သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု အရေးယူတာ တရားရေးစနစ် ပိုခိုင်မာစေမလား


ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေချုပ် (အလယ်)

ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး လိုက်တဲ့ အပြင် ဥပဒေချုပ်ရာထူးတာဝန်ကပါ သမ္မတက ရပ်စဲလိုက်တာဟာ အဂတိလိုက်စားမှုတွေနဲ့ ယိုယွင်းခြစားနေတဲ့ တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင် နောက် ဥပဒေကို လက်တလုံးခြား လုပ်နေတာတွေကို ”ဟန့်”သွားအောင် ထိထိရောက်ရောက်ကိုင်တွယ်ပြလိုက်တဲ့ လုပ်ရပ်တခုအဖြစ် ဥပဒေပညာရှင်တွေက ရှု့မြင်ကြပါတယ်။ အခုလို အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ် တိုင်းတရားဥပဒေချုပ်ကို ဖမ်းဆီးပြလိုက်တဲ့အတွက် ပြည်သူတွေကြား တရားရေးမဏ္ဍိုင်အပေါ် ယုံကြည်ကိုးစားမှုပိုရှိလာနိုင်သလို တရားရေး ဝန်ထမ်းတွေကြား လာဘ်ပေးလာဘ်ယူမှုတွေကို ဒီ့ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းအရေးယူမှုတွေပိုလုပ်သင့်တယ်လို့လည်း ထောက်ပြကြပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပါမယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၈၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၉ တို့ပါ ပြဌာန်းချက်တွေအရ ရာထူးတာဝန်က ရပ်စဲလိုက်ကြောင်း စက်တင်ဘာလ ၁၄ရက်နေ့ နေ့စွဲနဲ့ သမ္မတ ဦးဝင်းမြင့် က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အခုလို တိုင်းဥပဒေချုပ်ကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ရာထူးက ဖယ်ရှားလိုက်တဲ့အဖြစ်ကတော့ တရားရေးမဏ္ဍိုင်တွင်းက တိုင်းဒေသကြီးတခုရဲ့ ဥပဒေပိုင်းဆိုင်ရာ ရာထူးတာဝန်အကြီးမားဆုံး ရယူထားတဲ့သူအပေါ် ထိရောက်စွာ ကိုင်တွယ်ပြလိုက်တာဖြစ်သလို တရားရေးဝန်ထမ်းတွေကြား အဂတိ လိုက်စားမှုနဲ့ပတ်သက်ပြီး ဟန့်သွားအောင် ဆောင်ရွက်ပြလိုက်တဲ့လုပ်ရပ်တခုအဖြစ် မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးသိန်းသန်းဦးက အခုလိုရှု့မြင်ပါတယ်။

“ဒီလို ဥပဒေချုပ်အပါအဝင် ဒီလို ရုပ်သိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သမ္မတက နိုင်နိုင်နင်းနင်း ကိုင်တွယ်လိုက်ပြီး ဒီလို တရားသဖြင့် လုပ်လိုက်တာဟာဖြင့်ရင် တရားစီရင်ရေးမှာ ကျနော်တို့က အောင်ပွဲတခုဖြစ်တယ်၊ လူထုဘက်ကနေပြီး လုပ်လိုက်တာဖြစ်တယ်လို့ ကျနော်တော့ အဲလို မြင်တယ်။ အဲလို ခံစားရတယ်။ နောက်တခါ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ဆောင်ရွက်တဲ့ ကိစ္စတွေကို ပြောရင် ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်တာလေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ သမ္မတဟာ နိုင်ငံသားထဲမှာ အထွဋ်အထိပ် ပုဂ္ဂိုလ် ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၉ (ဃ) အရ သမ္မတဟာ ဝန်ထမ်းအားလုံးရဲ့ အကြီးအကဲဖြစ်တယ်။ “Head of the Staff” သူက ဒီလို ကိစ္စတွေကို ဆောင်ရွက်ခွင့်ရှိတယ်။

