သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အွန်လိုင်းပေါ် အမုန်းတရား ဖြန့်ကြက်မှု အရေးယူဖို့ သြစတေးလျ ပြင်ဆင်


နယူးဇီလန်နိုင်ငံ၊ Christchurch မြို့ရှိ Al-Noor ဗလီရဲ့ အပြင်ဘက် (မတ်၊ ၂၃၊ ၂၀၁၉)

လူမှုကွန်ယက်တွေပေါ်မှာ တင်ကြတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကို သက်ဆိုင်ရာ လူမှုကွန်ယက် ကုမ္ပဏီ အသီးသီးက အလျင်အမြန် ဖြုတ်ချခြင်းမပြုရင် ထောင်ဒဏ်နဲ့ ဒေါ်လာ သန်းနဲ့ချီ ဒဏ်ခတ်နိုင်မယ့် ဥပဒေသစ်တရပ်ကို သြစတေးလျနိုင်ငံက ကမ္ဘာမှာ ပထမဆုံး နိုင်ငံအဖြစ် ပြဌာန်းဖို့ ပြင်ဆင်နေပါတယ်။ နယူးဇီလန်နိုင်ငံ၊ Christchurch မြို့မှာ မကြာသေးခင်က ဖြစ်သွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ရေးဆွဲထားတဲ့ ဒီ ဥပဒေကြမ်းကို အခု သီတင်းပတ်အတွင်း သြစတေးလျ လွှတ်တော်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအကြောင်း Sydney မြို့ကနေ ဗွီအိုအေ သတင်းထောက် Phil Mercer သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နယူးဇီလန်နိုင်ငံ၊ Christchurch မြို့က မွတ်ဆလင် ဗလီ ၂ ခုမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို သေနတ်သမားက ၁၇ မိနစ်ကြာ Facebook လူမှုကွန်ယက်က တဆင့် တိုက်ရိုက် ပြသခဲ့တာပါ။ လူ ၅၀ လောက် သေဆုံးသွားခဲ့တဲ့ အဲဒီ ဖြစ်စဉ်ဟာ လူမှုကွန်ယက်ပေါ်မှာ တနာရီကျော်ကြာအထိ ရှိနေခဲ့တာပါ။

တုန်လှုပ် ခြောက်ခြားဖွယ်ကောင်းတဲ့ အဲဒီ ဖြစ်စဉ်ကို Facebook အနေနဲ့ ဖြုတ်ချဖို့ နှေးကွေးစွာ လုပ်ဆောင်ခဲ့ကြောင်း သြစတေးလျ ဗဟိုအစိုးရ ရှေ့နေချုပ် Christian Porter က ပြောပါတယ်။

“လူမှုကွန်ယက်ပေါ် ရောက်လာပြီး မိနစ် ၆၀ နီးပါးလောက် ကြာတဲ့အချိန်မှာ အဲဒီ ပစ်ခတ်မှုအကြောင်း တင်ထားတာကို ဖြုတ်ချပေးဖို့ နယူးဇီလန် ရဲတပ်ဖွဲ့က တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ၆၉ မိနစ်ကြာမှ ဖြုတ်ချပေးနိုင်ပါတယ်။ ဒါကြောင့် ကျနော့် အနေနဲ့ရော၊ စဉ်းစား ဆင်ခြင်တတ်တဲ့သူ တဦးအနေနဲ့ရော ပြောရမယ်ဆိုရင်တော့ အဲဒီ အချိန်အတိုင်းအတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူး ဖြစ်နေပါတယ်။”

နယူးဇီလန် အကြမ်းဖက် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူဟာ သူ့ကိုယ်သူ လူဖြူ လူမျိုးကြီးဝါဒီလို့ သတ်မှတ်ထားတဲ့ အသက် ၂၈ နှစ်အရွယ် သြစတေးလျနိုင်ငံသား တဦးဖြစ်ပါတယ်။

အများပြည်သူ လက်မခံနိုင်တဲ့ အကြောင်းအရာနဲ့ ဖြစ်စဉ်တွေကို လူမှုကွန်ယက်ပေါ်ကနေ အလျင်အမြန် ဖြုတ်ချပေးရေးအတွက် လူမှုကွန်ယက် ကုမ္ပဏီတွေက တာဝန်ရှိသူတွေကို သြစတေးလျ အစိုးရ၀န်ကြီးတွေက ခေါ်ယူ တွေ့ဆုံခဲ့ပေမယ့် ထွက်လာတဲ့ ရလဒ်အပေါ် လွှတ်တော်အမတ်တွေက မကျေမနပ် ဖြစ်နေကြတာပါ။

ဆက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက် ဖြစ်စဉ်တွေကို လူမှုကွန်ယက်တွေပေါ်ကနေ အလျင်အမြန် မဖြုတ်ချရင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဒဏ်ရိုက်နိုင်မယ့် ဥပဒေကို ပြဌာန်းဖို့ စီစဉ်နေတာပါ။ လူမှုကွန်ယက် အကြီးအကဲတွေအနေနဲ့လည်း ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

အခု အဆိုပြုထားတဲ့ ဥပဒေကြမ်းက အရမ်း ပြင်းထန်လွန်းကြောင်း သြစတေးလျနိုင်ငံ New South Wales တက္ကသိုလ်က ဆိုင်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ Nigel Phair က ပြောပါတယ်။

“ကျနော်ကတော့ ထောင်ချတယ်ဆိုတာ ရာဇ၀တ်မှု၊ အကြမ်းဖက်မှု ကျူးလွန်သူတွေ အတွက်ပဲ ဖြစ်သင့်တယ်လို့ ယုံကြည်သူ ဖြစ်တာနဲ့အညီ လူမှုကွန်ယက် ကုမ္ပဏီတွေက အကြီးအကဲတွေကိုတော့ ထောင်မချသင့်ဘူးလို့ ထင်ပါတယ်။ ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးနေဖို့ လိုပါတယ်။ ဒဏ်ရိုက်တာကတော့ ကောင်းတဲ့ ကိစ္စပါ။ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မျှတတဲ့ နည်းလမ်းတခု ကျနော်တို့ ရှာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

Christchurch မြို့က တိုက်ခိုက်မှုအကြောင်း တင်ထားတဲ့ ဗွီဒီယိုကို ထပ်ဆင့် ကူးယူ ဖော်ပြကြတဲ့ အရေအတွက် တသန်းခွဲလောက်ကို ဖြုတ်ချခဲ့ပြီး ဖြစ်ကြောင်း Facebook က ပြောပါတယ်။ ဒါ့အပြင် တိုက်ရိုက် ထုတ်လွင့်မှုနဲ့ဆိုင်တဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ပိုမို ကောင်းမွန်အောင်နဲ့ အမုန်းတရားတွေ အွန်လိုင်းပေါ်မှာ ဖြန့်ကြက်မှုကို ဟန့်တားနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဥပဒေကြမ်းကို အတည်ပြုရေး၊ မပြုရေး သြစတေးလျ လွှတ်တော်က အခု သီတင်းပတ်အတွင်း ဆွေးနွေးကြမှာပါ။ Christchurch မြို့မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ လူမှုကွန်ယက်တွေရဲ့ အခန်းကဏ္ဍကိုလည်း နယူးဇီလန် အစိုးရက ဖွဲ့ထားတဲ့ သြဇာကြီးတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က အသေးစိတ် စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ သေနတ်သမားကိုတော့ လာမယ့် သောကြာနေ့မှာ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG