သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ ရိုဟင်ဂျာအရေးအပါ လူ့အခွင့်အရေးဦးစားပေးမည်


ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield)
ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield)

အခု သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံကဆောင်ရွက်မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင်ငံတကာက အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) က အင်္ဂါနေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို ကောင်းကောင်း သိရှိပြီး ရိုဟင်ဂျာအရေးဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်နေကြောင်းနဲ့ သူကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့လည်းရှိတယ်လို့ သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က ပြောပါတယ်။ ဒီခရီးစဉ်ကနေ လုံခြုံရေးကောင်စီကို ရိုဟင်ဂျာအရေး မီးမောင်းထိုး တင်ပြနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့လည်း လက်တွဲပြီး ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း အမေရိကန်ဟာ ရိုဟင်ဂျာတွေအတွက် အဓိကကူညီပေးနေတဲ့နိုင်ငံဖြစ်ပြီး တခြား အလှူရှင်နိုင်ငံတွေကိုလည်း ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ပိုပေးဖို့ သံအမတ်ကြီး သောမတ်စ် -ဂရင်းဖီးလ်က တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် ယူကရိန်း၊ ယီမင်၊ ဆူဒန် အစရှိတဲ့ ကမ္ဘာ့တဝန်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အကြောင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာတင်မဟုတ်ဘဲ တခြား ဆွေးနွေးပွဲတွေမှာလည်း ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG