သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး မလေးရှားဦးဆောင်မှု အင်ဒိုပံ့ပိုးမည်


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi

မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းရာမှာ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အင်ဒိုနီးရှားက ပံ့ပိုးကူညီမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မာဆူဒီက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင် ဟာဆန် နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ အခုလို ပြောခဲ့ကြောင်း အင်ဒိုနီးရှားသတင်းအေဂျင်စီ Antara က ပြောပါတယ်။ မလေးရှား အနေနဲ့ ၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း အင်ဒိုနီးရှားကျင့်သုံးခဲ့တဲ့ အားလုံးပါဝင်တဲ့ ချဉ်းကပ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လည်း မျှော်လင့်ကြောင်း မာဆူဒီက ပြောပါတယ်။

“အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေအတွက် စည်းလုံးညီညွတ်မှုကို ဆက်လက်မြှင့်တင်နိုင်ရေး၊ အားလုံးပါဝင်ပြီး ကွဲပြားမှုမရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ချဲ့ထွင်နိုင်ရေးနဲ့ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါတယ်” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံဦးဆောင်တဲ့ Troika ယန္တရား ကတဆင့် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကိုလည်း အင်ဒိုနီးရှားအနေနဲ့ ထောက်ခံကြောင်း မာဆူဒီက ထပ်လောင်းပြောပါတယ်။ မြန်မာ့အရေးအတွက် Troika ယန္တရားကို မနှစ်က အင်ဒိုနီးရှားကစတင်ခဲ့တာ ဖြစ်ပြီး ဒီနှစ် အာဆီယံဥက္ကဋ္ဌလာအိုနဲ့ ရှေ့နှစ်ဥက္ကဋ္ဌ မလေးရှားတို့က ဒါကို ဆက်လက်ကိုင်တွယ်ဖို့ အရေးကြီးတယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

မလေးရှားနဲ့အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံချိန်မှာ မြန်မာအရေးအပြင် အရှေ့အလယ်ပိုင်းဒေက ပါလက်စတိုင်းအရေးနဲ့ ပတ်သက်ပြီးလည်း တူညီတဲ့စိုးရိမ်ချက်တွေရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပါလက်စတိုင်း လွတ်လပ်ရေးကို ထောက်ခံအားပေးကြောင်းနဲ့ အစ္စရေး၊ ပါလက်စတိုင်းနှစ်ပြည်ထောင်မူဝါဒနဲ့ ဖြေရှင်းနိုင်ရေးကို အင်ဒိုနီးရှားက ဆက်လက် တိုက်တွန်းသွားမယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG