သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ADB မြန်မာ့စီးပွားရေး စစ်တမ်း


မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုတွေနဲ့အတူ သတိထားရမယ့် ကိစ္စတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မယ့် အလားအလာတွေ ကြီးကြီးမားမား တွေ့မြင်နေရပေမဲ့ တချိန်တည်းမှာပဲ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေတွေ ရှိနေတုန်းပဲလို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပြောပါတယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နှစ်ဝက် အစီရင်ခံစာ အဖြစ် ထုတ်ပြန်ရာမှာ ADB က ပြောလိုက်တာပါ။ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာတွေနဲ့ စိမ်ခေါ်မှုတွေအပေါ် ဆန်းစစ် ထားတာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့နှစ်တွေကစလို့ သိသိသာသာ တိုးတက်လာနေသလို၊ ရှေ့လျှောက်လည်း တိုးတက်ဦးမယ့် အလားအလာတွေ ရှိနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီရင်ခံစာက ဖော်ပြထားပေမဲ့၊ မူဝါဒသစ်တွေနဲ့အတူ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုတွေမှာ လွတ်လပ်ခွင့် ပေးလာရာက စီးပွားရေးမှာ တည်ငြိမ်အောင် ထိန်းကြောင်းရမယ့် စိမ်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၅ ရာခိုင်နှုန်း အောက်မှာသာ ရှိနေရာကနေ ရေအားလျှပ်စစ်၊ သဘာ၀ ဓာတ်ငွေ့နဲ့ ရေနံထုတ်လုပ်ရေးလို စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ အစိုးရသစ်အဖြစ် တက်လာတဲ့ ၂၀၁၁ ဘဏ္ဍာရေးနှစ်ကစလို့ ခန့်မှန်းချေ ၅.၅ ရာခိုင်နှုန်း အထိ တိုးတက်လာတယ်လို့ ဖော်ပြထားတာပါ။ ဒီနှစ်ဘဏ္ဍာရေးနှစ်မှာလည်း ၆ ရာခိုင်နှုန်းအထိ တိုးလာနိုင်သလို၊ ရှေ့လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး ကာလမှာ ဆိုရင်တော့ ၆.၃ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ADB က ခန့်မှန်းပါတယ်။

အထူးသဖြင့် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာရာက ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေလည်း ဝင်ရောက်လာနိုင်တာမို့ တိုးတက်မယ့် အလားအလာတွေ ရှိနေတာလို့ ADB ရဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခရိဂ် စတဖ်ဖန်ဆန် (Craig Steffensen) က ပြောပါတယ်။
“အတိမ်းအစောင်း ဘာမှမရှိဘူးဆိုရင်တော့ ဖွံ့ဖြိုးမှုနှုန်းဟာ ကျနော်တို့ ကြိုတင် ခန့်မှန်းထားတာတွေထက် ပိုပါလိမ့်မယ်။ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ မြန်မာ့စီးပွားရေး အတွက် ခန့်မှန်းချက်တွေထက် ကျော်မယ်ဆိုရင်လည်း ကျနော်တော့ မအံ့သြပါဘူး။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေဟာဆိုရင် ခန့်မှန်းချေ ဒေါ်လာသန်းပေါင်း ၂,၈၀၀ အထိ ရှိခဲ့သလို၊ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုဟာ ၁၅ ရာခိုင်နှုန်း နီးပါးအထိ တိုးလာပြီး ဒေါ်လာသန်းပေါင်း ၃ ထောင်လောက် တန်ဘိုး ရှိတဲ့ အကြောင်းလည်း ADB ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပြည်ပက စီးပွားရေးသမားတွေ လုပ်ငန်းတွေ စတင်ဝင်ရောက် လုပ်ကိုင်ချိန်မှာ အခွန်ကင်းလွတ်ခွင့်ပေးဖို့၊ ပုဂ္ဂလိကပိုင်မြေနဲ့ အဆောက်အဦးတွေ ငှားရမ်းခွင့်ပေးဖို့တွေလို အပြောင်းအလဲတွေ ပါဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ် တရပ်ကလည်း နောက်ထပ် ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အလားအလာတွေ အဖြစ်နဲ့ ကျွမ်းကျင်သူတွေက တွက်ဆနေကြတာပါ။

ဒါပေမဲ့လည်း မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံက လုပ်ငန်းတွေ အနေနဲ့တော့ လတ်တလော ဝင်ရောက်လုပ်ကိုင်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေဆဲ ဖြစ်သလို၊ ဒေသတွင်းနဲ့ နိုင်ငံတကာက ဖွံ့ဖြိုးရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေလည်း မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို မပေးနိုင်ကြသေးပါဘူး။ မြန်မာနိုင်ငံက လက်တွေ့ အခြေအနေတွေကို အကဲဖြတ်ဖို့၊ အစိုးရကို အကြံပေးဖို့နဲ့ အနာဂတ် စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကစလို့ ADB နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ မြန်မာနိုင်ငံကို သွားရောက်တာတွေ ရှိခဲ့ပေမဲ့လည်း ထိထိရောက်ရောက်တော့ ကူညီနိုင်တဲ့ အခြေအနေမှာ မရှိပဲ ဖြစ်နေရတာပါ။

ADB အရာရှိ စတဖ်ဖန်ဆန် ကတော့ နည်းပညာနဲ့ ငွေချေးငှားမှုလို အကူအညီတွေ အပြည့်အ၀ ရနိုင်ဖို့ အတွက်ကတော့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့နဲ့ မြန်မာနိုင်ငံက ပေးစရာကျန်နေတဲ့ ဒေါ်လာသန်း ၅၀၀ လောက်ကို ဆပ်ပြီးမှသာ ဖြစ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
“အရေးယူ ဒဏ်ခတ်မှုတွေ ရှိနေဆဲမို့ ကျနော်တို့အတွက် မြန်မာနိုင်ငံမှာ ဘာမှ များများစားစား လုပ်လို့ မရနိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုကစလို့ရှေ့မှာ အခြေအနေတွေ ကောင်းလာမယ်၊ ဒဏ်ခတ်မှုတွေလည်း မကြာခင် လတွေအတွင်း လျော့ပါးလာမယ်လို့ ယူဆပြီး ပြောရမယ် ဆိုရင်တော့၊ ADB အနေနဲ့ နိုင်ငံထဲဝင်ပြီး ကဏ္ဍတခုကနေ ပါဝင်နိုင်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ချက်ထားပါတယ်၊ အကောင်းလည်း မြင်ပါတယ်။”

နိုင်ငံရေးနဲ့ စီးပွားရေးမှာ လွတ်လပ်ခွင့်တွေ ပေးလာတာနဲ့အမျှ နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို ဝင်လာတဲ့ နှုန်းဟာလည်း ၂၆ ရာခိုင်နှုန်း လောက်အထိ တက်လာခဲ့တာမို့ မြန်မာနိုင်ငံအတွက် ရွှေတွင်းတတွင်း ဖြစ်လာနိုင်တယ်လို့တောင် ADB က ပြောဆိုလိုက်တာပါ။ ဧပြီလဆန်းပိုင်းမှာပဲ နိုင်ငံခြားငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာဟာလည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ထင်ထင်ရှားရှား တွေ့လာရတဲ့ လုပ်ရပ်တခုအဖြစ်နဲ့ သာမက နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ အတွက် ပိုမို အဆင်ပြေလာစေမယ့် အခရာကျတဲ့ လုပ်ငန်းစဉ်တခုအဖြစ်နဲ့လည်း အစီရင်ခံစာထဲမှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ နိုင်ငံခြားငွေလဲနှုန်းကို ပေါင်းစည်းရာက အစိုးရပိုင် လုပ်ငန်းတွေက ဖရိုဖရဲ အခြေအနေတွေ၊ အရှုံးပေါ်နေတာတွေ သိသိသာသာ တွေ့လာရနိုင်တယ်လို့ သတိပေး ထားတာပါ၊ ဒီအတွက်လည်း မြန်မာ့စီးပွားရေးမှာ ကြီးကြီးမားမား နေရာယူထားတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကို ပိတ်ပစ်လိုက်ဖို့၊ ပြည်သူပိုင်လက် လွှဲပြောင်းဖို့တွေလို လုပ်ဖို့တွေလည်း လိုလာနိုင်တယ်လို့ အကြံပြု ထားတာပါ။ ဒီလိုပဲ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မှန်းထားသလောက် ဝင်မလာရင်လည်း မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းလာမယ့် အန္တာရာယ် ရှိနေသလို၊ အလွန်အကျွံ ဝင်လာမယ် ဆိုရင်လည်း ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေ တွက်ချေမကိုက် ဖြစ်နိုင်ပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ လူတဦးချင်းဝင်ငွေ အနိမ့်ကျဆုံးနဲ့ လူဦးရေ သန်း ၆၀ ရဲ့ ၂၆ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ ရှိနေတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ မူဝါဒရေးရာ ချမှတ်သူတွေ အတွက် စိမ်ခေါ်မှုတွေ ရှိနေတာကိုလည်း ADB က သတိပေးထားတာပါ။

