ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်ချက်မထုတ်ခင် အရင် ဒီဥပဒေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေဟာ မကြာခဏ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။အခုပြင်ဆင်ချက်ထဲမှာတော့ ထောင်ဒဏ်တွေ ကို လျှော့ချလိုက်သလို အစားထိုးချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဒီဥပဒေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လ ၂၄ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
ယခင်ဥပဒေပါ “ခွင့်ပြုမိန့်” ဆိုတဲ့ စကားရပ်နေရာမှာ “ခွင့်ပြုချက်”၊ “ကိုယ်ရေးအချက်အလက်” ဆိုတဲ့ စကားရပ်ကို “အမည်နဲ့ ဆက်သွယ်ရန် နေရပ်လိပ်စာ အပြည့်အစုံ”၊ နောက် “ငြင်းပယ်ခြင်း”၊ “သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း” ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ဖို့နဲ့ သတ်မှတ်ချက်နဲ့အညီ လျှောက်ထားချက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အတည်ပြုချက်နဲ့ ခွင့်ပြုချက်ထုတ်ပေးရမယ် စသဖြင့် အစားထိုးချက်တွေနဲ့ ပြင်ဆင်ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။
ပြစ်မှုထောင်ဒဏ်တွေကို ၂ နှစ်ထက် မပိုသောထောင်ဒဏ်ကနေ ၁ နှစ်ထက်မပိုသော ထောင်ဒဏ်တွေအဖြစ်လည်း လျှော့ချပေးထားပါတယ်။
အခုလို သမ္မတဦးသိန်းစိန်က အတည်ပြုပြဌာန်းလိုက်တဲ့ ပြင်ဆင်ချက် ဥပဒေထဲမှာ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေ ဦးအောင်သိန်းက ငြင်းပယ်ခွင့်မရှိတဲ့ အမိန့်သဘော မဟုတ်တော့ပေမဲ့လို့ ဥပဒေကြောင်းအရ အစားထိုးချက်တွေအပေါ် သူ့အမြင်တွေကို အခုလို သုံးသပ်ပါတယ်။
“ခွင့်ပြုချက် ဆိုတာကတော့ သာမာန်အားဖြင့် ပြောရရင် အမိန့်လို သဘောမျိုး မဟုတ်တော့ဘူးပေါ့နော်။ ခွင့်ပြုချက်ကို တောင်းခံတယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားပြီ။ ငြင်းပယ်တယ်ဆိုတဲ့ ဥစ္စာကို ပယ်ဖျက်တယ်ဆိုတဲ့ သဘောကတော့ ငြင်းပယ်ခွင့် မရှိဘူးဆိုတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ၂ နှစ်ထက် မပိုတဲ့ထောင်ဒဏ်လို့ သတ်မှတ်တော့ ထောင်ဒဏ် ၁ နှစ်အထိပေါ့ဗျာ၊ ၁ လ ချလည်းရတယ်၊ ၂ လ ချလည်းရတယ်၊ ၆ လ ချလည်းရတယ်။ အဲဒီဟာတွေက ၁ နှစ်ထက် မပိုဖို့ဆိုတဲ့ သဘောပြောတာပေါ့။ ထောင်ဒဏ်ကတော့ ပါနေတာပဲပေါ့နော်။ ငွေဒဏ်ပဲ ဖြုတ်ပစ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။"
မေး - ဒီထောင်ဒဏ်တွေကို လျှော့မယ်ဆိုတော့ လက်ရှိမူလ သူတို့တရားစွဲ ခံထားရပြီး ထောင်ချခံထားရတဲ့လူတွေ အတွက်ကိုရော ဒီဥပဒေက အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား အန်ကယ်။ ဥပမာ ကျထားပြီးသားလူတွေ ပြန်ပြီးလျှော့နိုင်တဲ့ အနေအထား ရှိပါသလားရှင့်။
ဖြေ - ဒီဥစ္စာက နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုတွေ ရှိတယ် ဆိုရင်တော့လည်း တမျိုးပေါ့။ ဒါပေမဲ့ နောက်ကြောင်းပြန် အကျိုးသက်ရောက်ခွင့် မရှိဘူးဆိုပြီး သတ်မှတ်ထားတာ မပါတဲ့ အတွက်တော့ အရင်ဥပဒေအရ ပြဌာန်းထားတဲ့ ပုဒ်မနဲ့ အကျုံးဝင်လို့ရှိရင် အဲဒီကာလက အကျုံးဝင်တာပေါ့။ အခုဟာက ဒီ ၂၄ ရက် ဇွန် ၂၀၁၄ မှာ လက်မှတ်ရေးထိုး ထုတ်တဲ့အတွက် အဲဒီဟာ အကျုံးဝင်တယ်ပေါ့။”
ဒါပေမဲ့ ပြင်ဆင်ချက်ဥပဒေထဲ ပါဝင်တဲ့ လိုက်နာခြင်းမရှိရင် ခွင့်ပြုချက်ရုပ်သိမ်းခံရပြီး လူစုခွဲရမယ် ဆိုတဲ့ အစားထိုးထားတဲ့အချက်အပေါ် ဦးအောင်သိန်းက ထောက်ပြပြောဆိုပါတယ်။
“Force သုံးတယ်ဆိုတဲ့ သဘောမျိုး၊ အစားထိုးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ စည်းကမ်းချက်တရပ်ကို လိုက်နာခြင်းမရှိတဲ့အတွက် လူစုခွဲမယ်ဆိုတဲ့ သဘောအရ ကျနော်တို့က ကျနော်တို့ဖာသာ ခွဲမလား၊ ကျနော်တို့ဖာသာ စုဝေးတာကို မခွဲဘူးဆိုရင်၊ သူတို့က လူစုခွဲခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်ပါတယ်။”
ဦးဝင်းချို (တစ်သီးပုဂ္ဂလ) ဟာ ယခင်ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ ၃၅ ခါ တရားစွဲဆိုခံထားရသူ ဖြစ်ပါတယ်။ လယ်သမားတွေနဲ့အတူ မြို့တော်ခမ်းမရှေ့ဆန္ဒပြမှု၊ ဖယောင်းတိုင်ထွန်းမှုနဲ့ အင်းစိန်ထောင်မှာ ထောင်ချခံထားရပြီး ဇွန်၂၄ရက်နေ့ကမှ ပြန်လွတ်မြောက်လာတဲ့ ဦးဝင်းချိုက အခုပြင်ဆင်ချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဥပဒေအပေါ် သူ့အမြင်ကို အခုလိုဆိုပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) ကို အကြောင်းပြုပြီးတော့ ငြိမ်း၊ စု၊ စီ ဥပဒေကို ပြည်ထဲရေးဝန်ကြီးက ရေးဆွဲပြဌာန်းတယ်။ ပထမ ငြိမ်း၊ စု၊ စီ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မတွေနဲ့လည်း တကယ်တမ်းပြောရင် မကိုက်ညီပါဘူး။ အဲဒီဥပဒေပြုရေး အာဏာပိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံပြုပြင်ပြီး ပြဌာန်းလိုက်ပေမဲ့၊ အမှန်တကယ် လက်တွေ့အသုံးချလို့ ရနိုင်မရနိုင်၊ ကောင်းကျိုးဆိုးပြစ် ဘယ်လောက်ရှိတယ် ဆိုတာကတော့ ကျနော်တို့ကိုယ်တိုင် အသုံးပြုတဲ့ အခါကျရင် ထပ်ပြီးပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေကို လျှော့ချပေးတာ မဟုတ်ဘဲ၊ တိုးမြှင့်လိုက်တယ် ဆိုရင်တောင်မှ ကျနော်တို့ဟာ လိုအပ်ချက်အရ သာမာန်ပြည်သူတွေဟာ ငြိမ်း၊ စု၊ စီ ဥပဒေကို လိုအပ်ရင် ချိုးဖောက်ပြီး ဆန္ဒပြရဦးမှာ ဖြစ်ပါတယ်လို့ပဲ ကျနော့်ယူဆချက် ပြောပါရစေခင်ဗျာ။”
ပုဒ်မ ၁၈ အပါအဝင် ဆန္ဒပြသူတွေကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) လို ပုဒ်မတွေ အမြန် ပယ်ဖျက်ပေးရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ (၁၈) ကို ပြန်လည် ပြင်ဆင်ဖို့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး အတွင်းမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။