သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေး အဓိကထား ဆွေးနွေးသုံးသပ်ဖို့ရှိတဲ့အကြောင်း လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

"နိုင်ငံခေါင်းဆောင်တွေ ညွှန်ကြားထားတဲ့အတိုင်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုတွေနဲ့ ပတ်သက်လို့ အသေအချာ ပြန်လည် သုံးသပ်ပြီး ခေါင်းဆောင်တွေ ဆက်လက် ဆွေးနွေးနိုင်အောင် အကြံပြုချက်တွေ ပြင်ဆင်သွားမယ့် အကြောင်း” အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ ပြောသွားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းပြီး ရေရှည် ခိုင်မြဲမဲ့ အဖြေတရပ် ရှာဖွေနိုင်မှသာ အာဆီယံဟာ စွမ်းအားအပြည့်နဲ့ ရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီး Marsudi က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော် ကာလအတွင်း တိုင်းပြည်နေရာအနှံ့ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး အပါအဝင် အချက် ၅ ချက်ပါတဲ့ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်မှု အားနည်းနေတဲ့ အပေါ် ပြစ်တင်ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြတာပါ။ မနက်ဖြန် အင်္ဂါနေ့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါမှာလည်း မြန်မာ့အရေး ဆက်လက် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

လက်ရှိ ကျင်းပနေတဲ့ အာဆီယံနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာရော၊ ဒီရက်ပိုင်း ဆက်လက် ကျင်းပမဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲနဲ့ အမေရိကန်၊ တရုတ်၊ ဂျပန် တောင်ကိုရီးယားနဲ့ သြစတြေးလျ အပါအဝင် အာဆီယံမိတ်ဖက် နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီး ဆွေးနွေးပွဲတွေမှာတော့ မြန်မာစစ်ကောင်စီ အကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

ဒီကနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်ပြင်အရေး၊ ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ် အတော်များများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG