သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကျင်းပမယ့် ပုဂံအခြေအနေ


ASEAN နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေပုံ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)။
ASEAN နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေပုံ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက စတင် တာဝန်ယူလိုက်ပြီးတဲ့နောက် ပထမဆုံးလို့ ဆိုရမယ့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပုဂံမြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကျရင် ကျင်းပမှာ ဖြစ်ပါတယ်။

ဒီ့မတိုင်ခင်မှာလည်း ဝန်ကြီးအဆင့် အစည်းအဝေးအတွက် အကြီးတန်း တာဝန်ရှိသူတွေရဲ့ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေးနဲ့ အမြဲတမ်း ကိုယ်စားလှယ်များကော်မတီရဲ့ အစည်းအဝေးတွေကိုလည်း ကျင်းပမှာပါ။

အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကျင်းပမယ့် ပုဂံမြို့မှာ လုံခြုံရေး၊ ဟိုတယ်နေရာထိုင်ခင်းနဲ့ သတင်းသမားတွေအတွက် စီစဉ်ပေးထားတဲ့ အခြေအနေတွေကို သိရအောင် ပုဂံမြို့မှာရောက်နေတဲ့ ဝိုင်းတော်သား ကိုသားညွန့်ဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။ လုံခြုံရေးအခြေအနေကို ကိုသားညွန့်ဦးက အခုလို စပြောပြပါတယ်။

ဖြေ။ ။ “အာဆီယံ အစည်းအဝေးကြီးတွေ ကျင်းပမယ့် နေရာရော၊ ဒီမြို့ထဲတွေရော အကုန်ကြည့်ပါတယ်။ ကြည့်တော့ လုံခြုံရေးကိုတော့ တော်တော်လေး ယူထားတာ တွေ့ရပါတယ်။ တွေ့ရတယ် ဆိုတာက ဒေသခံတွေ အပြောအရကိုက မနေ့က ၁၃ ရက်နေ့ကစပြီး ပုဂံကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ ကားသစ်တွေနဲ့ ၃၀-၄၀ လောက် တန်းစီပြီး ရောက်လာတယ်။ နောက်ပြီး လုံခြုံရေးကားတွေ ရောက်လာတယ်။ ရဲတပ်ဖွဲ့တွေလည်း တိုးပြီး ရောက်လာတယ်လို့ ပြောပါတယ်။ မြို့ထဲရော၊ အာဆီယံ အစည်းအဝေး လုပ်တဲ့နေရာမှာရော ပြည်သူ့ရဲတွေ ချထားတာ တွေ့ရတယ်။ ဒေသခံတွေ အပြောအရကလည်း အရင်ကထက်စာရင် ထူးထူးခြားခြားကို လုံခြုံရေးတွေ တင်းကျပ်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူထုကို အနှောင့်အယှက် ပေးတာမျိုး ဘာမှမရှိပါဘူး။ သူတို့ဟာသူတို့ ကင်းလှည့်တာတွေ့တယ်၊ နောက် တချို့နေရာတွေမှာ Checkpoint လုပ်ပြီး စောင့်နေတာတွေ တွေ့ပါတယ်။”

မေး။ ။ ဟုတ်ကဲ့၊ ပုဂံဆိုတာက တကယ့်တကယ် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံ လာတယ်ဆိုရင် အများဆုံး လာပြီးလည်ပတ်ကြတဲ့ နေရာဖြစ်သလို၊ အခုအချိန်ကလည်း ပွင့်လင်းရာသီဆိုတော့ ခရီးသွား ဧည့်သည်တွေလည်း တော်တော်များများ ရှိနေမှာပါပဲ။ ဆိုတော့ ဟိုတယ်တွေမှာ လုံခြုံရေးကိုရော ဘယ်လောက်အထိများ တင်းကျပ်ထားပါသလဲ။ ခန္ဓာကိုယ် ရှာဖွေစစ်ဆေးတဲ့ ကိရိယာတွေ၊ သတ္ထုတွေ ပါ-မပါ စစ်ဆေးတဲ့ ကိရိယာတွေ စသည်အားဖြင့် တင်းတင်းကျပ်ကျပ် ရှာဖွေ စစ်ဆေးတာမျိုးရော ရှိပါသလားခင်ဗျ။

ဖြေ။ ။ “ခုနပြောသလိုပေါ့ Metal Detector ပေါ့နော်၊ သတ္ထုတွေ ရှာဖွေစစ်ဆေးတဲ့ ပစ္စည်းတွေ ကျနော်တို့တည်းတဲ့ ဟိုတယ်မှာလည်း တွေ့ပါတယ်။ တခြားဟိုတယ် တချို့မှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလိုတွေ့တဲ့ ပစ္စည်းတွေ အကုန်လုံးကလည်း ဒီတိုင်းပဲ ထောင်ထားတာပဲ။ ဘာမှ တင်းတင်းကျပ်ကျပ် စစ်တာတော့ မရှိဘူး။ ခုနပြောသလိုပေါ့ စစ်ဆေးတဲ့ ကိရိယာတွေကတော့ အပြည့်အစုံ ဟိုတယ်တွေရှေ့မှာ ထားတာတွေ့ရပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ ခုနကျနော်တို့ ပြောခဲ့သလိုပဲ ခရီးသွား ဧည့်သည်တွေကလည်း လာနေကြတဲ့ အချိန်ဆိုတော့ ဟိုတယ်နေရာတွေကရောခင်ဗျ။ အစည်းအဝေးတွေအတွက် လာတည်းမယ့် ဟိုတယ်နေရာ၊ သာမန်ခရီးသွား ဧည့်သည်တွေအတွက် ဟိုတယ်နေရာ၊ တခါ သတင်းသမားတွေအတွက် ဟိုတယ်နေရာ၊ ဟိုတယ်နေရာတွေရော အဆင်ပြေကြရဲ့လားခင်ဗျ၊ တည်းဖို့ခိုဖို့အတွက်။

ဖြေ။ ။ “ဟိုတယ်နေရာတွေက တော်တော်လေး ခက်ခဲတယ်။ ကျနော်အခုနက ခရီးသွားတချို့ကို မေးကြည့်တော့ သူတို့ Booking လုပ်ထားတာတွေ မရတာတို့၊ ဘာတို့ရှိတယ်။ ရှိတော့ တခြားနေရာကို ပြောင်းဖို့ရွှေ့ဖို့၊ သွားဖို့တွေလည်း စဉ်းစားနေကြတာတွေရှိတယ်။ ကျနော်တို့ သတင်းသမားတွေတောင်မှ ဟိုတယ်နေရာရဖို့ အခက်အခဲရှိတယ်။ ရှိတယ်ဆိုတာ ကျနော်တို့ အခုတည်းလို့ရတဲ့ နေရာဆိုလို့ရှိရင် တကယ့် အာဆီယံ အစည်းအဝေး ကျင်းပတဲ့နေရာနဲ့ တော်တော့်ကို ဝေးတယ်။ အဲဒီတော့ သတင်းထောက်တွေ ကိုယ်တိုင်က တော်တော်လေးဝေးတဲ့ ဟိုတယ်တွေမှာ တည်းနေရတယ်။ ဆိုလိုတာကတော့ ဟိုတယ်တွေရဲ့ အနေအထားက ခရီးသွားတွေရော သတင်းထောက်တွေ အတွက်ရော အတော်လေး ကျပ်တဲ့ အနေအထားတော့ ရှိနေတယ်။”

မေး။ ။ ဟုတ်ကဲ့။ ဟိုတယ်နေရာ အခက်အခဲ ရှိတာနဲ့အမျှပေါ့လေ တခြားနိုင်ငံတွေကနေပြီးတော့ အာဆီယံ အစည်းအဝေးတွေ လက်ခံကျင်းပခဲ့တဲ့ အချိန်တုန်းက ပြည်တွင်းပြည်ပ သတင်းယူကြတဲ့ သတင်းသမားတွေအတွက် အဆင်ပြေအောင် အစစအရာရာ စီစဉ်တာတွေ တွေ့ခဲ့ရဖူးပါတယ်။ မီဒီယာစင်တာနဲ့ အင်တာနက် ဆက်သွယ်ရေး ကောင်းမွန်ချောမွေ့မှုနဲ့ စသည်အားဖြင့်ပေါ့လေ။ အခုပုဂံ အစည်းအဝေးတွေမှာရော ကိုသားညွန့်ဦးတို့ သတင်းသမားတွေအတွက် သတင်းရယူဖို့ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ စီစဉ်ထားတာ တွေ့ရပါရဲ့လားခင်ဗျ။

ဖြေ။ ။ “သတင်းရယူဖို့ အတွက်ကတော့ အစည်းအဝေးလုပ်မယ့် နေရာတွေ သွားလို့လာလို့ ရအောင်တော့ သူတို့လုပ်ပေးထားတယ်။ ဒါပေမဲ့ သတင်းပို့ဖို့ ကျနော်တို့ အတွက်ကတော့ အထူးသဖြင့် ကျနော်တို့ အသံလွှင့်မီဒီယာတို့ဘာတို့၊ တီဗွီရုပ်သံ မီဒီယာတို့ အတွက်ကတော့ တော်တော်လေး အခက်အခဲရှိတယ်။ ရှိတယ်ဆိုတာက အခု Media Launch ဆိုပြီးတော့ သူတို့ အာဆီယံ အစည်းအဝေး ကျင်းပတဲ့နေရာမှာ ထားပေမဲ့ အဲဒီမှာလည်း ခုံတွေပဲ ချထားပြီးတော့ ဘာမှ facility ပေါ့နော်၊ ဘာမှလုပ်ပေးတာ မတွေ့သေးဘူး။ ဒါပေမဲ့လည်း ၁၄ ရက်ပဲ ရှိသေးတယ်၊ မနက်ဖြန် ၁၅ ရက်နေ့မှာ စမှာပေါ့၊ အဲဒါတော့ စောင့်ကြည့်ရဦးမယ်။ နောက်တချက်က အခုတည်းတဲ့ ဟိုတယ်တွေမှာလည်း အများစုက ကျနော်တို့ Wi-Fi ပေါ့နော် အင်တာနက် သုံးလို့ မရဘူးဖြစ်နေတယ်။ အရမ်းကျတယ်၊ ပြုတ်ကျတယ်။ အခုဆိုရင် ကျနော်တို့ လုံး၀ အင်တာနက်ကို သုံးလို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒီတော့ သတင်းပို့ဖို့ အတွက်ကတော့ အတော်ကြီးကို အခက်အခဲဖြစ်တယ်။ သတင်းထောက်တွေ အတွက်ကတော့ လတ်တလော အခြေအနေအထိပေါ့။”

မေး။ ။ အခုဟာက မနက်ဖြန်လားခင်ဗျ အာနန္ဒာဘုရားပွဲတော်ကလည်း ကျင်းပဖို့ ရှိတယ်ဆိုတော့ ဒီဘုရားပွဲတော်ကလည်း အဲဒီဒေသမှာ အတော်ကြီးကို ကြီးကြီးကျယ်ကျယ် စည်စည်ကားကား ရွာနီးချုပ်စပ်ကလူတွေ ကျေးရွာသူ ကျေးရွာသားတွေ လာကြတဲ့ ဘုရားပွဲကြီးဆိုတော့ ဒီဘုရားပွဲကြီး ကျင်းပမယ့် အပေါ်မှာရော ကျင်းပဖို့ရှိနေတဲ့ အာဆီယံ အစည်းအဝေးတွေက သွားပြီးတော့ သက်ရောက်တာမျိုး ရှိပါလား။ ဘုရားပွဲကြီး ကျင်းပမယ့် အခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ “ဟုတ်ပါတယ်။ အာနန္ဒာဘုရားပွဲ ကျင်းပမယ့်နေရာကို ကျနော်တို့ ရောက်ပါတယ်။ မနက်ဖြန်ဆိုရင်တော့ တကယ့် ဘုရားပွဲနေ့ကြီးပေါ့နော်။ အခုကတော့ တော်တော်များများ စည်စည်ကားကားပါပဲ။ လှည်းတွေနဲ့ တခြားရွာနီးချုပ်စပ်က အကုန်လုံး လာပြီးတော့ သူတို့အစဉ်အလာအတိုင်း လှည်းတွေနဲ့ လာကြတယ်၊ တချို့က ဆိုင်ကယ်လ်တွေနဲ့ လာကြတယ်။ တော်တော်လေး စည်စည်ကားကား ရှိပါတယ်။ ကျနော် ဒေသခံတွေကို မေးကြည့်တော့လည်း အရင်နှစ်တွေလိုပဲ ထူးထူးခြားခြား စည်စည်ကားကား ရှိပါတယ်။ အဲဒီတော့ လုံခြုံရေးအရ မြို့ထဲပိုင်းတွေမှာ ချထားတာတွေ ရှိပေမဲ့ ဘုရားပွဲကိုတော့ သွားပြီးတော့ ရိုက်ခတ်တဲ့ သဘောမျိုးတော့ မတွေ့ရပါဘူး။”
XS
SM
MD
LG