သုံးရလွယ်ကူစေသည့် Link များ

AUKUS အပေါ် ဒေသတွင်းနိုင်ငံများရဲ့ သဘောထား


AUKUS အပေါ် ဒေသတွင်းနိုင်ငံများရဲ့ သဘောထား
please wait

No media source currently available

0:00 0:12:54 0:00

အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံတို့က Australia ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ရောင်းချရေး အစီအစဉ်အပေါ် မြန်မာအပါအဝင်အာဆီယံ နဲ့အင်ဒိုပစိဖိတ် ဒေသတွင်းနိုင်ငံတွေက ဘယ်လိုသဘောထားကြပါသလဲ။

အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံတို့က Australia ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ရောင်းချရေး အစီအစဉ်အပေါ် မြန်မာအပါအဝင်အာဆီယံ နဲ့အင်ဒိုပစိဖိတ် ဒေသတွင်းနိုင်ငံတွေက ဘယ်လိုသဘောထားကြပါသလဲ။ ခုတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးးကျော်ဇံသာကို ကိုဝင်းခန့်မောင်က မေးမြန်းဆွေးးနွေးထားပါတယ်။

မေး ။ ။ အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ မကြာသေးခင်က နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ နေရာယူလာတဲ့ AUKUS အဖွဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျ (၃) နိုင်ငံ လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့မှာ တည်ထောင်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအဖွဲ့ရဲ့ အရေးကြီးတဲ့အချက်တွေထဲက သဘောတူထားတဲ့ အချက်တွေထဲက တခုကတော့ သြစတြေးလျရေတပ်ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တပ်ဆင်ပေးဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အင်ဒို - ပစ္စီဖိတ်ဒေသ၊ တောင်တရုတ်ပင်လယ်တို့မှာ တရုတ်ရဲ့သြဇာ လွှမ်းမိုးမှုကို တန်ပြန်တုံ့ပြန်တဲ့ လှုပ်ရှားမှုတရပ်လို့ ဆိုရမှာပါ။ ဆိုတော့ AUKUS အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ လိုအပ်ချက်ကို စပြီတော့ ရှင်းပြပေးပါ။

ဖြေ ။ ။ ပထမဦးဆုံးကတော့ ရည်ရွယ်ချက်က စောစောက ကိုဝင်းခန့် ပြောသလိုပါပဲ၊ တရုတ်ကို ထိန်းညှိဖို့လုပ်တာ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သုံးနိုင်ငံပါ။ ဒါပေမဲ့ သူတို့ပြောတာကတော့ ပိုမိုပွင့်လင်းတဲ့ အင်ဒို-ပစ္စီဖိတ် -- အိန္ဒိယသမုဒ္ဒရာနဲ့ ပစ္စီဖိတ်ဒေသ ပိုမိုပွင့်လင်းရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အထက်မြတ်ဆုံးနဲ့ စိတ်အချရဆုံး မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုပြီးတော့ သမ္မတဘိုင်ဒန် (Biden) က ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဆူနက် (Sunak) ကလည်း သူတို့ရဲ့ အတ္တလန်တိတ်နဲ့ ပစ္စီဖိတ်သမုဒ္ဒရာတွေမှာ လွတ်လပ်ငြိမ်းချမ်းမှု ရှိဖို့အတွက် နောင်လာမယ့် ဆယ်စုနှစ်တွေအထိ ငြိမ်းချမ်းမှုတွေ ရှိသွားဖို့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အဓိကတော့ တရုတ်ကို တန်ပြန်လုပ်တာပါ။ တရုတ်ကို ထိန်းဖို့ကြိုးစားတာပါ။ တရုတ်က အင်ဒို-ပစ္စီဖိတ်ဒေသမှာ ခါးပါတ်လမ်း လုပ်နေတယ်။ အဲဒီကိစ္စကို စိုးရိမ်ကြတာ ရှိတယ်။ နောက်တခါ အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်လာတဲ့ကိစ္စ။ နောက် ထိုင်ဝမ်ကိစ္စတွေမှာ သူတို့ သိပ်ပြီးတော့ စိုးရိမ်ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်ဝမ်ကို အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်ဆီပလိုစီ သွားလည်ပတ်လိုက်ပြီးနောက်မှာ လေကြောင်းလုံခြုံရေး နယ်မြေချဲ့ဖို့ လေယာဉ်တွေဘာတွေ လွှတ်တာကိုတွေ့ပြီး၊ သူတို့ အထူးစိုးရိမ်ကြတာ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်ကို ထိန်းညှိဖို့လိုတယ်ဆိုပြီးတော့ အဓိက နျူကလီးယားစွမ်းအင်တပ်ထားတဲ့ ရေငုပ်သင်္ဘောကို သြစတြေးလျအတွက် တပ်ဆင်ပေးဖို့ဆိုပြီး လုပ်လာတာ ဖြစ်ပါတယ်။

မေး ။ ။ ဒီအဖွဲ့ အခုလို တည်ထောင်လိုက်တဲ့အပေါ် တရုတ်ဘက်က ဘယ်လိုတုံ့ပြန်မှု ရှိပါသလဲ။

ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကတော့ အပြင်းထန်ဆုံး ကန့်ကွက်တယ်။ တရုတ်က ဒါကို illegal violation of NPT - Nuclelar Non-proliferation treaty နျူကလီးယား မပြန့်ပွားရေး သတ်မှတ်ချက်စည်းကမ်းဥပဒေကို ဒီသုံးနိုင်ငံက ဥပဒေမဲ့ ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ အဓိကအားဖြင့် တုံ့ပြန်ပါတယ်။ ဒီဟာက ပိုပြီးတော့ arm race လက်နက်ပြိုင်ဆိုင်မှု ပိုပြီးဖြစ်လာနိုင်မယ်လို့ ထောက်ပြပါတယ်။ အခုလောလောဆယ်မှာပဲ မနေ့တနေ့က တက်လာတဲ့ သတင်းအရဆိုရင် တရုတ်က နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေတပ်ဆင်ထားတဲ့ နျူကလီးယားစွမ်းအင် ရေငုပ်သင်္ဘောတစင်းကို တောင်တရုတ်ပင်လယ်မှာ အမြဲတမ်းလိုလို ကင်းလှည့်နေမယ်ဆိုတဲ့သတင်း တက်လာပါတယ်။ အမေရိကန်စစ်ထောက်လှမ်းရေးသတင်းကို ကိုးကားပြီးတော့ Reuters က ရေးသားထားခြင်း ဖြစ်ပါတယ်။ ဒီဒေသမှာ ပဋိပက္ခ၊ စစ်ရေးပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာမယ့် အနေအထား ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပိုင်နက်လို့ပြောတဲ့ ကပ္ပီလီပင်လယ်ပြင်ဘက်မှာရှိတဲ့ ကျွန်းတွေမှာလည်း တရုတ်ရဲ့ စစ်စခန်း တည်ဆောက်မှုတွေ တွေ့လာရတယ်လို့ ပြောနေပါတယ်။ ဒီဒေသအတွင်းမှာ စစ်ရေးပြိုင်ဆိုင်မှု ပိုများလာမှာတော့ သေချာပါတယ်။

မေး ။ ။ ဒါကတော့ သဘာဝကျတယ်လို့ ဆိုရမှာပေါ့။ သဘောတူညီချက်ထဲမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလိုဟာတွေ ပါတယ်ဆိုတော့က ဒီဟာက NPT နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး တားဆီးတဲ့စာချုပ်ကိုလည်း ချိုးဖောက်ရာ ရောက်တယ်ဆိုတော့၊ တဆက်တည်းမှာလည်း နိုင်ငံတကာအခင်းအကျင်းမှာကော ဘယ်လိုပြောင်းလဲသွားစေနိုင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာ power အခင်းအကျင်းကို ဖြစ်စေချင်တာပေါ့ - အမေရိကန်ကတော့ Unipolarity သူ တနိုင်ငံတည်း ကြီးစိုးထားတဲ့ နိုင်ငံတကာအခင်းအကျင်းပေါ့။ သူ့ဆန္ဒအတိုင်း ဖြစ်စေချင်တယ်။ တရုတ်၊ အထူးသဖြင့် ရုရှားနဲ့ တရုတ်တို့ကတော့ Unipolar အမေရိကန် ကြီးစိုးထားတဲ့ နိုင်ငံတကာအခင်းအကျင်းကို မလိုချင်ဘူး။ သူတို့က ဒါကို ပြောင်းလဲစေချင်တယ်။ ဆိုတော့ အမေရိကန်က တနည်းအားဖြင့် ပြောရရင် Unipolar သူတို့ ကြီးစိုးထားတဲ့ အခင်းအကျင်းကို ပိုပြီးခိုင်မြဲအောင်လုပ်တာ ဖြစ်ပါတယ်။

မေး ။ ။ AUKUS အဖွဲ့မတိုင်ခင်က ဖွဲ့စည်းခဲ့တဲ့ QUAD အဖွဲ့မှာတော့ လေးနိုင်ငံ ပါဝင်ပါတယ်။ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုပါ။ ဆိုတော့ အခုဖွဲ့လိုက်တဲ့ AUKUS နဲ့ QUAD တို့က ဘယ်လိုမျိုး ကွာခြားမှု ရှိပါသလဲ။

ဖြေ ။ ။ တကယ်တော့ AUKUS ဟာ QUAD ကို တဆင့်ကျော်တက်လိုက်တယ်လို့ သတ်မှတ်ကြပါတယ်။ AUKUS လုပ်လိုက်တဲ့အတွက် QUAD ဟာ မှိန်သွားတယ်။ သို့ပေမဲ့ အစရည်ရွယ်ချက်ကလည်း နည်းနည်းကွာဟချက် ရှိတယ်။ QUAD ဖွဲ့ကစတုန်းက စစ်ရေးတခုတည်း မဟုတ်ဘူး။ ကာကွယ်ရေး အင်အားတခုတည်း မဟုတ်ဘဲနဲ့ အခြားကမ္ဘာ့အရေးတွေလည်း သူတို့ပါတယ်။ ဥပမာအားဖြင့် ကိုဗစ်ကိစ္စ ဆေးဝါးနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ကမ္ဘာ့ပြဿနာတွေ၊ ရာသီဥတုနဲ့ အခြားကိစ္စရပ်တွေကို သူတို့ အများကြီးထည့်စဉ်းစားထားတာ ရှိတယ်။ အခု AUKUS ကတော့ နျူကလီးယား လက်နက်ကိစ္စကိုသာ ပိုပြီးတော့ အဓိကထားတာ တွေ့ရပါတယ်။ အဲဒီလို ကွာဟချက်ရှိတယ်။ လောလောဆယ်မှာတော့ AUKUS ကို ထိပ်တန်းတင်လိုက်တော့ QUAD က မှိန်သွားတယ်ဆိုတဲ့သဘောလို့ လူတွေက သုံးသပ်ကြပါတယ်။

မေး ။ ။ QUAD အဖွဲ့ထဲက AUKUS မှာမပါတဲ့ အိန္ဒိယနဲ့ ဂျပန် နှစ်နိုင်ငံဘက်ကကော ဘယ်လို တုံ့ပြန်မှုတွေ ရှိပါသလဲ။

ဖြေ ။ ။ ဂျပန်ရဲ့ သဘောထားကတော့ ယေဘူယျအားဖြင့် ဂျပန်က ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဂျပန်ဟာ တရုတ်ရဲ့ စစ်ရေးတိုးချဲ့မှုကို အမြဲတမ်း စိုးရိမ်နေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကိုသွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးပါတယ်။ ဆိုတော့ သူတို့ဟာ တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုတွေကို အပြင်းအထန် ကန့်ကွက်တယ်၊ စိုးရိမ်တယ်လို့ ပြောခဲ့ပေမဲ့ သူတို့ နှစ်နိုင်ငံခြားမှာ Hot line အရေးပေါ် ဆက်သွယ်မှု ထားရှိမယ်လို့ သဘောတူထားကြတာကို ထပ်ပြီးအခိုင်အမာ ပြောခဲ့ကြပါတယ်။ တင်းတင်းမာမာ ဖြစ်လာရင်လဲ သူတို့ဟာ လူအချင်းချင်းပြောပြီးတော့ ညှိမယ်ဆိုတဲ့သဘောမျိုး တွေ့ရပါတယ်။ ဒါကတော့ ဂျပန်ရဲ့ သဘောထား ဖြစ်ပါတယ်။ နောက်တခုက ဂျပန်ဟာ အနောက်နိုင်ငံတွေနဲ့ စစ်ရေးမဟာမိတ် ဖွဲ့သင့်တဲ့ ဒေသတွင်းမှာ ပြောတဲ့လူတွေလည်း ရှိသလို၊ တချို့ကလည်း အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့ကတော့ အင်္ဂလိပ်စကားပြော နိုင်ငံတွေပဲဖြစ်တော့ ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလည်း ဒီလူတွေက ပေါင်းပြီးတော့ ဂျပန်နဲ့ စစ်ဖြစ်ခဲ့ဖူးတယ်။ ဂျပန်ကို တိုက်တဲ့ထဲမှာ သြစတြေးလျလည်း ပါဝင်ခဲ့ဖူးတယ်ဆိုတော့ အဲဒီသမိုင်းကို ပြန်သတိရတဲ့ လူတချို့ကလည်း စိုးရိမ်တဲ့သဘောမျိုး ပြောကြတာကိုလည်း တွေ့ရပါတယ်။ အဲဒါ ဂျပန်ရဲ့ သဘောထား ဖြစ်ပါတယ်။

အိန္ဒိယရဲ့ သဘောထားကတော့ အိန္ဒိယမှာ ကြိုဆိုသူရှိတယ်။ ကန့်ကွက်သူလည်း ရှိတယ်။ နှစ်အုပ်စု ကွဲနေပါတယ်။ ကြိုဆိုတဲ့လူတွေကတော့ ဒီဟာလုပ်လိုက်တာ ကောင်းတယ်။ ကောင်းတဲ့အပြင် တချို့က ဘယ်လိုတောင် တွက်ကြပြောကြသလဲဆိုတော့ AUKUS လုပ်လိုက်တဲ့အတွက်ကြောင့် ပြင်သစ်က သိပ်မကြည်တော့ဘူး။ ပြင်သစ်က ရေငုပ်သင်္ဘောရောင်းဖို့ လုပ်ထားတာကို ဖြတ်ပြီးတော့ အမေရိကန်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပေးလိုက်တော့ ပြင်သစ်ကအောက်သွားပြီး သိပ်မကျေနပ်ဘူး။ အဲဒီတော့ အိန္ဒိကတချို့က ဘာပြောလဲဆိုတော့ ဒါဟာ အခွင့်ကောင်းပဲ။ ပြင်သစ်နဲ့ ဆက်ပြီးတော့ စီးပွားရေးကိစ္စ ဘာညာလုပ်ဖို့ ငါတို့အတွက် အခွင့်ကောင်းပဲလို့ အဲဒီလိုတွက်တဲ့လူတွေလည်း ရှိတယ်ဆိုတော့ အဲဒါက အိန္ဒိယဘက်က အမြင်တချို့ပေါ့။ ကန့်ကွက်တဲ့လူတွေကတော့ အာရှရဲ့ တည်ငြိမ်မှုကို တမျိုးတမည် ဖြစ်သွားစေနိုင်တယ်။ အာရှရဲ့ Balance of Power ကို အောက်သွားစေနိုင်တယ်ဆိုပြီးတော့ ကန့်ကွက်ကြတယ်။ အဲဒါကို စိုးရိမ်တယ်။ နောက်တခုကလည်း တရုတ်ကို ပေါ်တင်ကြီး ရန်စလိုက်တဲ့သဘော ဖြစ်တယ်။ ဆိုတော့ တရုတ်ကို အိန္ဒိယက သူတို့မြောက်ဘက်မှာ အဓိကရင်ဆိုင်နေရတဲ့ အန္တရာယ်တွေလည်း ရှိတဲ့အတွက်ကြောင့် တရုတ်ရဲ့ အန္တရာယ် ပိုပြီးများလာမှာကို တွက်ကြတယ်။ တရုတ်ကို သွားစလိုက်တဲ့အတွက်ကြောင့်၊ အဲဒါကိုလည်း သူတို့ စိုးရိမ်တယ်ဆိုပြီးတော့ အိန္ဒိယ နိုင်ငံရေးအသိုင်းအဝိုင်းမှာ သဘောထားနှစ်မျိုး ကွဲနေတယ်ဆိုတာကို ဖတ်မှတ်ရပါတယ်။ လေ့လာတွေ့ရှိရပါတယ်။

မေး ။ ။ အန်ကယ် အခုပြောခဲ့သလိုပဲ ဂျပန်နဲ့ အိန္ဒိယရဲ့ တုံ့ပြန်မှုဆိုတော့ ဒီအာရှဒေသမှာပဲ တဆက်တည်း မြန်မာနိုင်ငံပါတဲ့အဖွဲ့ အာဆီယံအဖွဲ့အနေနဲ့ AUKUS အဖွဲ့အပေါ် ဘယ်လိုတုံ့ပြန်ကြတာတွေ ရှိပါသလဲ။

ဖြေ ။ ။ အာဆီယံနဲ့ ပတ်သက်လို့ကတော့ နဂိုကမှ အချင်းချင်းသဘောတူညီမှု မရှိတဲ့ အာဆီယံက ပိုကွဲသွားမယ့်သဘော ဖြစ်နေပါတယ်။ တချို့က ဒီဘက်ကို ယိမ်းရမလို၊ တချို့က ဟိုဘက်ယိမ်းရမလို ဖြစ်နေကြပါတယ်။ ဒီနေရာမှာ ပြောစရာတခုက အမေရိကန်တို့ကလည်း တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒချမှတ်တဲ့နေရာမှာ အာဆီယံကို အဓိကထား မတွေးဘူး။ တရုတ်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသာ အခြေခံပြီးတွေးတော့၊ အာဆီယံရဲ့ အနေအထားက အဓိကသီအိုရီ မဖြစ်ဘူးလို့ တချို့က ထောက်ပြကြပါတယ်။ အဲဒါလဲပဲ စိုးရိမ်စရာတခု ဖြစ်ပါတယ်။ အခုလောလောဆယ် ဖြစ်လာတာကတော့ အာဆီယံမှာ ဖီလစ်ပိုင်ဆိုရင် အမေရိကန်ဘက်ကိုပါမှာ သေချာပါတယ်။ စင်္ကာပူလည်း အနောက်ဘက်ကို ယိမ်းပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ဒီကိစ္စကို သဘောမကျပါဘူး။ အင်ဒိုနီးရှားက အပြင်းအထန် ကန့်ကွက်လိုတဲ့သဘော ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့က ရေပြင်ပိုင်နက်ခြင်းလည်း နယ်နမိတ်ချင်း ဆက်စပ်နေကြတော့ ပဋိပက္ခလည်း ရှိခဲ့ကြတယ်။ ဆိုတော့ သူနဲ့ပြိုင်ဘက်ဖြစ်တဲ့ နိုင်ငံတခုမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ကင်းလှည့်နေမယ်ဆိုတော့ သူ့အတွက် စိုးရိမ်စရာ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ မလေးရှားကလည်း တရုတ်နဲ့သွားပြီး ညှိမယ်လို့ ပြင်ဆင်နေပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာတော့ တချို့ကတော့ လားအိုး၊ ဗိယက်နမ်၊ ကမ္ဘောဒီးယားတို့ကတော့ တရုတ်ဘက်ကို ပါမှာပေါ့။ မြန်မာကလည်း သိပ်ခဲယဉ်းပါတယ်။ တရုတ်နဲ့ပိုပြီး နီးစပ်လာတယ်ဆိုတော့ အစကတည်းက အမေရိကန်ကို မြန်မာစစ်ကောင်စီရဲ့ ပေါ်လစီ သဘောထားက ဆန့်ကျင်တဲ့သဘော ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒဆိုတာလည်း ဒီအစိုးရလက်ထက် စစ်ကောင်စီလက်ထဲမှာ လုံးဝပျက်ပြားသွားပြီးတော့ တဘက်ကို ယိမ်းသွားပြီး ဖြစ်ပါတယ်ဆိုတော့ အာဆီယံရဲ့ ပဋိပက္ခဟာ နိုင်ငံအချင်းချင်းမှာလည်း ပိုပြင်းထန်လာမယ်။ သူများရဲ့ ပြိုင်ဘက်ကြားမှာလည်း ပိုကြားညှပ်လာမယ့်သဘော ရှိပါတယ်။

မေး ။ ။ ဒါကတော့ အာရှနိုင်ငံတွေရဲ့ AUKUS အပေါ် သဘောထားတွေပေါ့။ အာဆီယံအပါအဝင် အာရှနိုင်ငံတွေရဲ့ သဘောထားတွေပါ။ ဆိုတော့ တချက်ကလည်း အနောက်မှာလည်း ဥရောပနိုင်ငံတွေ ရှိသလိုပဲ၊ ဒီ AUKUS အဖွဲ့ဝင်နိုင်ငံတွေထဲမှာရော ဒီအဖွဲ့ တည်ထောင်လိုက်တဲ့အပေါ် ဘယ်လိုမျိုး အတိုက်အခံအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေကော ဒါမှပြည်သူတွေကပါ ဘယ်လိုတုံ့ပြန်မှုတွေ ရှိပါသလဲ။

ဖြေ ။ ။ သြစတြေးလျမှာလည်း လူတိုင်း ဒီကိစ္စကို သဘောတူကြတာ မဟုတ်ဘူး။ အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ အနုမြူတွေ၊ ရေငုပ်သင်္ဘောတွေ၊ နောက်ထပ် အနုမြူစွမ်းအင်တွေ ဘာတွေ ဖြစ်လာမယ်ဆိုတာကို သိပ်မကျေနပ်တဲ့လူတွေ ရှိတယ်။ အထူးသဖြင့် သြစတြေးလျရဲ့ ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ Paul Keating, Labor Party ခေါင်းဆောင်က မကြိုက်ဘူး။ ဒီဟာက သြစတြေးလျနိုင်ငံရဲ့ အကျိုးစီးပွား မဖြစ်နိုင်ဘူး။ တရုတ်ကို ပေါ်တင်ရန်စခြင်း ဖြစ်တယ်။ ငါတို့အတွက် တိုင်းပြည်နစ်နာနိုင်တယ်ဆိုပြီး သူက ဒီကိစ္စကို ကန့်ကွက်ပါတယ်။ အလားတူစွာပါပဲ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull ဆိုသူကလည်း ဒီကိစ္စကို မကြိုက်ဘူး။ နောက်တခုက သူတို့ ဘာစဉ်းစားလဲဆိုတော့ နျူကလီးယားလက်နက်ကို ရအုံးတော့ ငါတို့က ဒီဟာကို ကိုယ့်အင်အားနဲ့ကိုယ် သုံးနိုင်မလား။ ဒီလက်နက်ကို သုံးဖို့အတွက် အမေရိကန်ကြိုက်မှ လုပ်ပါဘာညာ ဖြစ်လာမယ်ဆိုတော့ ငါတို့ရဲ့ အချုပ်အခြာအာဏာ၊ သူတို့ လုပ်ပိုင်ခွင့်တွေတောင်မှ ဆုံးရှုံးနိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့ စိုးရိမ်ကြတာ ရှိတယ်။ နောက်တချို့ကလည်း သြစတြေးလျမှာ ရေငုပ်သင်္ဘော အနုမြူဆိုင်ရာ facilities တွေ လုပ်လာရမှာဆိုတော့ Nuclear waste တွေက သူတို့အတွက် အန္တရာယ် ဖြစ်စေနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်စရာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတော့ တော်တော်လေး စိုးရိမ်ကြတဲ့လူတွေလည်း ရှိပါတယ်။

မေး ။ ။ ဆိုတော့ အခုလို နျူကလီးယားလက်နက်တွေ ပြန်ပြီးတော့ စာချုပ်အဖွဲ့တွေမှာ သုံးလာကြတာအပါအဝင် ဆိုတော့ စစ်ရေးကာလမှာ နျူကလီးယား ဖျက်သိမ်းတာကအစ၊ အခုက နျူကလီးယားကဏ္ဍ ပြန်ပြီးတော့ ထင်ပေါ်လာတယ်လို့ပဲ ပြောရမလား။ အဲဒါက ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးအပေါ် ဘယ်လိုမျိုး သက်ရောက်မှု ရှိပါသလဲဆိုတာကို အနစ်ချုပ်သုံးသပ်ပေးပါအုံး။

ဖြေ ။ ။ တကယ်တော့ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ထိန်းသိမ်းတဲ့ကိစ္စက သိပ်မကောင်းတဲ့ကိစ္စပါ။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ လက်နက်မရှိလေ ပိုကောင်းလေပေါ့။ အခုတော့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့အတွက် လက်နက်ကို အပြိုင်အဆိုင် တီထွင်နေကြတာ ဖြစ်တယ်။ အဲဒီလို ဖြစ်လာတယ်။ တချို့ကလည်း ဒီဟာကို Nuclear deterrence လက်နက်တွေ ကိုယ်ရှိသူရှိခြင်းဖြင့် ဘယ်သူကိုမှ မတိုက်ကြဘဲနဲ့ ဖြစ်နေတဲ့အတွက်ကြောင့် နျူကလီးယားကို ထိန်းသိမ်းနိုင်တဲ့ Deterrence affect ရှိတယ်ဆိုပြီတော့ ပညာရှင်တချို့ကလည်း မှတ်ချက်ချပြောဆိုနေကြပါတယ်။

=== Unicode ====



















XS
SM
MD
LG