သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ ဟိုတယ်တွေမှာ ဝန်ထမ်းတွေထားဖို့ သြစတြေးလျအစိုးရ ဒေါ်လာ ၂ သန်းခွဲ သုံးစွဲခဲ့


မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)

မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ဇိမ်ခံ ဟော်တယ်တွေမှာ ဝန်ထမ်းတွေကို ထားဖို့အတွက် ဩစတြေးလျ အစိုးရက အမေရိကန် ဒေါ်လာ ၂,၅၀၀,၀၀၀ ဖိုး သုံးခဲ့တယ်ဆိုပြီး ဩစတေးလျနိုင်ငံထုတ် ABC သတင်းဌာနက ထုတ်လွှင့်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဩစတြေးလျအစိုးရက ဝန်ထမ်းတွေ ထားဖို့ အသုံးပြုခဲ့တာလို့ သတင်းမှာ ဖေါ်ပြပါတယ်။ ၁၈ လအတွင်း Shangri-La အိမ်ရာမှာ ဝန်ထမ်းတွေ တည်းခိုဖို့ ၁,၅၀၀,၀၀၀ ကျော် သုံးခွဲသလို Lotte ဟော်တယ်မှာ ဒေါ်လာ ၈၆၀,၀၀၀ ကျော် သုံးခဲ့တယ်လို့ ရေးထားပါတယ်။

ဒါ့အပြင် နေပြည်တော် MGallery ဟော်တယ်မှာ ဝန်ထမ်းတွေ ရေတိုကာလ နေထိုင်တည်းခိုဖို့ ဒေါ်လာ ၁၆၂,၀၀၀ သုံးစွဲခဲ့တာကိုလည်း သတင်းမှာ ရေးသားထားပါတယ်။ MGallery ဟော်တယ်ကို Accor ကုမ္ပဏီက ဖွင့်လှစ်ပေမဲ့ Max Myanmar က ပိုင်ဆိုင်တဲ့ ဟော်တယ်ဖြစ်တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

Shangri-La နဲ့ Max Myanmar ရဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်မှုကို ၂၀၁၉ ခုနှစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာမှာ ရေးသားထားတဲ့အကြောင်း ပြန်လည်ထုတ်ဖေါ်ပြပါတယ်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြား ခြံစည်းရိုးကာဖို့ Max Myanmar က အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ ပေးလှူခဲ့တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ သူတို့နေရပ်ပြန်ခွင့်ကို ပိတ်ပင်ရာမှာ ပါဝင်ခဲ့မှုနဲ့ ရာဇဝတ်မှုအရ စစ်ဆေးဖို့ အစီရင်ခံစာက တောင်းဆိုခဲ့ပါတယ်။

ရှန်ဂရီလာ အိမ်ရာဟာလည်း စစ်တပ်ပိုင်မြေကို ငှားရမ်းထားတယ်လို့ အေဘီစီ သတင်းဌာနက ရေးပါတယ်။ အေဘီစီသတင်းဌာနရဲ့ ရေးသားချက်တွေနဲ့ ပတ်သက်လို့ ဩစတြေးလျအစိုးရဘက်က တစုံတရာ တုံ့ပြန်တာမျိုးတော့ အခုအချိန်အထိ မတွေ့ရသေးပါဘူး။

ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong ကတော့ မြန်မာနိုင်ငံအတွင်း ဩစတြေးလျအစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ မြန်မာစစ်တပ်ကို ငွေကြေးအရ တိုက်ရိုက် ပံ့ပိုးတာမျိုး မရှိတဲ့အကြောင်း ငြင်းဆိုထားဖူးပါတယ်။

[Unicode Version]









XS
SM
MD
LG