အခုဟာက သူက တရားစီရင်ရေးထဲ ဝင်စွက်ဖက်တာ မဟုတ်ဘူးလေ။ ဖြစ်လာတဲ့ပြဿနာနဲ့ ပတ်သက်ပြီးတော့ တရားသူကြီးချုပ်ရယ်၊ ဥပဒေချုပ်ရယ်၊ နောက် အဂတိလိုက်စားမှု ကော်မရှင်ကို ဥပဒေနဲ့အညီဖြစ်အောင် လုပ်ပေးပါလို့ ပြောတာ။ အရေးယူလိုက်ပါလို့ ပြောတာ မဟုတ်ဘူး။ နောက် ဖြစ်စဉ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် ၁၉၂၁ ခုနှစ်- နိုင်ငံတော် တရားရုံး စတည်ထောင်တဲ့အချိန်ကစပြီးတော့ ကျနော်တို့ တကြိမ်တခါမှ မကြားဖူးတဲ့ night club မှာ ရိုက်သတ်တဲ့ကိစ္စမျိုးကို ရုပ်သိမ်းသင့်သည်-ဆိုတဲ့ကိစ္စကို အတော်ကို ရုပ်ပျက်ဆင်းပျက် နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုအမှုမျိုးမပြောနဲ့၊ မတော်တဆ ယာဉ်တိုက်မှုဖြစ်တဲ့ ၃၀၄ (ဃ) လို အမှုမျိုးမှာတောင်မှ လူများလို့ရှိရင် ရုပ်သိမ်းခွင့်မပေးဘူး။ အခု ဒီလို ကိစ္စကြီးမှာ ဒီလိုဖြစ်သွားတဲ့ဟာကြီးကတော့ အတော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သမ္မတက မနေနိုင်ဘဲ ၁၉၉ (ဃ) ကိုသုံးပြီးတော့ ဝင်ပြောတယ်။ ကျနော်တော့ သူ လုပ်တဲ့လုပ်ရပ် မှန်တယ်လို့ ထောက်ခံတယ်။”

ဟာသ သရုပ်ဆောင် အောင်ရဲထွေး ကလပ်ထဲမှာ လူအုပ်စုနဲ့ ရိုက်နှက်ခံရမှုနဲ့ သေဆုံးခဲ့ရတဲ့အပေါ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့တာနဲ့ပတ်သက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းတဲ့အခါ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်ပြီး ရန်ကုန်တိုင်းဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိတော်တော်များများ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအမှုမှာ လာဘ်ပေးသူအပေါ် အမှုဖွင့် အရေးယူခြင်းမရှိဘဲ တရားလိုပြသက်သေအဖြစ် အစစ်ဆေးခံမယ့်အခြေအနေ အပေါ်မှာလည်း ရှေ့နေကြီးဦးသိန်းသန်းဦးက အခုလိုရှင်းပြပါတယ်။

“ဒါကတော့ သူက အမှု သက်သေတည်ဆောက်တဲ့ prosecution ပေါ့ဗျာ။ တရားလို၊ တရားစွဲ အဖွဲ့အစည်း ရဲ့ သဘောပါပဲ။ ဒါ ကျနော်တို့က နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုတွေတောင်မှ ဖော်ကောင်ထားပြီး ကင်းလွတ်မှုတွေ…. approver ပေါ့ဗျာ-အဲဒီအာဏာက ဟိုတုံးက မြို့နယ်ကောင်စီ…ပေါ့- အဲဒီမှာ ရှိတယ်။ အဲလို လုပ်ကိုင်ပေးနိုင်တဲ့ အနေအထားရှိတော့ တရားစွဲ အဖွဲ့အစည်းက သက်သေခံ ဥပဒေ အထောက်အထားအရ သက်သေအထင်အရှားပြဖို့တာဝန် သူတို့ပုခုံးပေါ်ကျတော့ သူတို့ ပြနိုင်သမျှသက်သေ သူတို့ပြဖို့ ဒါ လုပ်ထုံးလုပ်နည်းအရ လုပ်တယ်လို့ပဲ ကျနော် ယူဆပါတယ်။ အဂတိလိုက်စားမှု ကော်မရှင် ဥပဒေ ကလည်း ရှိနေတော့ သူ့ဥပဒေအရ ဆောင်ရွက်တာပဲ၊ ဆောင်ရွက်တဲ့ကိစ္စကို လိုက်နာရမှာပေါ့နော်။ တရားစီရင်တာတော့ သီးခြားပေါ့။ ဒါ သူတို့ ဖမ်းဆီး အရေးယူဆောင်ရွက်တယ်။ သူတို့ တွေ့ရှိချက်တွေက ဒီလိုဖြစ်တယ်။ ကြားနာစစ်ဆေးမယ့် တရားရုံးက တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားပေါ် တည်တာပေါ့။ ဒါကတော့ အဂတိလိုက်စားမှု ကော်မရှင်ကတော့ သူ့ပြဌာန်း အပ်နှင်း ထားတဲ့ ဥပဒေအာဏာအရ သူ လုပ်ကိုင် ဆောင်ရွက်တာပါ။”

အရပ်သားအစိုးရလက်ထက် ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် တရားဥပဒေရေးရာ အဆင့်မြင့် တာဝန်ရှိသူ တဦးကို အဂတိ လိုက် စားမှုသံသယနဲ့ ဖမ်းဆီး တရားစွဲဆိုတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်သလို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဥပဒေချုပ်တယောက်ကို တာဝန်ကရပ်စဲတာဟာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အခုလို ဥပဒေချုပ်အပေါ် ဖမ်းဆီးတရားစွဲတာ၊ သမ္မတက ရာထူးက ရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာအကဲခတ်သူဒေါက်တာရန်မျိုးသိမ်းက အခုလို သုံးသပ်ပါတယ်။

“အဂတိလိုက်စားမှုက ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ ကြီးမားတဲ့ စိန်ခေါ်မှုတခုလို့ မြင်တယ်။ အဲ့တော့ အခု လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူလိုက်တာ ဟာ ကျနော့်အမြင်အားဖြင့်တော့ ဒါဟာ အားရစရာကောင်းတဲ့ ခြေလှမ်းတခုလို့ မြင်တယ်။ ဒါပေမယ့် ဒီ့ထက်ပို ပြီးတော့ပေါ့လေ-ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်ဖို့၊ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ဖို့ လိုအပ်သေး တယ်လို့ မြင်တယ်။ ကျနော့်အမြင်ကတော့ ဒါဟာ အလားအလာ ကောင်းလာတယ်လို့တော့ ကျနော် မြင်ပါ တယ်။ ဒါပေမယ့် အဲဒီအခြေအနေကို အစိုးရပိုင်းကရော လွှတ်တော်ပိုင်းကရော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပိုင်းကရော အမိအရဆုပ်ကိုင်ပြီးတော့ အကျိုးရှိအောင် သုံးနိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။”

အဂတိလိုက်စားမှုတွေ၊ တရားဥပဒေလောကမှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဥပဒေကို လက် တလုံးခြား အလွဲသုံးစား လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အခုလုပ်ရပ်အပေါ် အရပ်သားအစိုးရ လက်ထက် ထိရောက်စွာကိုင်တွယ်ဖြေရှင်းမှုတခုအဖြစ် ကြိုဆိုကြသလို ပြည်သူလူထုကြားမှာလည်း သူတို့ကြုံတွေ့ရင်ဆိုင်နေရတဲ့ တရားရေးဆိုင်ရာ အခက်အခဲတွေကို ပိုပြီးတော့မှ တရားမျှတမှု ရဖို့ ယုံကြည်ကိုးစားမှုတွေ ပိုဖြစ်လာစေမယ်လို့ မျှော်လင့်ကြောင့်လည်း ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးရမှုမှာ အရေးမယူပဲ အမှုပိတ်လိုက်တဲ့ကိစ္စ နဲ့ ဆက်စပ် တယ် ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (အရင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကိုတို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်ကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၅၆ တို့နဲ့ အမှုဖွင့် အရေးယူထားတဲ့အကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန် အပြီး နောက်တရက် စက်တင်ဘာလ ၁၄ရက်နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ကို သမ္မတ က ရာထူးတာဝန်က ရပ်စဲလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG