သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Quad ထိပ်သီးအစည်းဝေး Delaware မှာ ကျင်းပ


ဒယ်လာဝဲလ် ပြည်နယ်မှာ ကျင်းပတဲ့ Quad ထိပ်သီး အစည်းအဝေးပွဲ။ စက်တင်ဘာ ၂၁၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - ရိုက်တာ
ဒယ်လာဝဲလ် ပြည်နယ်မှာ ကျင်းပတဲ့ Quad ထိပ်သီး အစည်းအဝေးပွဲ။ စက်တင်ဘာ ၂၁၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - ရိုက်တာ

အမေရိကန်၊ ဩစတေးလျ၊ ဂျပန်နဲ့အိန္ဒိယ ၄ နိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စနေနေ့က ကျင်းပခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ Delaware ပြည်နယ် Wilmington နေအိမ် မှာ ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒါဟာ လာမယ့် ၄ လ သမ္မတ ရာထူးက မထွက်ခွာမီ သူ စတင် တာဝန်ယူကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ အင်ဒို-ပစိဖိတ် မိတ်ဖက်ဆက်ဆံရေး အားကောင်းလာနေတာကို ထုတ်ဖော် ပြသတာပြီး သူ့ရဲ့ မူဝါဒ အမွေအနှစ် အဖြစ် ချန်ရစ်ခဲ့နိုင်ဖို့လည်း ဖြစ်ပါတယ်။

ဘိုင်ဒန်ဟာ အိမ်ဖြူတော်မှာ စတင် တာဝန်ချိန်တုန်းကတော့ Quad နိုင်ငံများ အစည်းအဝေးကို နိုင်ငံခြားရေး ၀န်ကြီးအဆင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဘိုင်ဒန် တာဝန်ယူချိန်မှာတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းချက် အဖြစ် ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံပြီး မိတ်ဖက်ဆက်ဆံရေး အဆင့်ကို မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

အခု တွေ့ဆုံကြတဲ့ သီတင်းပတ်ကုန် ထိပ်သီးအစည်းအဝေးဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ၆ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး ခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံကြတာကတော့ ၄ ကြိမ် ရှိပါပြီ။

သမ္မတ ဘိုင်ဒန်ဟာ ဧည့်သည် ခေါင်းဆောင် တဦးချင်းကို နေအိမ်မှာ လက်ခံတွေ့ဆုံသလို လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က သူတက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းမှာလည်း ခေါင်းဆောင် အားလုံးနဲ့ တစုတဝေးတည်း တွေ့ဆုံ စည်းဝေးပြီး ညစာစားပွဲနဲ့ တည်ခင်း ပါတယ်။

Quad ခေါင်းဆောင်တွေဟာ တရုတ်နဲ့ မြောက်ကိုရီးယား တို့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ပူးတွဲကြေညာချက် တရပ်ကိုလည်း ထုတ်ဖို့ ရှိတယ်လို့ ဘိုင်ဒန်ရဲ့ သမ္မတ ရုံးက ပြောပါတယ်။

ဘိုင်ဒန်ဟာ လတ်တလောမှာ ရုရှားနဲ့ ယူကရိန်းခရီးစဉ်တွေ သွားထားတဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ ဆွေးနွေးဖို့ ရှိသလို တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖို့ မျှော်လင့်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan သတင်းထောက်တွေကို စနေနေ့ ထိပ်သီး အစည်းအဝေး ကျင်းပချိန်မှာ ပြောပါတယ်။

အိန္ဒိယရဲ့ မိုဒီဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ကြားနေသဘောထားရှိတဲ့ နိုင်ငံတွေထဲက အထင်ရှားဆုံးခေါင်းဆောင် တဦးဖြစ်ပါတယ်။

ဘိုင်ဒန် အနေနဲ့ "အိန္ဒိယလိုနိုင်ငံတွေဟာ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးဆိုင်ရာ အခြေခံမူတွေကို အားပေးထောက်ခံသင့်ကြောင်း" နဲ့ "ကမ္ဘာ့ ဘယ်ဒေသက ဘယ်နိုင်ငံ မဆို ရုရှားရဲ့ စစ်လက်နက် ယန္တရား အတွက် ထောက်ပံ့တာမျိုး ရှောင်ကြဉ်သင့်ကြောင်း " အလေးပေး ဆွေးနွေးမယ်လို့လည်း Sullivan က ပြောပါတယ်။

Quad ထိပ်သီး အစည်းအဝေး တက်ရောက်ကြတဲ့ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်၊ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြရာ မိုဒီနဲ့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ တို့ဟာ လာမယ့် သီတင်းပတ်ထဲမှာ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ ရှိပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG