သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလ်တီမိုး မြစ်ကူးတံတားတိုက်ခံရမှု စတင်စုံစမ်းစစ်ဆေးနေ 


ကုန်တင်သင်္ဘောဒါလီ ဖရန်စ္စ်ကော့တံတားကို ဝင်တိုက်ထားတဲ့ အပေါ်စီးမြင်ကွင်း။ (မတ်လ ၂၆၊ ၂၀၂၄)
ကုန်တင်သင်္ဘောဒါလီ ဖရန်စ္စ်ကော့တံတားကို ဝင်တိုက်ထားတဲ့ အပေါ်စီးမြင်ကွင်း။ (မတ်လ ၂၆၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘောလ်တီမိုးမြို့က အရေးပါတဲ့ မြစ်ဖြတ်တံတားပြိုကျမှုမှာ ဝင်တိုက်ခဲ့တဲ့ကုန်တင်သင်္ဘောရဲ့ black box ဒေတာမှတ်တမ်းကို ဆယ်ယူရရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုအဆင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒီလိုရရှိခဲ့လို့ ကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကထွက်ခွာပြီးမကြာမီ တံတားကိုဝင်မတိုက်ခင် ဘာကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားလဲဆိုတဲ့မေးခွန်းကို သိရဖို့အတွက် အမေရိကန် သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးသူတွေက မျှော်လင့်ထားကြပါတယ်။

ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဂျနီဖာဟိုမန်ဒီ (Jennifer Homendy) ရဲ့ ပြောဆိုချက်အရ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောအမှုထမ်းတွေကိုလည်း တွေ့ဆုံမေးမြန်းဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။ စင်္ကာပူအလံလွှင့်ထူထားတဲ့ 'ဒါလီ' အမည်နဲ့ အဲဒီကုန်တင်သင်္ဘောဟာ သီရိလင်္ကာနိုင်ငံကို ဦးတည်ထွက်ခွာလာချိန် ဖရန်းစစ်စကော့ကီး (Francis Scott Key) အမည်နဲ့ တမိုင်ခွဲကျော်ရှည်တဲ့ အဲဒီ မြစ်ကူးတံတားကြီးရဲ့ ပင်မထောက်တိုင်နှစ်ခုထဲက တခုကိုဝင်တိုက်ခိုက်ခဲ့တာပါ။ ဝင်မတိုက်ခင်အချိန်ပိုင်းကလေးမှာ သင်္ဘောကနေ အရေးပေါ် မေဒေး အချက်ပြသတိပေးခဲ့နိုင်လို့ တံတားအစွန်းတဘက်တချက်မှာ နောက်ထပ် မော်တော်ယာဉ်တွေ ဖြတ်သန်းမမောင်းနှင်နိုင်အောင် ရဲနဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ရှိသူတွေက တားဆီးနိုင်ခဲ့ပါတယ်။

တဘက်မှာလည်း ကယ်ဆယ်ရေး ရေငုပ်သမားတွေဟာ တံတားပြိုကျချိန်မှာ Patapsco မြစ်ထဲကို ပြုတ်ကျခဲ့တဲ့ အလုပ်သမား (၆) ဦးရဲ့ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေကြပါတယ်။ မက္ကဆီကိုနဲ့ ဗဟိုအမေရိကနိုင်ငံတွေက အဲဒီအလုပ်သမားတွေဟာ တံတားကိုဖြတ်ပြီး ဖြတ်သန်းပြေးဆွဲထားတဲ့ အမေရိကန် အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးပေါ်မှာ အပေါက်တွေကို ဖာထေးပြုပြင်နေချိန် တံတားပြိုကျခဲ့တာပါ။ မေရီလန်းပြည်နယ် ရဲအရာရှိ ရိုလန်ဘတ်တလာ (Roland Butler) ရဲ့ မီဒီယာကို ဖြေကြားချက်မှာတော့ လုပ်သားခြောက်ဦးရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းတွေ ဘယ်မှာလဲ ဆိုတာ မသိသေးဘဲ “ကျန်ရစ်သူ မိသားစုတွေအတွက် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားရှာဖွေဖို့ ရည်ရွယ်ထား” ကြောင်း ပြောပါတယ်။

ဒီတံတားပြိုကျမှုကြောင့် အမေရိကန်ပြည်ထောင်စုမှာ သင်္ဘောအဝင်အထွက် အများဆုံး ဆိပ်ကမ်းတွေထဲက တခုဖြစ်တဲ့ ဘောလ်တီမိုးဆိပ်ကမ်း ပိတ်ထားရပြီး ကုန်စည်ပို့ဆောင်မှုရပ်တန့်ထားရသလို အပျော်စီးသင်္ဘောခရီးစဥ်တွေလည်း ရပ်နားထားရပါတယ်။ ဘောလ်တီမိုးဆိပ်ကမ်းဟာ အမေရိကန်က တခြားဆိပ်ကမ်းတွေထက်ပိုပြီး မော်တော်ယာဥ်တွေ သယ်ယူ ပို့ဆောင်နေတာဖြစ်ပြီး ၂၀၂၂ ခုနှစ် မှတ်တမ်းတွေအရဆိုရင် ကားအစီးရေ ၇၅၀,၀၀၀ ကျော် ပို့ဆောင်ခဲ့ပါတယ်။

အခုလို ဆိပ်ကမ်းပိတ်ထားရလို့ ဒါဟာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကွင်းဆက်ကြီး တခုလုံးအတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိနေကြောင်းလည်း အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG