သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး စိုးရိမ်မှုတွေ QUAD မဟာမိတ်အဖွဲ့ ပူးတွဲထုတ်ပြန်

ဂျပန်နိုင်ငံ တိုကျိုမြို့သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ Quad အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ (ဇူလိုင် ၂၉၊ ၂၀၂၄)
ဂျပန်နိုင်ငံ တိုကျိုမြို့သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ Quad အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ (ဇူလိုင် ၂၉၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားလာတဲ့အပါ် အထူးစိုးရိမ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ QUAD အဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်စေတယ်လို့လည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ QUAD အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရေး၊ ဘေးကင်းပြီး အဟန့်အတားကင်းသော လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရရှိရေးနဲ့၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေက တဆင့် အကျပ်အတည်း ဖြေရှင်းရေး၊ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အာဆီယံဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်တို့ရဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံ အားပေးကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ ဆိုက်ဘာရာဇဝတ်မှု၊ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုးပွားလာနေတဲ့အပေါ်ကိုလည်း စိုးရိမ်ကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်သွင်းနေတာတွေကိုလည်း တားဆီးဖို့ကိုလည်း QUAD အဖွဲ့က မေတ္တာရပ်ခံထားသလို မြန်မာပြည်သူတွေ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ ရေရှည်အတွက် အဆင်ပြေမယ့် ကူညီမှုတွေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားဖို့ကိုလည်း ထပ်လောင်းကတိပြုပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး စိုးရိမ်မှုတွေ QUAD မဟာမိတ်အဖွဲ့ ပူးတွဲထုတ်ပြန်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG