သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံဒေသ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကြေညာ


ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ (မတ်၊ ၁၄၊ ၂၀၁၇)
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ (မတ်၊ ၁၄၊ ၂၀၁၇)

မြန်မာနိုင်ငံရဲ့ ရှေးဟောင်း ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း အဖြစ် နဲ့ ထည့်သွင်းသတ်မှတ်လိုက်ပြီလို့ ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့က ဒီကနေ့ ကြေငြာလိုက်ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးအတွင်း အခုလိုမျိုး သတ်မှတ်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) အင်တာနက် စာမျက်နှာနဲ့ တွစ်တာ စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းလိုက်တဲ့အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံများက လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြပါသည်။ အခုလို ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်း သတ်မှတ်လိုက်တဲ့အပေါ်မှာ မြန်မာအစိုးရနဲ့ ပြည်သူတွေကိုယ်စား အထူးပဲ ကျေးဇူးတင်တယ်လို့ ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျက ဒီကနေ့ အခမ်းအနားအတွင်း ပြောကြားလိုက်ပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့အတွက် နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS) အဖွဲ့မှ ပညာရှင် တဦးက ၂၀၁၈ စက်တင်ဘာ တွင် ၁၀ ရက်ကြာ လာရောက် စစ်ဆေးခဲ့ပြီးတဲ့နောက် ICOMOS အဖွဲ့က ပုဂံဒေသကို ယူနက်စကို စာရင်းဝင်ဖို့အတွက် ထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ် မြန်မာစစ်အစိုးရ လက်ထက်တုန်းကလည်း ပုဂံဒေသကို World Heritage ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းပေးဖို့ တခါ လျှောက်ထားခဲ့ဖူးပေမဲ့ စစ်အစိုးရက ပုဂံမှာ မျှော်စင်ကြီးတွေ ဆောက်တာ၊ ဘုရားစေတီတွေကို ထီးတင်တာ၊ ရွှေသင်္ကန်း ကပ်တာတွေလုပ်ခဲ့တာကြောင့် မူရင်းပုဂံလက်ရာကို ထိခိုက်စေတယ်ဆိုပြီး ရှေးဟောင်းသုတေသန ပညာရှင်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

အခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ အဆိုပြုထားတဲ့ နေရာ ၃၅ နေရာ ရှိခဲ့ပြီး အဲဒီထဲက မြန်မာနိုင်ငံက ပုဂံဒေသ အပါအဝင် ၂၁ နေရာကို ဒီနှစ်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်တယ်လို့ UNESCO က ကြေငြာလိုက်တာ ဖြစ်ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG