သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းအိုင်ယာလန် ငြိမ်းချမ်းရေး ၂၅ နှစ်ပြည့် သမ္မတဘိုင်ဒန် သွားရောက်


အိုင်ယာလန်နိုင်ငံကို အလည်အပတ်ခရီးစဉ်ထွက်ခွာမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လေယာဉ်ပေါ်သို့တက်ရောက်ပြီး နှုတ်ဆက်လက်ပြနေစဉ် (ဧပြီ ၁၁၊ ၂၀၂၃၊ မယ်ရီလန်းပြည်နယ်ရှိ Andrews လေတပ်စခန်း)
အိုင်ယာလန်နိုင်ငံကို အလည်အပတ်ခရီးစဉ်ထွက်ခွာမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လေယာဉ်ပေါ်သို့တက်ရောက်ပြီး နှုတ်ဆက်လက်ပြနေစဉ် (ဧပြီ ၁၁၊ ၂၀၂၃၊ မယ်ရီလန်းပြည်နယ်ရှိ Andrews လေတပ်စခန်း)

မြောက်ပိုင်း အိုင်ယာလန်ဒေသ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ပဲ မြောက်အိုင်ယာလန်နယ်ကို ရောက်ရှိသွားပါတယ်။ မြောက်ပိုင်း အိုင်ယာလန်နယ်မှာ နှစ်ပေါင်း ၃၀ ကျော်ကြား အကြမ်းဖက် ပဋိပက္ခတွေ အဆုံးသတ်စေခဲ့တဲ့ အထင်ကရ Good Friday ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ချုပ်ဆိုနိုင်ခဲ့တာပါ။

ဒီသဘောတူညီချက် ရခဲ့ပြီးချိန်ကစလို့ ဒေသတွင်း တိုးတက်ပြောင်းလဲမှု အခြေအနေတွေနဲ့ စီးပွားရေးအရ ဘယ်လို အခွင့်အလမ်းကောင်းတွေ ရှိနေသလဲ ဆိုတာကို သမ္မတဘိုင်ဒန်ခရီးစဉ်အတွင်း အလေးထား ပြောဆိုဖို့ရှိတဲ့ အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောဆိုထားပါတယ်။ Good Friday ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့တာ နှစ်အစိတ်ရှိခဲ့ပေမဲ့ နိုင်ငံရေးကွဲလွဲချက်တွေနဲ့ ပဋိပက္ခတွေ ဆက်ရှိနေပြီး မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေးသဘောတူညီချက် ဘယ်လောက်အထိ ခိုင်မာသလဲဆိုတာ အကဲစမ်းတဲ့ အခြေအနေတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

မနေ့တနင်္လာနေ့က မြောက်ပိုင်း အိုင်ယာလန်ရဲ့ ဒုတိယမြို့တော် Londonderry ချီတက်ဆန္ဒပြပွဲမှာဆိုရင် မျက်နှာဖုံးတပ်ထားတဲ့ လူငယ်တွေက ရဲကင်းလှည့်ကားကို ဓါတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ကြပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ NSC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) ကတော့ သမ္မတရဲ့ အခု ခရီးစဉ်အပေါ် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ ခရီးစဉ်အတွင်း Belfast မြို့မှာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ်ခ် (Rishi Sunak) နဲ့လည်း သမ္မတ ဂျိုးဘိုင်ဒန် တွေ့ဆုံ ဆွေးနွေးဖို့ရှိသလို၊ Ulster တက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့လည်း ရှိပါတယ်။

မနက်ဖြန် ဗုဒဟူးနေ့မှာတော့ တောင်ပိုင်း အိုင်ယာလန်ခေါ် အိုင်ယာလန်နိုင်ငံ က သူရဲ့ ဘိုးဘွားတွေနေထိုင်ခဲ့တဲ့ Ballina မြို့ကို သွားရောက်ပြီး ၃ ရက်ကြာ နေထိုင်မှာဖြစ်ပါတယ်။ အဲဒီမြို့မှာ သူရဲ့ ဘေးတော်သူတဦးဟာ အမေရိကန် ပြည်ထောင်စုကို မထွက်ခွာခင် ၁၈ဝဝ ပြည့်လွန်ကာလလယ်အထိ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဘိုင်ဒန်ဟာ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် (Dublin) မြို့တော်က ရဲတိုက်ကြီးမှာ အိုင်ယာလန်သမ္မတ မိုက်ကယ်ဟင်ဂင်းစ် (Michael Higgins) နဲ့ ပါလီမန်အမတ်တွေ ပူးတွဲဧည့်ခံမယ့် ညစာစားပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG