သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ၁၇ ဦးသေ 


စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူတွေ ကမ်းခြေသဲသောင်မှာရှာဖွေတွေ့ရှိခဲ့ (သြဂုတ် ၉၊ ၂၀၂၃) ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူတွေ ကမ်းခြေသဲသောင်မှာရှာဖွေတွေ့ရှိခဲ့ (သြဂုတ် ၉၊ ၂၀၂၃) ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ရာက ရိုဟင်ဂျာ မွတ်ဆလင် အနည်းဆုံး ၁၇ ယောက် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ အသွားအလာကန့်သတ်ခံထားရတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည်တွေဟာ ဒေသတွင်း နိုင်ငံတွေကို အန္တရာယ်များတဲ့ ရေကြောင်းခရီးကနေ ဖြတ်သန်းသွားရောက်ဖို့ ကြိုးပမ်းရင်း မကြာခဏသေဆုံးမှုတွေ ကြုံကြရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးပါမယ်။

စစ်တွေမြို့အနီး ကမ်းလွန်ပင်လယ်ပြင်မှာ စက်လှေ နစ်မြုပ်ရာက သေဆုံးသူ ၁ ဒါဇင်ခွဲလောက်ကို အရေးပေါ် ကယ်ဆယ်ရေးတွေ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားရင်း သေဆုံးသူတွေထဲက အလောင်း ၁၇ လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့လည်း ဒေသခံ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဗျာလကပြောပါတယ်။

“ တွေ့တာကတော့ ကျနော်တို့ ဗေဒါရွာရဲ့ သဲခုံပေါ်မှာတွေ့တာ သဲချောင်းရဲ့ သဲခုံဖက်မှာတွေ့ တယ်။ နှစ်နေရာလောက် တွေ့တာခင်ဗျာ။ ကျနော်တို့ တွေ့တာက ၇ ရက်နေ့ကနေ ၉ရက်နေ့ထိဆိုရင် ၁၇ လောင်းရှိတယ်၊ စစ်လှေနစ်တဲ့ ထဲကလူတွေ ပြန်ပေါ်တာခင်ဗျာ အဲဒါ အလောင်းတွေ ပြန်ပေါ်တာ။ အသက်ရှင်လျက်တွေ့တာက ၈ ယောက်တွေ့တာခင်ဗျ။”

စက်လှေပေါ်မှာ လူ ၅၀ ကျော် လိုက်ပါသွားတယ်လို့ ခန့်မှန်းထားပြီး အသက်ရှင်လျက် ပြန်တွေ့သူ ၈ ဦးရှိပြီး ကျန်သူတွေကတော့ ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။ အသက်ရှင်လျက်တွေ့ရှိတဲ့ ၈ဦးကိုတော့ စစ်တွေ မြို့မ ရဲစခန်းမှာထိန်းသိမ်းထားတာပါ။

ရိုဟင်ဂျာအရေး လှုပ်ရှားသူ တဦးကတော့ သွားလာခွင့် ကန့်သတ်တာ အပါအဝင် နိုင်ငံသားအခွင့်အရေး ခံစားခွင့်တွေ မရှိတာကြောင့် ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားရာက အခုလို အဖြစ်တွေနဲ့ ကြုံကြရတာလို့ ပြောပါတယ်။

“ ဒီနေ့အထိရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံလို့ နှိပ်ကွပ်လို့ ရိုဟင်ဂျာတွေက ဒုက္ခသည်စခန်းမှာရော ဒုက္ခသည်စခန်းမဟုတ်တဲ့ ရွာမှာလည်း ပိတ်ဆို့နေတာတွေ တကမ္ဘာလုံးက သိတယ်၊ တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထုကလည်း သိတယ်။ အခုက ၂၀၁၂ခုနှစ်ကနေ ဒီနေ့အထိ တော်တော်ဆိုးရွားတဲ့ အခြေအနေပေါ့နော်၊ ပြောမယ်ဆိုရင် ၁၁ နှစ်လောက်ရှိပြီ အဲဒီတော့ IDPစခန်းမှာရှိတဲ့ သူတွေကလည်း နေမထူး သေမထူး စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ လူမှုဘဝဆိုတာ မရှိ တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတယ်၊ IDPဒုက္ခသည်စခန်းမဟုတ်ပဲနဲ့ ရွာတည်ပြီးနေတဲ့ သူတွေကလည်း ပညာသင်ခွင့် ကျန်းမာရေး စောင့်ရှောက်ခွင့် လူမှုဖုံလုံမှု ဘာတခုမှမရှိတော့ဘူး၊ အဲဒီတော့ နိုင်ငံသားစစ်ဖြစ်ပါလျက်နဲ့ ဒီလောက်လုပ်ထားတယ်ဆိုတော့ ဒီလူတွေက ရေကြည်ရာ မြက်နုရာ ဒီမှာလည်းသေနေတာပဲ နောက်ဆုံး ဘဝကို ပေးဆပ်ပြီးတော့ သေရင်လည်း သေမယ် ရှင်ရင်လည်း ရှင်မယ် အဲဒီသဘောနဲ့ ထွက်ပြေးနေကြတာရှိတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ၊ ၂၀၁၇ ခုနှစ်တွေတုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြရသလို၊ အများအပြားဟာလည် ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ဆက်လက် နေထိုင်နေကြရတာပါ။ ရခိုင်ပြည်နယ်မှာ ကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေအတွက် အခြေခံလွတ်လပ်ခွင့်တွေ ရရှိဖို့ လိုတယ်လို့လည်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

“ နိုင်ငံတော်အစိုးရက ဒီလူတွေကို အရင်တုန်းက ဘယ်လို ရခိုင်၊ သက်၊ ခမီ၊ မြန်မာတွေနဲ့ ဘယ်လိုတန်းတူရှိခဲ့လဲ သူတို့ရဲ့ ငယ်စာရင်းတွေက လဝက မြို့နယ်ခရိုင်ပြည်နယ် နောက်ဆုံး ဌာနချုပ်အဆင့်ကို ငယ်စာရင်းဆိုတာရှိတယ်။ သူတို့ရဲ့ အဖေအမေ ဘယ်သူလဲ ဘိုးဘွားတွေက ဘယ်သူလဲ အဖေအမေလက်ထက်ကတည်းက အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ လူရှိရဲ့လား ရှိတယ်ဆိုရင် တခြားလူတွေလို ပြည့်ဝတဲ့ နိုင်ငံသားပေးလိုက်ပြီဆိုရင် သူတို့က အဲဒီလောက် လုပ်ကိုင်စားသောက်လို့ ရမယ်၊ ရန်ကုန်ကို လာပြီးတော့ ပစ္စည်းဝယ်လို့ရမယ်၊လွတ်လွတ်လပ်လပ်သွားလို့လာလို့ရမယ်၊ တခြားလူမျိုးတွေလို ပေါ့နော်၊ အဲလိုမျိုး လုပ်ပေးလို့ ရတယ်ဆိုရင် ဒီလူတွေ ထွက်ပြေးတာနည်းသွားမယ်။”

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ မလေးရှား၊အင်းဒိုနီးရှားတို့လို မွတ်ဆလင်အများစုရှိရာ ဒေသတွင်းနိုင်ငံတွေကို သွားဖို့ ကြိုးပမ်းရင်း မကြာခဏဖမ်းဆီးခံရတာတွေ သေဆုံးတာတွေရှိနေတာပါ။ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ပြီးခဲ့တဲ့နှစ်ထဲ မွတ်ဆလင် ၃၅ဝဝကျော်ဟာ ရေယာဉ် ၃၉ စင်းနဲ့ ကူးဖြတ်ဖို့ ကြိုးဖမ်းခဲ့ဖူးကြောင်း ကုလသမဂ္ဂက မှတ်တမ်းတင်ထားပါတယ်။ ၂၀၂၂ခုနှစ်ထဲ ပင်လယ်ပြင်မှာ သေဆုံးရတဲ့ မွတ်ဆလင် ၃၄၈ ယောက်ထက်မနည်းရှိတယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR)ကဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG