သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန် ဝါဆောတက္ကသိုလ်က ဒေါ်စု ဟောပြောပွဲ


ပိုလန်နိုင်ငံ ဝါဆောရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၁၊ ၂၀၁၃)
ပိုလန်နိုင်ငံ ဝါဆောရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၁၊ ၂၀၁၃)
ပိုလန်နိုင်ငံ ဝါဆောမြို့ကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါဆောတက္ကသိုလ် မှာ နိုင်ငံရေးနဲ့ပညာရေးဆိုတဲ့ ဟောပြောချက်မှာ အုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံသားတွေရဲ့ အခန်းကဏ္ဍဆိုတဲ့ အကြောင်းကို ပြီးခဲ့တဲ့အချိန်ပိုင်းကပဲ ဟောပြောပို့ချနေပါတယ်။ ပြောဆိုသွားတဲ့ အနှစ်ချုပ် အကြောင်းအရာကိုတော့ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

အုပ်ချုပ်မှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာမှာ နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍ ကို အဓိက ပြောဆိုတဲ့နေရာမှာ ပညာရေးနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အရင်ဆုံး ရှင်းလင်းသွား ပါတယ်။ နိုင်ငံသားတွေ၊ ပြည်သူတွေ အတွက် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဖို့နဲ့ ဘယ်လိုရွေးချယ်ကြမလဲ၊ ဘယ်လို ရွေးချယ်နိုင်မလဲဆိုတာ လူထုကို အသိပေးဖို့ ပညာရေးမှာရော နိုင်ငံရေးမှာပါ အရေးကြီးတယ်ဆိုတာ အခုလို ထောက်ပြပြောဆိုသွားပါတယ်။

"ပညာရေးဆိုတာ နိုင်ငံရေးစနစ်နဲ့ တော်တော်လေး ဆက်စပ်နေတာပါ။ ပညာရေးစနစ်ဆိုးလား၊ ကောင်းလားဆိုတာဟာ တိုင်းပြည်ရဲ့ အစိုးရတရပ်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ပညာရေးနဲ့ပတ်သက်လို့ အစိုးရအသုံးစားရိတ်မှာ နှစ်ပေါင်းများစွာ ကြာလာတဲ့တိုင်အောင် ရာခိုင်နှုန်း အနည်းအကျဉ်းလေးပဲ သုံးခဲ့တာပါ။ နှစ်စဉ် အစိုးရအသုံးစားရိတ်ရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုတယ်ဆိုတာ တကယ်တော့ မလုံလောက်ပါဘူး။ တချိန်တုန်းက အရှေ့တောင်အာရှမှာ ပညာရေးအကောင်းဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာဆိုရင် အဆိုးဆုံးအနေအထားကို ရောက်ခဲ့ရပါတယ်။ ဒါဟာဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ ပညာပေးမှု ပညာရေးထက် လူထုကို ထိန်းချုပ်ထားဖို့ ပိုပြီး အာရုံ ထားတဲ့ အစိုးရတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးမှာ ပညာရေးဆိုတာဟာ လူတွေကို ဘယ်လိုရွေးချယ်ခွင့်ရှိသလဲဆိုတဲ့ အသိပေးမှုဖြစ်ပါတယ်။"

မြန်မာနိုင်ငံ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ပြောသွားရမှာလည်း တချိန်တည်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျောင်းသားတွေနဲ့ ကျောင်းတက္ကသိုလ် ပရဝဏ်တွေရဲ့ အရေးပါမှု၊ ဆက်နွယ်မှုတွေကို ထောက်ပြသလိုပဲ ဒီလိုမျိုး ကျောင်းသားတွေ နိုင်ငံရေး လုပ်တာကြောင့်မို့လို့ အစိုးရက အစိုးရိမ်စိတ်လွန်ပြီး ဖိနှိပ်လွန်းတာကြောင့် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးပါ ပျက်စီးခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းထဲ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ပညာရေးမှာ တော်တော်လေး ကို အလေးထားပြီးတော့ ပြောသွားပါတယ်။ လူငယ်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားကိုလည်း အခုလို ကြားရပါတယ်။

"ကျမတို့ လူငယ်တွေကို ဘာကြောင့် ပညာရေးကောင်းကောင်း ရစေချင်သလဲဆို တော့ သူတို့ရဲ့ စိတ်ကူးစိတ်သန်း အယူအ
ဆတွေ ကို ဖြစ်နိုင်သမျ ပွင့်လင်းလာစေချင်လို့ပါ။ သူတို့ရဲ့ အယူအဆတွေကိုလည်း ဖြစ်နိုင်သမျ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် ယူဆစေချင်ပါတယ်။ သူတို့ကိုဖွင့်ပေးထားတဲ့ ရွေးချယ်ခွင့်တွေကို သတိပြုသိစေချင်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် လူ့အဖွဲ့အစည်းကြောင့် ဖိအားမျိုးတွေ မရှိစေရပဲနဲ့ အဲ့ဒီ့ရွေးချယ်ခွင့်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်စေချင်တာပါ။"

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာရေးနဲ့ပတ်သက်ပြီး သူပြောနေကျပဲ ပညာရေးဆိုတာ ကျောင်းပရဏဝဏ်ထဲမှာတင် မဟုတ်ပဲနဲ့ လူထုထဲမှာရှိတဲ့ လူထုပညာရေးမျိုး ဖြစ်သင့်တယ်လို့ လည်း ထောက်ပြပြောဆိုသွားပါတယ်။

နောက်မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောဆိုတဲ့နေရာမှာတော့ လူထုမှာ ရွေးချယ်ခွင့်မရှိခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ထည့်သွင်းပြောသွားသလိုပဲ ဖွဲ့စည်းပုံအရဆို စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးနေပြီးတော့ မြန်မာလူထုမှာ ရွေးချယ်ခွင့် အားနည်းနေရတဲ့အခြေအနေကိုလည်း ထောက်ပြပြောဆိုသွားပါတယ်။ အခုဒီဟောပြောချက်ကိုတော့ UNDP နောက် EU ကော်မရှင်နဲ့ အခြားလူမှုအရပ်ဖက်အဖွဲ့အစည်းတွေ ပိုလန်နိုင်ငံ ဝါဆောတက္ကသိုလ် တို့က စီစဉ်တဲ့ ပုံမှန်ဟောပြောပွဲ ပို့ချချက်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။
XS
SM
MD
LG