သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပိုလန်အောက်လွှတ်တော် သွားရောက်လေ့လာ


ဓာတ်ပုံ - http://www.ilw.org.pl/en/
ဓာတ်ပုံ - http://www.ilw.org.pl/en/
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပိုလန်နိုင်ငံကို ရောက်ရှိနေပြီး၊ ပိုလန်လွှတ်တော်နှစ်ရပ်က လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပိုလန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးကြောင်းနဲ့၊ ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ လွှတ်တော် အတွေ့အကြုံတွေကို လွှတ်တော်ဥက္ကဌတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ဥရောပခရီးစဉ် ပထမဆုံးခရီးထောက်ဖြစ်တဲ့ ပိုလန်နိုင်ငံ ဒီကနေ့မှာတော့ ပိုလန်လွှတ်တော်နှစ်ရပ်က လွှတ်တော်ဥက္ကဌတွေက ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပိုလန်နိုင်ငံ လွှတ်တော်ရဲ့အတွေ့အကြုံ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းပြောပြနိုင်ဖို့ ပိုလန်အောက်လွှတ်တော် ဥက္ကဌ နဲ့ ပိုလန် သမ္မတဟောင်း Lech Walesa တို့က ပိုလန်နိုင်ငံခရီးစဉ်အတွက် အဓိက စီစဉ်ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ ပိုလန်အောက်လွှတ်တော်က ပြန်ကြားရေးအရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုလန် အောက်လွှတ်တော် ဥက္ကဌ Ms. Ewa Kopacz တို့ တွေ့ဆုံနေပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ပိုလန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ခရီးစဉ်ကို အောက်လွှတ်တော် ဥက္ကဌ Ewa Kopacz နဲ့ ပိုလန် သမ္မတဟောင်း Lech Walesa တို့က ဖိတ်ကြားခဲ့တာပါ။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အောက်လွှတ်တော် ဥက္ကဌနဲ့ တွေ့ဆုံနေပါတယ်။ ဆီးနိတ် အထက်လွှတ်တော် အမတ်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။”

အစီအစဉ်အရဆိုရင်တော့ လက်ရှိ ပိုလန်သမ္မတ Bronislaw Komorowaki နဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ရှိသလို၊ ဝါဆောတက္ကသိုလ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပညာရေးနဲ့ နိုင်ငံရေး ဆက်နွယ်တဲ့ အကြောင်းရပ်ကို ဟောပြောပို့ချမှာ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံမှာ တပါတီ ကွန်မြူနစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတဲ့အခါ ပထမဆုံး သမ္မတလုပ်ခဲ့တဲ့ ပိုလန်သမ္မတဟောင်း Lech Walesa နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒီခရီးစဉ်ကိုလည်း သူ့ရဲ့ Institute of Lech Walesa နဲ့ အောက်လွှတ်တော်က စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

အောက်လွှတ်တော် ဥက္ကဌအနေနဲ့ကတော့ ပိုလန်နိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံမှုကို အလေးပေး ပြောမှာဖြစ်သလို၊ ပိုလန်နိုင်ငံကနေပြီး ဖံ့ွဖြိုးရေး အကူအညီ ကိစ္စတွေကိုလည်း ရှင်းလင်းပြောဆိုလိမ့်မယ်လို့ အောက်လွှတ်တော် ပြန်ကြားရေးအရာရှိက ဗွီအိုအေကို ပြောပါတယ်။

“အောက်လွှတ်တော်အမတ် Ms. Ewa Kopacz အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုလန်နိုင်ငံက ထောက်ခံ အားပေးနေတယ်ဆိုတာကို ပြောဆိုဖို့ စီစဉ်ထားပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုဆိုင်ရာ ပိုလန်နိုင်ငံရဲ့ အတွေ့အကြုံတွေကိုလည်း ပြောဆိုဖို့ရှိပါတယ်။ ဒီအထဲမှာတော့ ၁၉၈၉ ခုနှစ် ပိုလန်နိုင်ငံ အချုပ်အခြာ အာဏာပိုင် ဖြစ်လာကတည်းက ရှိခဲ့တဲ့ ပိုလန်နိုင်ငံရဲ့ လွှတ်တော် အတွေ့အကြုံ အခြေအနေတွေကို ရှင်းပြပြောဆိုဖို့ ရှိပါတယ်။ ပိုလန်နိုင်ငံရဲ့ အောင်မြင်တဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီအသွင် ကူးပြောင်းမှု လုပ်ငန်းတွေကို ရှင်းပြဖို့ ရှိပါတယ်။ ဒါ့အပြင် ပိုလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖံ့ွဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီပေးတဲ့ ကိစ္စတွေကို ရှင်းပြပြောဆိုမှာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင်း သတင်းမီဒီယာနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ခိုင်မာအားကောင်းလာဖို့ ကိစ္စတွေအတွက် ပိုလန်နိုင်ငံက ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံနဲ့ ပိုလန်နိုင်ငံအကြား ဆက်ဆံရေးဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး နှစ်တွေနောက်ပိုင်းကျမှ ထဲထဲဝင်ဝင် ဆက်ဆံမှု ရှိခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ ပိုလန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီတုန်းက မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့တာပါ။

ပိုလန်နိုင်ငံအနေနဲ့က ၂၀၁၂ ခုနှစ်ကတည်းကဆိုရင် ပိုလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအတွက် အကူအညီ ပိုလန်ငွေ ဇဝန်တာ ၁ သန်းကျော် ထည့်ဝင်ကူညီခဲ့တယ်လို့ ပိုလန်လွှတ်တော်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ဒီပိုလန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေး အစီအစဉ်တွေကို သတင်းမီဒီယာလုပ်ငန်း၊ လူ့အခွင့်အရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးအားကောင်းရေးတွေအတွက် ရည်မှန်းထားတယ်လို့လည်း ပိုလန်လွှတ်တော်က ထုတ်ပြန်ပါတယ်။
XS
SM
MD
LG