သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နဲ့ ကန် ပထမဆုံး ပင်လယ်ရေကြောင်းလေ့ကျင့်မှု မြန်မာပါဝင်


 မြန်မာ ရေတပ် (credit-Myanmar Navy)
မြန်မာ ရေတပ် (credit-Myanmar Navy)

အမေရိကန်နဲ့ အာဆီယံရဲ့ ပထမဆုံး အကြိမ် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုမှာ မြန်မာ ရေတပ်လည်း ပါဝင်မှာ ဖြစ်ပြီး မြန်မာ ရေတပ်က ကျန်စစ်သား စစ်ရေယာဉ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ စစ်ရေး လေ့ကျင့်မှုလုပ်ခဲ့တဲ့ အာဆီယံက ဒီနှစ်မှာ အမေရိကန်နဲ့ လေ့ကျင့်မှု ထွက်ပေါ်လာတာဟာဆိုရင် တရုတ်နဲ့ ကုန်သွယ်ရေးကို အားထားတဲ့ အာဆီယံ ဒေသ အနေနဲ့ လုံခြုံရေးပိုင်းမှာတော့ အမေရိကန်နဲ့ ပိုပြီး နီးစပ်တဲ့ သဘောလို့လည်း သုံးသပ်သူတွေက ယူဆကြပါတယ်။

မသိင်္ဂ ီထိုက် တင်ပြမှာပါ။

အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံနဲ့ အမေရိကန်ကြား ပထမဆုံး အကြိမ် အဖြစ် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်းမှာ မြန်မာ ရေတပ်လည်း ပါဝင်မှာပါ။ ထိုင်း ပင်လယ်ကွေ့မှာ စက်တင်ဘာလ ၂ ရက်နေ့က ၆ ရက်နေ့ထိ ကျင်းပမယ့် စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်ဖို့ မြန်မာ ရေတပ်က ဒုတိယ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်တဲ့ တပ်ဖွဲ့က ကျန်စစ်သား စစ်ရေယာဉ်နဲ့ ရန်ကုန်မြို့ကနေ သြဂုတ်လ ၂၆ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်က ဦးဆောင်မယ့် အာဆီယံ - အမေရိကန် ရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဌာန လက်အောက်ရှိ Hawaii အခြေစိုက် Asia- Pacific Center for Security Studies ဌာနမှာ ၂၈ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူ၊ မြန်မာနွယ်ဖွား အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က အခုလို ပြောပါတယ်။

“Asean US Maritime exercise က အခုကြုံတွေ့ရတဲ့ အန္တရာယ်တွေကို အတူတကွ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့အတွက် exercise လေးတခု လုပ်နေကြတာပါ။ အာဆီယံ ၁၀ နိုင်ငံလုံးပါဝင်ပါတယ်။ မြန်မာနိုင်ငံက လည်း အာဆီယံ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဒီ Exercise မှာ ပါဝင်မယ်လို့ ကျမကြားပါတယ်။ အခုလည်း ဒီနေ့မနက်ပဲ သူတို့ ကျန်စစ်သားဆိုတဲ့ စစ်သင်္ဘောနဲ့ ထွက်သွားတယ်လို့ ကြားရပါတယ်။ အဓိကတော့ ပင်လယ်ပြင် မှာ crisis ဖြစ်လို့ရှိရင် အဆက်အသွယ်ပြုလုပ်ပြီးတော့ တုံ့ပြန်နိုင်ဖို့အတွက် လုပ်တဲ့ exercise လေးလုပ်တဲ့ အခမ်းအနားပါ။ နောက်တခါ နိုင်ငံတကာ ပင်လယ်ရေပြင်ပိုင်ဆိုင်မှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအသုံးချပြီးတော့ ဘယ်လို လိုက်နာမလဲဆိုတာလည်း တခုပါပါတယ်။ အကယ်၍ မှောင်ခိုကုန်ကူး သင်္ဘောတစင်းတွေ့ရင် သူတို့ဒါကို ဘယ်လိုပူးပေါင်းပြီးတော့ ဘယ်လိုဖမ်းမလဲ ဆိုတာမျိုးတခု နောက်တခါ ငါးခိုးဖမ်းနေတဲ့ သင်္ဘောတွေကို ဘယ်လိုမျိုး အတူတကွ ဆက်သွယ်ပြီးတော့ ဖမ်းမလဲဆိုတာ သူတို့ အဲဒီဟာကို exercise လုပ်မယ်။ နောက်တခုက ပင်လယ်ဓါးပြတိုက်နေတာတွေကို ဘယ်လိုအတူတကွ ဖမ်းမလဲ ၊ တုံ့ပြန်မလဲဆိုတာကို ထိုင်းပင်လယ်ကွေ့မှာ သူတို့ exercise လုပ်မှာပါ။”

အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN နဲ့ တရုတ် နိုင်ငံတို့ ပြီးခဲ့တဲ့နှစ်က ပူးတွဲ စစ်ရေးလေ့ကျင့်မှု အပြီး အခုအခါ အမေရိကန် ပြည်ထောင်စုနဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ကြား ပထမဆုံး အကြိမ် ပင်လယ်ရေကြောင်းဆိုင်ရြ လေ့ကျင့်မှု ထွက်ပေါ်လာတာဟာဆိုရင် အရှေ့တောင် အာရှ ဒေသ အပေါ် ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ အမေရိကန်တို့ ပိုပြီး သြဇာသက်ရောက်လိုမှု ပြင်းပြလာတာကို ပြသနေတာလို့ သုံးသပ်သူတွေက ပြောပါတယ်။ လူဦးရေ သန်း ၆၃၀ ရှိတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေကတော့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ စလုံးနဲ့ ဆက်ဆံရေး ရှိနေပါတယ်။ အထူးသဖြင့်တော့ တရုတ်နဲ့ စီးပွား ဆက်ဆံမှု ပိုရှိပြီး အဖွဲ့ဝင် နိုင်ငံတချို့နဲ့ ရေပြင် ပိုင်နက် အငြင်းပွားမှုကြောင့် တရုတ်ရဲ့ ဖိအားရှိလာတာနဲ့ အတူ အမေရိကန်ကို လုံခြုံရေး အရ ပိုပြီး အားထားလာပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အတွင်း ပိုင်နက် တချို့ကို အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်းနိုင်ငံတို့နဲ့ တရုတ်ကြား အငြင်းပွားနေတာ ဖြစ်ပါတယ်။ စကာၤပူ နိုင်ငံ နိုင်ငံတကာ လေ့လာရေး ဆိုင်ရာ S. Rajaratnam ကျောင်းက တွဲဖက် ပါမောက္ခ Alan Chong က အခုလို ပြောပါတယ်။

"ဒါက သံတမန်ရေးအရ ဆောင်ရွက်တဲ့ အရိပ်လက္ခဏာသာ ဖြစ်ပြီး ဒီထက် မပိုပါဘူး။ ဒီလို သံခင်း တမန်ခင်း အရ ဆောင်ရွက်မှုလေးကိုတောင် တရုတ်ဘက်ကတော့ သိပ်ပြီး အလေးထားပါလိမ့်မယ်။ ဒါကြောင့် တရုတ် အနေနဲ့ကတော့ ASEAN ကို မဟာမိတ် အဖြစ် မသိမ်းသွင်းနိုင်သေးဘူးဆိုတဲ့ အချက်အပေါ် သိပ်ပြီး အလေးအနက်ထားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ "

ထိုင်းနိုင်ငံ Chonburi ခရိုင်က ရေတပ် အခြေစိုက် စခန်းတခုမှာ လုပ်မယ့် အာဆီယံ - အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုမှာတော့ အနည်းဆုံး စစ်သဘောၤ ၈ စင်းနဲ့ စစ်လေယာဉ်တွေလည်း ပါမယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီ လေ့ကျင့်မှုက ဗီယက်နမ် နိုင်ငံ တောင်ဘက် အစွန်ဆုံးက Ca Mau ပြည်နယ်ထိ ရောက်မယ်လို့လည်း ပြောဆိုကြပါတယ်။ အမေရိကန် ရေတပ် တပ်မဟာ ၇ က ဦးဆောင်မှာ ဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ သဘာ၀ ဘေးအန္တရာယ် တုံ့ပြန် ကယ်ဆယ်ရေးလိုမျိုး သိပ်ပြီး မပြင်းထန်လှတဲ့ လေ့ကျင့်မှုမျိုးတွေကိုဘဲ ဆောင်ရွက်ဖွယ် ရှိတယ်လို့ စကာၤပူ Nanuyang Technological တက္ကသိုလ်က ရေကြောင်းလုံခြုံရေးဆိုင်ရာ သုတေသန ပညာရှင် Collin Koh က ပြောပါတယ်။

ဖိလစ်ပိုင်က အမေရိကန် ရေတပ်နဲ့ နှစ်စဉ် လေ့ကျင့်မှုတွေ ပိုလုပ်လာပြီး ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အမေရိကန် လေယာဉ်တင် သဘောၤက ဗီယက်နမ်ကို သွားရောက်ခဲ့တာတွေက တရုတ်ကို စိတ်ပျက်စေပါတယ်။ နောက်လထဲမှာ အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံကြား ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုဟာဆိုရင်လည်း ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ ရေတပ်ဆိုင်ရာ လေ့ကျင့်မှုက ရေရှည် ပိုင်းဖြတ်ချက် မဟုတ်ဘူးဆိုတာကို စောင်းပါးရိပ်ခြည် ပြသလိုက်တာလို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ စကာၤပူ Nanuyang Technological တက္ကသိုလ်က ရေကြောင်းလုံခြုံရေးဆိုင်ရာ သုတေသန ပညာရှင် Collin Koh က ပြောပါတယ်။

"တခြား နိုင်ငံတွေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးပိုင်း မြှင့်တင် ဆောင်ရွက်တဲ့ နေရာမှာ သီးသန့် တည်ရှိရေး မူဝါဒကို ကျင့်သုံးမှာ မဟုတ်ဘူးဆိုတာကို ဒီလေ့ကျင့်မှုတွေက ပြသနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်ဘက်က ကမ်းလှမ်းနေတဲ့ တခုတည်း သီးသန့် ဆိုတာမျိုး မဟုတ်ဘဲ ဘက်ပေါင်းစုံ ပါဝင်ရေးဆိုတာကို ရိုးရိုးရှင်းရှင်း ဖော်ညွှန်းလိုက်တဲ့ အယူအဆလို့ ကျနော် ထင်ပါတယ်။"

တရုတ်ရဲ့ စစ်အေးခေတ် ကာလ ရန်ဘက်ဟောင်းနဲ့ ခေတ်သစ်မှာ စီးပွားရေး ပြိုင်ဘက် အမေရိကန် အနေနဲ့ကတော့ သမ္မတ Donald Trump လက်ထက် ၂၀၁၇ ခုနှစ် အတွင်း တောင်တရုတ် ပင်လယ်ပြင် အတွင်းမှာ သဘောၤခုတ်မောင်းမှု အရေအတွက်ကို စပြီး တိုးမြှင့်ခဲ့ပါတယ်။ မလေးရှား၊ ဗီယက်နမ်တို့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပင်လယ်ပြင် အတွင်းကို တရုတ်ဘက်က ရေနံရှာဖွေရေး ရေယာဉ် စေလွှတ်ခဲ့တာဟာ နိုင်ထက် စီးနင်း ပြုကျင့်မှု အဖြစ် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး John Bolton က ပြီးခဲ့တဲ့ သတင်းပတ်မှာဘဲ စွပ်စွဲခဲ့ပါတယ်။

တရုတ်ရဲ့ ရေနံရှာဖွေရေး ရေယာဉ် ကိစ္စကြောင့် ပင်လယ်ပြင်မှာ ၂ လနီးပါး မပြေလည်မှု ပေါ်ပေါက်ခဲ့ပြီးနောက်မှာ ဗီယက်နမ်ဘက်ကလည်း အထူးဘဲ သတိထားလာခဲ့တာပါ။ နောက်လထဲ ကျင်းပမယ့် ASEAN-US ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုမှာ ဗီယက်နမ် ပါဝင်မယ်လို့လည်း ပြီးခဲ့တဲ့ သတင်းပတ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ Ho Chi Minh တက္ကသိုလ် လူမှုရေး သိပ္ပံဌာနရဲ့ နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ပါမောက္ခချုပ် Trung Nguyen က အခုလို ပြောပါတယ်။

"အခု လေ့ကျင့်မှုမှာ ဗီယက်နမ် ပါဝင်မှုဟာဆိုရင် တောင်တရုတ် ပင်လယ်ပြင် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာကြောင့် ဗီယက်နမ် အနေနဲ့ အမေရိကန်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံချင်တယ်ဆိုတာကို ပြသလိုက်တာပါ။ "

အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာမှာ စစ်အင်အား အကြီးဆုံး ဖြစ်ပြီး တရုတ်ကတော့ နံပတ် ၃ အဆင့်မှာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG