့ New Player လို့ခေါ်တဲ့ လူသစ်တွေက ဘယ်သူတွေကို ဆိုလိုတာလဲ ဆိုတာကို ကျမက မရှင်းဘူး။ အဲဒီတော့ အဲဒီမေးခွန်းကို ပြန်မေးရမှာပဲ။ ပြောသာပြောနေတယ်၊ ဘယ်လူ တွေကို ဆိုလိုတာလဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုလို့ရှိရင် ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ပါတီခေါင်းဆောင်တွေဟာ အခု အစိုးရ၊ လက်ရှိအစိုးရ ခေါင်းဆောင်တွေပဲ ဖြစ်နေတယ်လေ။ အဲဒီတော့ ပါဝင်တဲ့လူသစ်တွေဟာ ဘယ်သူတွေကို ဆိုလိုတာပါလိမ့်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုတဲ့သဘောက အခုဒီရွေးကောက်ပွဲမှာ ထွက်ပေါ်လာတဲ့ စစ်အုပ်စုထဲကနေ ရွေးချယ်ပေးလိုက်တဲ့သူတွေ၊ ဒါမှမဟုတ်လို့ရှိရင်လည်း တသီး ပုဂ္ဂလတွေ၊ နိုင်ငံရေး ပါတီအဖွဲ့ဝင်တွေထဲက ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့သူတွေဟာလည်း မြန်မာ့နိုင်ငံရေးမှာ ပြောရေးဆိုခွင့်ရှိသူတွေ၊ လုပ်ပိုင်ခွင့်ရှိလာမယ့်သူတွေ၊ လူသစ်တွေအဖြစ် မမြင်ဘူးဆိုတဲ့ သဘောလားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒီလိုပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလွဲလို့ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေက ရာခိုင်နှုန်းအားဖြင့် အင်မတန်မှ နည်းပါတယ်။ ဒါကြောင့်မို့လို့ လူသစ်တွေလို့ဆိုပေမဲ့ လူသစ်ဆိုတာကလည်း လုပ်နိုင် ကိုင်နိုင်တဲ့ အနေအထား မှာရှိမှလည်း ထည့်ပြီးတော့ တွက်လို့ရမယ်လေ။ အဲဒီတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကနေ လွဲပြီးတော့ အရွေးခံရတဲ့ လူတွေက အင်မတန်မှနည်းနေတဲ့ အခါကျတော့ ဒီဟာတွေကို ဒီ အင်မတန်မှ နည်းတဲ့ လူသစ်တွေကို ကြည့်ပြီးတော့ လူသစ်တွေ ကြောင့်မို့လို့ အခြေအနေက ပြောင်းသွားနိုင် ပါ့မလားလို့ ကျမက ဆိုလိုတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ အခုဆိုလို့ရှိရင် ၂၀၁၀ ပေါ့နော်။ နှစ်လည်းကုန်ခါနီးနေပါပြီ။ လာမယ့် ၂၀၁၁ ခုနှစ် မှာ ဆိုလို့ရှိရင် မြန်မာနိုင်ငံအနေနဲ့၊ ပြန်သူပြည်သားတွေအနေနဲ့ ဘာတွေကိုများ မျှော်လင့်လို့ ရနိုင်သလဲခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမကလေ၊ ဘာတွေမျှော်လင့်ရနိုင်မလဲလို့ မေးလို့ရှိရင် ကျမအမြဲပဲ ပြောတယ်။ မမျှော်လင့်ခင်မှာ အလုပ်လုပ်ရမယ်လို့။ မျှော်လင့်တယ်ဆိုတာ အလုပ်နဲ့ဆက်စပ်နေရမယ်ပေါ့နော်။ အလုပ် မလုပ်ဘဲနဲ့ မျှော်လင့်နေတယ်ဆိုတာ စိတ်ကူးယဉ် အိပ်မက်ပဲ။ အဲဒီတော့ ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသား တွေဟာ ဘာကိုမျှော်လင့်သလဲ။ မျှော်လင့်လို့ရှိရင် အဲဒီမျှော်လင့်တဲ့ကိစ္စ အကောင်အထည်ဖော်နိုင်ဖို့ ဝိုင်းပြီး တော့ လုပ်ကြပါလို့ ကျမ ဒီလိုပဲပြောချင် ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ မျှော်လင့်ချက်ဆိုတဲ့ နေရာမှာ နိုင်ငံရေးအပြောင်းအလဲကို ဆိုချင်သလား၊ ဒါမှ မဟုတ်လို့ရှိရင် စီးပွားရေးအရ တဖြည်းဖြည်းချင်း ပြေလည်လာမယ့် အပြောင်းအလဲကို မြင်ချင်ကြသလား ခင်ဗျ။ ဒီမေးခွန်းကလည်း မရှင်းဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေမှာပေါ့နော်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အပြောင်းအလဲဆိုတာကတော့ လူတွေက အပြောင်းအလဲ လိုချင်တယ်ဆိုတာ အကောင်းဘက်ကို သွားချင်ကြတာပဲ။ ဘယ်သူကမှ ဆိုးတဲ့ဘက်ကိုသွားတဲ့ အပြောင်းအလဲမျိုး လိုချင်တာ မဟုတ်ပါဘူး။ ပြီးတော့ အခုအချိန်မှာ ဆိုလို့ရှိရင် စားဝတ်နေရေး သိပ်ပြီးတော့ ခက်ခဲနေတဲ့ အချိန်မှာဆိုတော့ စီးပွားရေးဘက်ကပဲ ကြည့်တယ်လို့ ပြောရင်တောင်မှ စီးပွားရေးနဲ့ နိုင်ငံရေးက ဘယ်လိုမှ ခွဲခြားလို့ မရတာ ကြောင့်မို့လို့ စီးပွားရေးဘက်ကရော နိုင်ငံရေးဘက်ကရော ပိုပြီးတော့ ကောင်းတဲ့ဘက်ကို ပြောင်းလဲဖို့ မျှော်လင့်ကြမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်မို့လို့ စီးပွားရေးဘက်ကရော၊ နိုင်ငံရေးဘက်ကရော ပိုပြီးတော့ ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲနိုင်ဖို့ အားလုံးကနေပြီးတော့ ဝိုင်းပြီးတော့ ကြိုးစားကြပါလို့ ကျမက တိုက်တွန်းချင်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ စီးပွားရေးကြပ်တည်းမှုတွေမှာ ဆိုလို့ရှိရင် တချို့က ထောက်ပြနေတာက ဒီ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ဆိုတဲ့ ထောက်ပြမှုမျိုးတွေရှိတယ်လေ။ အဲဒီတော့ နိုင်ငံရေး ဘက်က ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ဒီကိစ္စမျိုးတွေကို ဘယ်လိုဖြေရှင်းချင်သလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါ နှစ်ပိုင်းရှိပါတယ်။ တပိုင်းကတော့ တကယ်ပဲ ဒီ စီးပွားရေးပြဿနာတွေဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် ဖြစ်တာလားဆိုတာ အဲဒီတော့ ကျမ ဒီကိစ္စကိုလည်း ထပ်တလဲလဲတော့ ပြောပြီးပါပြီ။ ဒီလို IMF လို အဖွဲ့အစည်းကြီးတွေကနေ သုံးသပ်တာကတော့ ဒီ နိုင်ငံတကာပိတ်ဆို့မှုတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေပေါ်မှာ သိပ်ပြီးတော့ ထိရောက်မှုမရှိဘူး ဆိုပြီးတော့ ပြောထားပါတယ်။ လုံးဝ ထိရောက်မှုမရှိဘူးလို့တော့ ပြောထားတာ မဟုတ်ပါဘူး။ တချို့စက်ရုံတွေ ဘာတွေကိုပေါ့လေ ထိခိုက် တယ်လို့ ဘာလို့တော့ ပြောတာတွေ ကျမ ကြားဖူးပါတယ်။ တချို့လုပ်ငန်းတွေဘာတွေမှာလည်း ထိရောက်မှု ရှိတယ်လို့ ပြောတာတွေလည်း ပြောကြပါတယ်။ သို့သော်ငြားလည်း အားလုံးခြုံငုံလိုက်မယ် ဆိုလို့ရှိရင် ဒီနိုင်ငံရဲ့ စီးပွားရေး အခြေအနေပေါ်မှာ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေက သိပ်ပြီးတော့ ထိရောက်မှုမရှိဘူးလို့ ပြောတဲ့အသံတွေက ပိုပြီးတော့ များတယ်လို့ ကျမ ထင်ပါတယ်။ အဲဒီတော့ ကျမတို့ဟာ နိုင်ငံရေးဘက်က နေပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ ဒီပိတ်ဆို့မှုတွေက ဘယ်လို ဒီတိုင်းပြည်အပေါ်မှာ အကျိုးဆက်ရှိသလဲဆိုတာကို ကျမတို့ လေ့လာရပါမယ်။

အဲဒီလိုလေ့လာပြီးတော့မှ ဒီအကျိုးဆက်တွေဟာ သိပ်ပြီးတော့ ပြည်သူလူထုကို ထိခိုက်နေတယ်ဆိုလို့ရှိရင် ကျမတို့က နေပြီးတော့ နိုင်ငံရေးဘက်ကနေ ဒီပိတ်ဆို့မှုတွေကို ရုပ်သိမ်းသင့်က ရုပ်သိမ်းသင့်တယ်လို့ ကျမတို့က ရဲရဲဝံ့ဝံ့ ပြောမှာပါ။ ဒီလို ရုပ်သိမ်းသင့်တဲ့ အခြေအနေရှိတယ်လို့ ကျမတို့မြင်လာလို့ရှိရင်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြန်မာပြည်သူ လူထုအနေနဲ့က တကယ့် လက်ရှိခံစားနေရတဲ့ စီးပွားရေး အကျပ်အတည်းကနေပြီးတော့ လွတ်မြောက်ချင်တာလား၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို လိုချင်နေတာလား ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒီနှစ်ခုက ခွဲခြားလို့မရပါဘူး။ စီးပွားရေးကောင်းဖို့ဆိုတာဟာ လုပ်ပိုင်ခွင့်တွေ ရှိဖို့လည်း လိုပါတယ်။ လုပ်ပိုင်ခွင့်တွေရှိဖို့ တင်မကသေးဘူး။ တရားမျှတတဲ့ စနစ်တခုလည်းလိုပါတယ်။ နောက်ပြီးတော့လည်း အားလုံးကနေ ညီညီမျှမျှ အခွင့်အရေးရနိုင်တဲ့ အခြေအနေတွေလည်း လိုပါတယ်။ အဲဒီတော့ ဒီဟာတွေအားလုံးဟာ နိုင်ငံရေးနဲ့ ဆက်သွယ်နေတယ်လေ။ အဲဒီတော့ စီးပွားရေးဘက်က ပိုကောင်းချင်တယ်လို့ ပြောတဲ့လူတွေတောင်မှ တကယ်နက်နက် နဲနဲစဉ်းစားလို့ရှိရင် နိုင်ငံရေးဘက်က အခြေအနေပိုပြီးတော့ မကောင်းလာဘဲနဲ့တော့ ဒါ မဖြစ်နိုင်ဘူးဆိုတာ နားလည်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒါဆိုလို့ရှိရင် အခု နှစ်သစ်မှာ မြန်မာပြည်သူပြည်သားတွေကို ဘယ်လိုများ နှုတ်ခွန်းဆက်သချင်ပါသလဲခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမကတော့လေ- မြန်မာပြည်သူပြည်သားတွေကို နှစ်သစ်မှာ ကိုယ်လိုချင်တဲ့ ကိစ္စတွေ၊ ကိုယ်ဖြစ်စေချင်တဲ့ ကိစ္စတွေအတွက် ကိုယ့်မှာ လုပ်နိုင်တဲ့စွမ်းအားရှိတယ်ဆိုတဲ့ ခွန်အားတွေကို မွေးစေချင်ပါတယ်။ အဲဒီစိတ်ဓာတ်နဲ့ အဲဒီခွန်အားတွေနဲ့ ကျမတို့နိုင်ငံမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပြောင်းအလဲ တွေ ဖြစ်နိုင်အောင်လို့ အားလုံး ဝိုင်းပြီးတော့ ကြိုးစားပေးမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်ဝစေချင်ပါတယ်။

XS
SM
MD
LG