မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိဘူးလို့ အနောက်နိုင်ငံအစိုးရတွေ အထူးသဖြင့် အမေရိကန် အစိုးရပိုင်းက ပြစ်တင်ဝေဖန်ခဲ့ကြပေမဲ့လို့ မြန်မာအိမ်နီးချင်း အာဆီယံရော တရုတ်ကပါ မြန်မာရွေးကောက်ပွဲကို ကြိုဆိုခဲ့ကြပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဌရဲ့ မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထောက်ခံတဲ့ ကြေညာချက်ဟာ အာဆီယံပဋိဉာဏ်နဲ့ မကိုက်ညီဘူးလို့ လူ့အခွင့်အရေးအဖွဲ့ တွေက ဝေဖန်ကြပေမဲ့လည်း အာဆီယံ ကိုယ်တိုင်ဟာ ဒီမိုကရက်တစ်အစုအဖွဲ့မဟုတ်တာကြောင့် အာဆီယံကြောင့် မြန်မာ့ဒီမိုကရေစီရေးမျှော်လင့်စရာဘာမှမရှိဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက် အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်နဲ့အာဆီယံဟာ အရေးပါတယ်ဆိုပြီး နိုင်ငံတကာကရော လူ့အခွင့်အရေးအဖွဲ့တွေကပါ တရုတ်နဲ့အာဆီယံကို မြန်မာနိုင်ငံ ပြောင်းလဲရေး အတွက် တွန်းအားတွေ ပေးခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်တာကြောင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အာဆီယံအတွင်းမှာ ဖျောင်းဖျပြောဖို့ ကုလသမဂ္ဂရော အနောက် နိုင်ငံတွေကပါ နောက်ပိုင်းကြိုးစားခဲ့ကြပါတယ်။
တနေ့က အင်ဒိုနီးရှားမှာရှိနေတဲ့ အမေရိကန်သမ္မတအိုဘားမားကတော့ မြန်မာနိုင်ငံအခြေအနေဟာ အာဆီယံ ရော ကမ္ဘာကပါ ဆက်ပြီး ရင်ဆိုင်သွားရမယ့်စိန်ခေါ်မှုဖြစ်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်။
“အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (ASEAN) နဲ့ ကမ္ဘာကြီး ဆက်ပြီး ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုတွေ ထဲမှာ တခုကတော့ မြန်မာနိုင်ငံ ကိစ္စပါပဲ။ မြန်မာလူထုနဲ့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ရပ်တည် ပြောဆိုပေးတဲ့အင်ဒိုနီးရှားနိုင်ငံကို ကျနော် ချီးကျူးပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မှု မရှိသလို မျှတမှုလည်း မရှိပါဘူး။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ် မြန်မာနိုင်ငံရောက်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ကိစ္စတွေအတွက် ကျနော်တို့ ဆက်ပြီး ကြိုးပမ်း လုပ်ဆောင် သွားပါမယ်။ ပထမဆုံးအဆင့် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို မြန်မာအာဏာပိုင်တွေ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးသင့်ပါတယ်”
ဒါပေမယ့် အခု အာဆီယံ အလှည့်ကျဥက္ကဌ ဗီယက်နမ်နိုင်ငံ ထုတ်ပြန်ချက်မှာတော့ မြန်မာရွေးကောက်ပွဲ ကို ကြိုဆိုထားပြီး ရှေ့ဆက်အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုတွေကို လုပ်သွား နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြပါတယ်။ တကယ်တမ်း ရွေးကောက်ပွဲရဲ့ မမျှမတဖြစ်မှုတွေ ရွေးကောက်ပွဲအတွင်း မဲမသမာမှုအကြီးအကျယ်ရှိခဲ့တာတွေကို မျက်ကွယ်ပြုသွားပါတယ်။ ထိုင်း နိုင်ငံခြား ရေးဌာနက ထုတ်တဲ့ ကြေညာချက်ကလည်း အလားတူလိုပါ။
ဒီရွေးကောက်ပွဲကနေ အပြုသဘောနိုင်ငံရေးအခြေအနေဆီကို ဦးတည်သွားမယ်လို့ မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။ ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေကတော့ အာဆီယံအစိုးရတွေရဲ့ သဘောထားနဲ့ မတူပါဘူး။ အခု ရွေးကောက်ပွဲကနေ ဒီမိုကရေစီရေးကို ဦးတည်စရာလုံးဝမရှိဘူးလို့ ဒေသတွင်း လူ့အခွင့် အရေးအဖွဲ့ တခု ဖြစ်တဲ့ Forum Asia က အမှုဆောင်ညွန်ကြားရေးမှုး Yap Swee Seng က ပြောပါ တယ်။
“ဒီရွေးကောက်ပွဲကနေ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ပြောင်းရေးကို ဦးတည်သွားမယ်လို့ မထင်ပါဘူး။ လေးစား လိုက်နာသင့်တဲ့ နိုင်ငံတကာစံနှုန်းစံထား မဲပေးခွင့်တွေ ဘာတခုမှ မရှိပါဘူး။ လူထုက သူတို့ လိုလားတဲ့ အစိုးရ တရပ်ကို သူတို့ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ ရွေးချယ်ခွင့်မရှိပါဘူး။ ဒါကြောင့် အခု ရွေးကောက်ပွဲမျိုး လုပ်တာနဲ့ ဒီမို ကရေစီ အသွင်ပြောင်းမယ်လို့ မပြောနိုင်ပါဘူး”
ထိုင်းနိုင်ငံ ချုလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပပါမောက္ခ တစ်တီနန်ကတော့ ဒီ မြန်မာ့ ရွေးကောက်ပွဲကို အာဆီယံနဲ့ တရုတ်တို့က အသိအမှတ်ပြုလက်ခံတယ်ဆိုတာ တကယ်တော့ အံအားသင့် စရာမဟုတ်ဘူးလို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သက်ဆိုင်ရာ ဒေသတွင်း အကျိုး စီးပွားတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ နိုင်ငံတကာက မျှော်လင့်သလို အာဆီယံကြောင့်တော့ မြန်မာ့ဒီမိုကရေစီရေးတိုးတက်လာဖွယ် သူမမြင်ဘူးလို့ ပါမောက္ခ တစ်တီနန်က ပြောပါတယ်။
“မြန်မာနိုင်ငံဟာ တရုတ်အတွက်တော့ မဟာဗျူဟာမြောက်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ် အတွက် အိန္ဒိယသမုဒ္ဒရာဘက်ကို ထွက်ပေါက်ရစေတယ်။ သဘာဝအရင်းအမြစ်ပေါကြွယ်ဝတယ်။ ဒါကြောင့် တရုတ်ရဲ့ရပ်တည်ချက်ကတော့ နားလည်လို့ရပါတယ်။ ဒါပေမယ့် အာဆီယကျတော့ တမျိုး ဖြစ်တယ်။ အာဆီယံ အနေနဲ့ က အရှည်သဖြင့်ရှိလာခဲ့တဲ့ အပြုသဘောဆက်ဆံရေးမူကပဲ မြန်မာနိုင်ငံ အတွက် အပြောင်းအလဲ ဖြစ်စေမယ်လို့ မြင်ထားတယ်။ နောက်တချက်ကတော့ အာဆီယံကိုယ်တိုင်က ဒီမိုကရက်တစ်အဖွဲ့အစည်း မဟုတ်ပါဘူး။ ဒိမိုကရစီ နိုင်ငံတွေထဲမှာဆိုရင် အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင် ရှိမယ်။ ထိုင်းနဲ့မလေးရှားက တစိတ်တပိုင်း ရှိမယ်။ ထိုင်းနိုင်ငံကိုယ်တိုင်ကကို ဒီမိုကရေစီကျင့်သုံးမှုမှာ ပြဿနာ ရှိတယ်။ ဒါကြောင့် အာဆီယံတခုလုံး အနေနဲ့ ကတော့ မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ရည်တည်ချက် ရှိမှာမဟုတ်ပါဘူး။ ဝေဖန်မှုတောင် ရှိမှာ မဟုတ်ဘူး”
အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ အာဆီယံ ပဋိဉာဏ်မှာ ပါရှိတဲ့ ဒီမိုကရေစီရေး တရား ဥပဒေစိုးမိုးရေး အုပ်ချုပ်မှုကောင်းပေါ်ထွန်းရေးနဲ့ လူ့အခွင့်အရေးနဲ့လွတ်လပ်မှုတွေကို လေးစားလိုက်နာ ရမယ် ဆိုတဲ့ အချက်နဲ့ မညီညွတ်ဘူးလို့ ဗီယက်နမ်နိုင်ငံကို Forum Asia အမှုဆောင်ညွန်ကြားရေးမှူး Yap Swee Seng က အပြစ်တင်ပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စစ်အစိုးရက ပြင်ဆင်ထားတဲ့ ဥပဒေတွေအရကို ချုပ်ကိုင်မှုတွေ အောက်မှာ ရွေးကောက်ပွဲက လွတ်လပ်မျှတမှုမရှိပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒီရွေးကောက်ပွဲမှာ မျှတတဲ့ အခြေအနေမှာ မရှိပါဘူး။ လွတ်လပ်မှုမရှိပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်။ ကြောက်ရွံ့မှုတွေ အစဉ်အလာဖြစ်အောင် လုပ်ထားပါတယ်။ ဒီလိုဝန်းကျင် အနေအထားမျိုး တွေ လူတွေဟာ မဲရုံတွေကို လွတ်လွတ်လပ်လပ် မဲလာပေးဖို့ မဖြစ်နိုင်ပါဘူး။”
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကြေညာချက်မှာတော့ မြန်မာအစိုးရချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ဆင့် ကို အကောင်အထည်ဖော်တဲ့နေရာမှာ အခု ရွေးကောက်ပွဲဟာ သိသာထင်ရှားတဲ့ အချက်ဖြစ်တယ် ဆိုပြီး ရွေး ကောက်ပွဲကို ကြိုဆိုခဲ့တာပါ။ အာဆီယံအနေနဲ့ နဂိုရ်ကတည်းက စစ်အစိုးရရဲ့ လမ်းပြမြေပုံကို ထောက်ခံထား ပါတယ်။ နောက်လာမယ့် ၂၀၁၁ ခုနှစ်ကျရင်တော့ အာဆီယံမှာ အလှည့်ကျဥက္ကဋ္ဌက အင်ဒိုနီးရှားနိုင်ငံဖြစ်မှာ ပါ။ ဒါပေမယ့်လည်း အင်ဒိုနီးရှားအနေနဲ့ အာဆီယံထဲမှာ မြန်မာ့အရေးအတွက် ကြားဝင်ညှိပေးနိုင်ရုံကလွဲပြီး သူတာဝန်ယူစဉ်မှာလည်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးကို ထိထိ ရောက်ရောက် လုပ်ပေးနိုင်ဖွယ် မမြင်ဘူး လို့ မြန်မာ့အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။