သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩစတြေးလျဘာလီစေ့သွင်းကုန်ခွန် တရုတ်ဖယ်ရှား 

သြစတြေးလျ ဘာလီစိုက်ခင်း (အောက်တိုဘာ ၂၇၊ ၂၀၂၀)
သြစတြေးလျ ဘာလီစိုက်ခင်း (အောက်တိုဘာ ၂၇၊ ၂၀၂၀)

ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဩစတြေးလျနဲ့ တရုတ်နိုင်ငံတို့ ကြိုးစားနေချိန်မှာ ဩစတြေးလျနိုင်ငံထွက် ဘာလီစေ့တွေအပေါ် မတန်တဆ သွင်းကုန်ခွန် သတ်မှတ်ထားတာကို တရုတ်က ဖယ်ရှားပေးလိုက်ပါတယ်။ ဘာလီသွင်းကုန်ခွန်တွေကို August လ ၅ ရက် စနေနေ့မှာ စတင် ဖယ်ရှားမယ်လို့ တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ကြေညာတဲ့အပေါ် ဩစတြေးလျ ကုန်သွယ်ရေးဝန်ကြီးက ကြိုဆိုပါတယ်။

“ကျနော်တို့နိုင်ငံက ဘာလီစေ့ စိုက်ပျိုးတဲ့တောင်သူတွေ တရုတ်စျေးကွက် အခွန်ကင်းလွတ်စွာ ပြန်တင်သွင်းခွင့်ရတဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုပါတယ်။ ဒါဟာ ဩစတြေးလျနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးတွေ ပုံမှန်ပြန်ဖြစ်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်” လို့ ဩစတြေးလျ ကုန်သွယ်ရေးဝန်ကြီး Don Farrell က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်ဘာလီဈေးကွက် အပြောင်းအလဲကြောင့် သွင်းကုန်ခွန်တွေ ဖယ်ရှားတယ်လို့ တရုတ်တို့ဖက်က ပြောပေမဲ့ အသေးစိတ်ပြောကြားခြင်းတော့ မရှိပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ် ၂၀၂၀ ခုနှစ်က ဘာလီတင်သွင်းခွန်ကို ၈၀.၅% အထိ တရုတ်ဘက်က သတ်မှတ်ခဲ့တာကြောင့် ဩစတြေးလျအတွက် ပို့ကုန်ဝင်ငွေဒေါ်လာသန်းထောင်ချီ ဆုံးရှုံးခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ဘယ်ကစသလဲဆိုတဲ့ ဇစ်မြစ်ကို စုံစမ်းဖို့ ဩစတြေးလျနိုင်ငံက တောင်းဆိုခဲ့တာကြောင့် ၂၀၂၀ ခုနှစ်ကစလို့ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးတွေ ထိခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် Anthony Albanese လက်ထက်မှာ တရုတ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်အောင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကုန်သွယ်ရေးမှာ ခုလိုတိုးတက်မှုတွေ ရှိလာတဲ့အပေါ် ကျေနပ်တယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ကလည်း ဒီနေ့ပြောကြားပါတယ်။ ဩစတြေးလျထွက် ဝိုင်အရက်တွေအပေါ် တရုတ်နိုင်ငံက ချမှတ်ထားတဲ့ ကုန်သွယ်ရေးအတားအဆီးတွေကို ဖယ်ရှားပေးဖို့လည်း မျှော်လင့်တယ်လို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။

ဩစတြေးလျဘာလီစေ့သွင်းကုန်ခွန် တရုတ်ဖယ်ရှား
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG