သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးအစည်းဝေးနဲ့ မြန်မာ


စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို အပြည့်အ၀ အရေးယူပေးရေး တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ကြဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အဖွဲ့ဝင် နိုင်ငံတခုချင်းစီရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ ကာလရှည်ကြာ တည်ရှိလာခဲ့တဲ့ အာဆီယံရဲ့ အခြေခံ မူဝဒါကို ကျော်လွန်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြင်းထန်စွာ ရပ်တည်သွားမယ်ဆိုတာကို အာဆီယံက ပြသမယ့် အနေအထား ဖြစ်ပါတယ်။

အာဆီယံ ထိပ်သီးစည်းဝေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ပြောကြားဖို့ရှိတဲ့ အိမ်ရှင် အလှည့်ကျဥက္ကဌ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ မိန့်ခွန်း မူကြမ်းကို ရိုက်တာ သတင်းဌာနက ကြိုတင် ရရှိခဲ့တာမှာ - ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေဟာ စိုးရိမ်စရာ ကောင်းတယ်ဆိုတာကို ထည့်သွင်း ပြောကြားဖို့ ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီ မိန့်ခွန်းမူကြမ်းပါ အချက်အလက်တွေဟာ တကယ့်တကယ် မိန့်ခွန်းပြောကြားတဲ့အချိန် ပြောင်းလဲမှုတွေ ရှိကောင်း ရှိနိုင်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲအပြီး ထုန်ပြန်မယ့် သဘောထား ကြေညာချက်ကိုတော့ အင်္ဂါနေ့နှောင်းပိုင်း ခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအပြီး၊ ဒါမှမဟုတ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။ အခုနှစ်အတွက် အလှည့်ကျဥက္ကဌဖြစ်တဲ့ စင်္ကာပူနိုင်ငံက အာဆီယံ စည်းဝေးပွဲတွေကို နိုဝင်ဘာလ ၁၁ ရက်နေ ၁၅ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်အရေးနဲ့ပတ်သက်လို့ အရင် အာဆီယံအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာတော့ မြန်မာနိုင်ငံက တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြသူတွေနဲ့ တခြား အိုးအိမ် စွန့်ခွာ ထွက်ပြေးသွားကြသူတွေ နေရပ် ပြန်နိုင်ရေးဟာ အရေးကြီးကြောင်း၊ စာနာမှုဆိုင်ရာ အကူအညီတွေပေးရေးနဲ့ လူမျိုးစုတွေအကြား ပြန်လည် ရင်ကြားစေ့ရေးတို့ကို တောင်းဆိုခဲ့ပေမယ့် အခုတခေါက်မှာတော့ တာဝန်ရှိသူတွေကို အပြည့်အ၀ အရေးယူရေးဆိုတဲ့အချက်ကို ထည့်သွင်း တောင်းဆိုဖို့ ရှိနေတာပါ။

အခု ထုတ်ပြန်ဖို့ရှိတဲ့ အာဆီယံအဖွဲ့ရဲ့ သဘောထားကြေညာချက်ကို အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက ထောက်ခံမယ် မထောက်ခံဘူးဆိုတာတော့ မသေချာသေးပါဘူး။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ မွတ်ဆလင် နိုင်ငံတွေဖြစ်ကြတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်း နိုင်ငံတို့က အာဆီယံအနေနဲ့ ပြင်းထန်တဲ့ ရပ်တည်ချက် ထားရှိဖို့ လိုလားနေကြပေမယ့် တဘက်မှာ မြန်မာနိုင်ငံနဲ့ ပိုမို ရင်းနှီးတဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း ရှိနေတာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံဟာလည်း မြန်မာအတွက် အကာကွယ်ပေး ရပ်တည်ပေးလေ့ ရှိပါတယ်။

မလေးရှားဝန်ကြီးချုပ် Mahathir Mohamad ကလည်း တချိန်ထဲမှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကာကွယ်သင့်တာကို ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်း ဆွေးနွေးပြောဆိုနေကြတာတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က တစုံတရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

အာဆီယံထိပ်သီးအစည်းဝေးနဲ့ မြန်မာ
please wait

No media source currently available

0:00 0:02:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG