သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ပဋိပက္ခဖြေရှင်းရေး တွေ့ဆုံဆွေးနွေးကြဖို့ အာဆီယံ တိုက်တွန်း 


မြန်မာနိုင်ငံ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဝဲ) နဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး စလမ်ဆေးကွန်မက်ဆစ် တို့နှစ်ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဗီယင်ကျန်းမှာ ကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ အစည်းအဝေးပွဲမှာ တွေ့ရစဥ်။ (ဓာတ်ပုံ - Sai Aung MAIN / AFP)
မြန်မာနိုင်ငံ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဝဲ) နဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီး စလမ်ဆေးကွန်မက်ဆစ် တို့နှစ်ဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဗီယင်ကျန်းမှာ ကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ အစည်းအဝေးပွဲမှာ တွေ့ရစဥ်။ (ဓာတ်ပုံ - Sai Aung MAIN / AFP)

မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ထောက်ခံ ကိုင်စွဲထားကြောင်း စနေနေ့က ထုတ်တဲ့ အာဆီယံရဲ့ ပူးတွဲကြေညာချက်က ဖော်ပြပါတယ်။ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုပြီး ဆိုးရွာလာတဲ့ အပေါ် အထူးဘဲ စိုးရိမ်ကြောင်း အာဆီယံ ပူးတွဲ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကို အလုံးစုံ ပြန်လည် သုံးသပ်ပြီး ရှေ့လာမယ့် အာဆီယံ ထိပ်သီး ညီလာခံတွေမှာ အဆိုပြုချက်တွေ တင်သွင်းမယ်လို့လည်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ အာဆီယံ အထူး အစည်းအဝေးမှာ အကြမ်းဖက်မှုတွေ ရပ်ပြီး တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မြန်မာ့ပဋိပက္ခ ဖြေရှင်းရေး အာဆီယံရဲ့ သံတမန်ရေး ဦးဆောင် ကြိုးပမ်းမှုက အခုအချိန်ထိတော့ မအောင်မြင်သေးပါဘူး။

ဇူလိုင်လ ၂၇ ရက်နေ့ စနေနေ့ကထုတ်တဲ့ အာဆီယံ ပူးတွဲကြေညာချက်မှာတော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာ့ ပဋိပက္ခအတွင်း သက်ဆိုင်သူတွေ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးနိုင်ရေးမှာ ခိုင်မာတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရေးအတွက် အာဆီယံက အဆင့်သင့် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေမှာတော့ အာဏာသိမ်း မြန်မာ စစ်ကောင်စီကို တက်ရောက်ခွင့် တားမြစ်ထားတာပါ။ လာအိုမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG