သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး အနည်းဆုံး လူ ၃ ဦးသေ


စက်တင်ဘာလ ၇ ရက် နေ့ကလောင်ကျွမ်းခဲ့သောတောမီး
စက်တင်ဘာလ ၇ ရက် နေ့ကလောင်ကျွမ်းခဲ့သောတောမီး

Zawgyi/Unicode

အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ် မှာ ကြာသပတေးနေ့မှာလည်း တောမီးတွေ အကြီးအကျယ်ဆက်လက် လောင်ကျွမ်းနေပြီး သေဆုံးရသူက အနည်းဆုံး ၃ ဦး ရှိနေပြီဖြစ်သလို နေအိမ်ပေါင်း ရာနဲ့ချီ ပျက်စီးခဲ့ရပါတယ်။

အပူချိန်က အလွန်မြင့်မားနေသလို လေပြင်းတွေပါတိုက်ခတ်နေတာကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ အကျယ်အဝန်းအားဖြင့် ဟက်တာ တသန်းကျော် မီးလောင်သွားခဲ့တာဖြစ်ပြီး ဒါဟာ မနှစ်က တောမီးလောင်ကျွမ်းသွားတာထက် သိသိသာသာပိုများ နေတာပါ။

ကယ်လီဖိုးနီးယား ပြည်နယ်က Sierra Nevada တောင်တန်း တကျောမှာ တော့ နေအိမ်ပေါင်း ရာ ထောင်ချီပြီး မီးအလောင်ခံရတာတွေ၊ ပျက်စီးတာတွေ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ Butte, Plumas နဲ့ Yuba ကောင်တီတွေမှာ နေထိုင်သူ ဒေသခံ ၂ သောင်းလောက် အတွက်တော့ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဖြစ်စေ၊ သတိပေးချက်တွေ ဖြစ်စေ ထုတ်ပြန်ထားပါတယ်။ လူဦးရေ ငါးရောကျော်ရှိတဲ့ Butte ကောင်တီထဲက နေအိမ် အများအပြားကတော့ မီးလောင်ကျွမ်းသွား ခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း Oroville မြို့ကလေးမှာတော့ သီတင်းပတ်ပေါင်းများစွာ တောမီးဒဏ်ခံနေရ ချိန်မှာ အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့က တနာရီ ၄၅ မိုင်နှုန်းလောက်နဲ့ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မီးအားပိုကြီးခဲ့ရပြီး ဒီမီးကြောင့် သေဆုံးရသူက ၃ ဦး ရှိနေပါတယ်။

ကယ်လီဖိုးနီးယားနဲ့ Oregon ပြည်နယ် ၂ ခုကြားမှာ ဖြစ်ပွါးတဲ့ မီးလောင်ကျွမ်းမှုကြောင့် လည်း တဦးထက်မနည်း သေဆုံးခဲ့ရတာပါ။

ကယ်လီဖိုးနီးယား တောင်ပိုင်းက Los Angeles မြို့ကြီးအပြင် တောင်ပိုင်း ကောင်တီတွေ ဖြစ်တဲ့ San Bernardino နဲ့ San Diego ဒေသတွေမှာလည်း တောမီး တွေ ဆက်လက် လောင်ကျွမ်းနေ ပါတယ်။

တောမီးကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ထဲက အမျိုးသား ဥယာဉ် ၈ ခုပိတ်ထားရာကနေ ဗုဒ္ဓဟူး နေ့ကတော့ ၁၈ ခု စလုံးကိုပိတ်ပစ် လိုက်ပါတယ်။

ပြည်နယ်တလွှားမှာ တောမီး အကြီးအကျယ် လောင်ကျွမ်းမှု ၂ ဒါဇင်ထက်မနဲ ရှိနေပြီး၊ အဲဒီထဲက တချို့နေရာတွေကအတွက်တော့ သမိုင်းမှာ အကြီးကျယ်ဆုံး တောမီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode











XS
SM
MD
LG