ဒါပေမဲ့လည်း ဒီလိုအခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီနဲ့ မူဝါဒရေးရာ ချမှတ်သူတွေက အမျှော်အမြင်ရှိရှိ စီမံခန့်ခွဲနိုင်မယ်ဆိုရင်တော့ အောင်မြင်စရာတွေ ရှိပါတယ်လို့ ADB ရဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတဖ်ဖန်ဆန် ကပြောပါတယ်။
“တိုးတက်လာတော့မယ့် အခြေအနေတွေက ကမ္ဘာကြီးရဲ့ လေးဖက်လေးတန်က လူတွေ မြန်မာနိုင်ငံကိုလာပြီး ဘယ်လို ကဏ္ဍကနေ ပါဝင်နိုင်ကြမလဲ ဆိုတာကို လာကြည့်အောင် ဆွဲွဆောင်နေပါတယ်။ တိုးတက်မှုတွေဟာ ပုဂ္ဂလိက ကဏ္ဍမှာ အခြေခံမယ့် အပေါ်မှာ ကျနော်သိပ်တော့ စိတ်မပူပါဘူး။ ADB လို အဖွဲ့အစည်းတွေက ဒီလိုတိုးတက်မှုတွေမှာ ဆင်းရဲသားတွေအတွက် လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့၊ မကျေနပ်စရာ အခြေအနေမျိုးတွေ ဖန်တီးနိုင်တဲ့ နည်းလမ်းမျိုးတွေ မဖြစ်ရလေအောင် သက်ဆိုင်ရာ အပိုင်းကနေ စီစဉ်ကြမှာပါ။”

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်လောက် လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေး လုပ်ငန်းဟာ ဖွံ့ဖြိုးမှု အားကောင်းလာနိုင်တဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတခု အဖြစ်နဲ့လည်း ADB က ထောက်ပြထားတာပါ။ ဒီအတွက်လည်း လယ်သမားတွေအတွက် ငွေချေးငှားတဲ့ အစီအစဉ်တွေ တိုးချဲ့တာ၊ ကျေးလက်ဒေသက အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ အစိုးရက ပိုမိုရင်းနှီးမြုပ်နှံတာ၊ အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေ၊ ဓာတ်မြေသြဇာတွေ ရရှိရေး ပံ့ပိုးပေးတာမျိုးတွေ လုပ်ဖို့လည်း လိုမယ်လို့ ပြောပါတယ်။

ဒီလိုပဲ ဘဏ်တွေကနေ ငွေတွေကို ပိုမိုချေးငှားနိုင်အောင် စီစဉ်ဖို့၊ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ထိထိရောက်ရောက် ကြီးကြပ်နိုင်အောင် ဗဟိုဘဏ်ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြင်ဆင်ဖို့တွေလည်း လိုမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နှစ်ဝက် အစီရင်ခံစာထဲမှာ တိုက်တွန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG