သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အစိုးရအဆိုပြု


Australia နိုင်ငံ ဆစ်ဒနီမြို့
Australia နိုင်ငံ ဆစ်ဒနီမြို့

Australia နိုင်ငံကို အဆင့်မြင့် ကျွမ်းကျင် လုပ်သားတွေ ပိုလွယ်လွယ်ကူကူ လာရောက်နိုင်အောင်နဲ့ နိုင်ငံထဲမှာ အမြဲတမ်းနေထိုင်ခွင့် အဆင်ပြေပြေ လျှောက်နိုင်ဖို့ ပါဝင်တဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်တခုလုံးကို ပြန်လည်သုံးသပ်ဖို့ အစိုးရက အဆိုပြုလိုက်ပါတယ်။ လက်ရှိ လူဝင်မှုကြီးကြပ်ရေးစနစ်က အလုပ်မဖြစ်တာမို့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Clare O'Neil ကသတင်းထောက်တွေကို ပြောကြားပါတယ်။

Australia လူဝင်မှုကြီးကြပ်ရေးစနစ်က ဆယ်စုနှစ်တခုလောက် လှစ်လျူရှုခံထားရတဲ့ အကျိုးဆက်ကြောင့် လုံးဝအလုပ်မဖြစ်တော့ဘူးလို့ ပြောသွားတာပါ။ Australia စီးပွားရေးလုပ်ငန်းတွေအတွက် အလုပ်မဖြစ်သလို၊ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေအတွက်တင်မက အဆိုးဆုံးက Australia နိုင်ငံသားတွေ အတွက်ပါ လုံးဝ အလုပ်မဖြစ်ဘူးလို့ ပြည်ထဲရေးဝန်ကြီး Clare O'Neil ကပြောကြားသွားပါတယ်။ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံပြောင်းအခြေချသူတွေက ကူညီဖြေရှင်းပေးနိုင်ဖို့ ခုလို အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။ အမှတ်ပေးစနစ်နဲ့ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေကို ရွေးချယ်ခေါ်ယူနေတဲ့ လက်ရှိစနစ်ကို Australia နိုင်ငံစီးပွားရေးအတွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်သူတွေကို အဓိကထား ရွေးချယ်ပြီး အပြောင်းအလဲတွေလုပ်သွားမယ်လို့ အစိုးရက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးစနစ်အောက်မှာ ရှိတဲ့ ကဏ္ဍအားလုံးနီးပါးကို ပြန်လည်ပြင်ဆင်မှာဖြစ်သလို နိုင်ငံတကာ ကျောင်းသားတွေအတွက် ဗီဇာတင်းကြပ်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ အဆင့်မြင့် ကျွမ်းကျင် လုပ်သားတွေကိုတော့ လွယ်လွယ်ကူကူ Visa လျှောက်နိုင်အောင်နဲ့ လျှောက်ထားချက်ကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ပေးသွားမယ်လို့ ပြောပါတယ်။ ယာယီဗီဇာနဲ့ လာရောက်တဲ့ ကျွမ်းကျင်အဆင့် လုပ်သားတွေအနေနဲ့ အရင်က အမြဲတမ်းနေထိုင်ခွင့် လျှောက်ခွင့်မရှိတာကိုလည်း လျှောက်ခွင့်ရအောင် လမ်းဖွင့်ပေးမှာဖြစ်ပါတယ်။

နိုင်ငံထဲမှာ အလုပ်လာလုပ်သူတွေအတွက် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ကိုလည်း Australia ဒေါ်လာ ၅ သောင်း ၃ ထောင်ကျော် သတ်မှတ်ထားတာကနေ အမေရိကန်ဒေါ်လာ ၄ သောင်း ၆ ထောင်ကျော်နဲ့ညီမျှတဲ့ Australia ဒေါ်လာ ၇ သောင်းအထိ တိုးပေးမှာဖြစ်ပါတယ်၊ အခုလို အပြောင်းအလဲတွေလုပ်သွားပေမဲ့ နိုင်ငံမှာ နှစ်စဉ် အမြဲတမ်း နေထိုင်ခွင့်ပြုသူ အရေအတွက်ကိုတော့ တိုးပေးမှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG