သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီး စတင်


ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီး စတင် (Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီး စတင် (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးစဉ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာရဲ့စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်အရေးလိုကိစ္စတွေအပါအဝင် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအကျပ်အတည်းတွေနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြနိုင်မယ့် အရေးကြီးတဲ့ခရီးစဉ်အဖြစ် သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စင်ကာပူသမ္မတ-ဝန်ကြီးချုပ်အပါအဝင် စင်ကာပူ ထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ဆုံံဖို့ရှိပြီး မြန်မာ-စင်ကာပူနှစ်နိုင်ငံ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မယ့်အရေးတွေ ဆွေးနွေးဖို့ရှိပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးစဉ် ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်လိုက်ပါပြီ။ သြဂုတ်လ ၁၉ရက်နေ့ကနေ သြဂုတ်လ ၂၂ရက်နေ့အထိ လေးရက်တာကြာမြင့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်သဘော ခရီးစဉ်အတွင်းမှာတော့ သြဂုတ်လ ၂၁ရက်နေ့မှာ စင်ကာပူသမ္မတ Halimah Yacob နဲ့တွေ့ဆုံဖို့ရှိပြီး ဝန်ကြီးချုပ်က နေ့လည်စာတည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။ နောက် ဝါရင့်ဝန်ကြီး Goh Chok Tong ၊ ဒုတိယဝန်ကြီးချုပ် Teo Chee Hean ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ Vivian Balakrishnan တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

သြဂုတ်လ ၂၁ရက်နေ့မှာပဲ Grand Hyatt ဟိုတယ်မှာ “မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်မှုများနှင့် ရှေ့လမ်းခရီး” “Myanmar’s Democratic Transition: Challenges and Way Forward” ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ Singapore Lecture ဆိုတဲ့ မူဝါဒရေးရာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ စင်္ကာပူစံတော်ချိန် နေ့လည် ၃ နာရီ ၁၅ မိနစ်ကနေ ၄ နာရီ ၁၅ မိနစ်၊ မြန်မာစံတော်ချိန်နဲ့ဆိုရင် အင်္ဂါနေ့နေ့လည် ၁ နာရီ ၄၅ မိနစ်ကနေ ၂ နာရီ ၄၅ မိနစ်အထိ ၁ နာရီ ကြာ ဟောပြောမှာပါ။

ရခိုင်မြောက်ပိုင်းအရေးလို နိုင်ငံတကာက စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်ဝေဖန်နေတဲ့အရေးကိစ္စတွေအပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းစအချိန် NLD အစိုးရလက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအကျပ်အတည်းတွေနဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာနဲ့ စင်ကာပူအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေ တင်ပြနိုင်မှာဖြစ်တဲ့အတွက် ဒီစင်ကာပူခရီးစဉ်ကို မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ခရီးစဉ်တခုအဖြစ် အကဲခတ်တွေက ရှု့မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးစဉ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို တစုံတရာအတိုင်းအတာအထိ သူ့အစိုးရရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို ရှင်းပြနိုင်မယ့် ခရီးစဉ်အဖြစ် မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ရဲ့တနင်္ဂနွေနေ့စတင်တဲ့ စင်ကာပူခရီးစဉ်ဟာရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ဖြစ်ဖြစ် လက်ရှိမြန်မာနိုင်ငံကြုံတွေ့နေရတဲ့ ဒီမိုကရေစီအကူးအပြောင်းရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ် အရေးကြီးတဲ့ခရီးစဉ်လို့ ကျနော်မြင်ပါတယ်။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စင်ကာပူအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အားကိုယူပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ယုံကြည်မှုတည်ဆောက်ဖို့အတွက်ကို စပြီးတော့ လှမ်းလိုက်တဲ့ ခြေလှမ်းသစ်တခုလို့ သုံးသပ်ပါတယ်။ ဒီခရီးစဉ် အတွင်းမှာ စင်ကာပူကနေတဆင့်ပေါ့လေ ကမ္ဘာ့နိုင်ငံတွေ ၊ အာဆီယံနိုင်ငံတွေကို မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက်တွေ ၊ မျှော်မှန်းချက်တွေ ဒါတွေကို ပြောကြားနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံတကာကပါ အာရုံစိုက်နေတဲ့ ရခိုင်အရေးလိုတိုင်းရင်းသားဒေသတွေက မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှု အခက်ခဲတွေ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ရင်ဆိုင်နေရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး တစုံတရာ အတိုင်းအတာအထိတော့ နိုင်ငံတော်အတိုင်ပင်ခံဘက်က တင်ပြနိုင်ခဲ့မယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ ( Alliance for Transparency and Accountability) က ညှိနှိုင်းရေးမှူး ကိုရဲလင်းမြင့်က ယူဆပါတယ်။

"ကျနော်ထင်တယ် လက်ရှိမှာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အခက်အခဲအကျပ်အတည်းရှိတယ်ဗျာ။ ပြီးတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ရှိတယ်။ ဒီ ၂၀၀၈ ကြောင့်ဖြစ်နေတဲ့ အစိုးရနဲ့ တပ်နဲ့ ကြားထဲမှာရှိတဲ့ အကျပ်အတည်းပေါ့။ အဲဒီအကျပ်အတည်းတွေကို အားလုံးနားလည်အောင် ချပြလို့ရမယ်။ ပြီးတော့ ဒီဘက်ကဖြစ်နေတဲ့ International မှာရော ပြည်တွင်းမှာဖြစ်နေတဲ့ အားမရမှုပေါ့နော် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးလည်းသိမယ်ဆိုတော့ အဲဒါမျိုးအကျပ်အတည်းတွေကိုရော ပြောမယ်ဆိုရင်တော့ ပြောနိုင်တယ် ။ ဒါပေမယ့် အားလုံး ရင်ကြားစေ့ရေးတို့ဘာတို့ ရှိနေသေးတော့ အားလုံးပြောပါ့မလား၊ အရိပ်အမွက်လောက်ပဲပြောမလားဆိုတာလည်းဖြစ်နိုင်တယ် အဲလောက်ပဲ ခန့်မှန်းပါတယ်။"

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ရက်ရှည်ခရီးလာရောက်တာ စင်ကာပူထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့စီစဉ်ထားတာအပါအဝင် စင်ကာပူမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခေါင်းစဉ်နဲ့ ဟောပြောမယ့် မိန့်ခွန်းအစီအစဉ်အတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေကတော့ ဂုဏ်ယူဝမ်းမြောက်နေကြပါတယ် ဒါပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူရောက်ရှိချိန် စင်ကာပူရောက်မြန်မာအသိုင်းအဝိုင်းနဲ့တွေ့ဆုံဖို့အစီအစဉ်ကိုတော့ လက်တလော မရှိသေးဘူးလို့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေကပြောပြပါတယ်။

အခုလိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာနိုင်ငံလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို စင်ကာပူမှာ မိန့်ခွန်းပြောဖို့ရှိတဲ့အတွက် စင်ကာပူရောက်မြန်မာနိုင်ငံသားတဦးရဲ့အမြင် အခုလို ကိုအောင်ဝင်းထွဋ်ကပြောပြပါတယ်။

"အန်တီကိုယ်တိုင်လာပြောပြတယ်ဆိုတာကတော့ ပိုကောင်းတာပေါ့နော် နိုင်ငံတကာမျက်နှာစာမှာလေ။ အခုသူပြောမယ့် Lecture တွေ သူပြောမယ့်အကြောင်းအရာတွေ အားလုံးကိုလည်း မီဒီယာနောက်ပိုင်းမှာ ဖော်ပြမှာ ၊ Singapore ကလည်း အာဆီယံရဲ့ ဥက္ကဋ္ဌနေရာကို ယူထားတာဆိုတော့ သူတို့နဲ့လည်း ကျနော်တို့က အဓိကသတင်းတွေကို အမှန်ဆုံးပြောပြနိုင်ဖို့အရေးကြီးတယ်။ အဲဒါကြောင့် အန်တီအနေနဲ့ လာပြီးတော့ ရှင်းပြပေးတာအရမ်းကောင်းတယ်။ သူနဲ့ပါလာတဲ့ ဝန်ကြီးတွေလည်း တွေ့ကြမှာပေါေ့နာ် တဖွဲ့လုံး။ ဒီနိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးအဖွဲ့တွေ နောက်သမ္မတတို့ဘာတို့လည်းတွေ့မှာဆိုတော့ ကျနော်ကတော့ တော်တော်လေးအကောင်းမြင်တယ်။"

ဒေါ်အောင်ဆန်းစုကြည်ပြောမယ့် ဒီ Singapore Lecture ဟာ ၄၃ ကြိမ်မြောက်ဖြစ်ပြီး ၄၂ ကြိမ်မြောက်တုန်းကတော့ တောင်ကိုရီးယားသမ္မတ Moon Jae-in ပြောသွားပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ယူထားတဲ့ စင်ကာပူနိုင်ငံကို ပြီးခဲ့တဲ့ ဧပြီလတုန်းက မြန်မာသမ္မတဦးဝင်းမြင့် သွားရောက်ခဲ့ဖူးသလို ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် တုန်းကလည်း စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။

အခုခရီးစဉ်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပါ လိုက်ပါသွားကြတာဖြစ်ပါတယ်။ စင်္ကာပူနဲ့ မြန်မာ နိုင်ငံကြား သံတမန် ဆက်ဆံရေးကတော့ ၁၉၆၆ ခုနှစ်မှာ စတင်ခဲ့ တာမို့ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော် ချစ်ကြည်ရးတည်ဆောက်ခဲ့ကြပြီးဖြစ်ပြီး စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံတွေထဲကနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG