သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore မြစ်ဖြတ်တံတားကျိုးကျမှု ပျောက်ဆုံးနေသူတွေရှာဖွေ


အမေရိကန်ပြည်ထောင်စု ဘော်တီမိုးပြည်နယ်က တံတားတစင်းရဲ့ အောက်ခြေကို သင်္ဘော ဝင်တိုက်ခဲ့လို့ တံတားကျိုးကျခဲ့စဉ် (မတ်လ ၂၆၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဘော်တီမိုးပြည်နယ်က တံတားတစင်းရဲ့ အောက်ခြေကို သင်္ဘော ဝင်တိုက်ခဲ့လို့ တံတားကျိုးကျခဲ့စဉ် (မတ်လ ၂၆၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ် Baltimore မြို့က Patapsco မြစ်ကိုဖြတ်ဆောက်ထားတဲ့ Francis Scott Key မြစ်ဖြတ်တံတားကြီး ကျိုးကျသွားခဲ့ပြီးနောက် ရေထဲကျသွားသူ ၇ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေကြပါတယ်။ စင်္ကာပူအလံတင်ထားတဲ့ Dali နာမည်နဲ့ ကုန်တင်သင်္ဘောတစင်း တံတားကိုထောက်ထားတဲ့ တိုင်ကြီးကို ဝင်တိုက်ခဲ့ပြီးနောက် တံတားကြီးဟာ ဒီနေ့ အင်္ဂါနေ့ မနက်အစောကြီးမှာ ပြိုလဲ ကျိုးကျသွားခဲ့တာဖြစ်ပါတယ်။ တံတားကြီး ကျိုးကျသွားချိန် တံတားပေါ်မှာ ကားတချို့သွားလာနေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တံတားကြီးကျိုးကျသွားခဲ့ပြီး နာရီပိုင်းအကြာ ၂ ယောက်ကို ရေထဲက ကယ်ဆယ်နိုင်ခဲ့တယ်လို့ Baltimore မြို့မီးသတ်တပ်ဖွဲ့အကြီးအကဲ James Wallace က ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ တယောက်ကိုဆေးရုံပို့ဆောင်ခဲ့ရပြီး နောက်တယောက်ကတော့ ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။

အစောပိုင်းက လူ ၂၀ ထက်မနည်း Patapsco မြစ်ထဲကျသွားတယ်လို့ ယုံကြည်ရတဲ့အတွက် ကယ်ဆယ်နိုင်ဖို့ ရှာဖွေနေတယ်လို့ Baltimore အရေးပေါ်ဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့တာပါ။

အရိုးကွဲလောက်အောင်အေးနေတဲ့ မြစ်ထဲမှာ ရှာဖွေရေးလုပ်သူတွေဟာ နောက်ထပ် အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေကြပါတယ်။

အခုလိုမြစ်ဖြတ်တံတားကြီးကျိုးကျခဲ့တာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Wes Moore က ပြည်နယ်အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ အခြေအနေတွေကို သမ္မတ Joe Biden ကိုတင်ပြထားပြီး တောက်လျှောက် ဖြစ်ပေါ်တိုးတက်မှုတွေကို ပြောပြနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သက်တမ်း ၄၇ နှစ်ရှိပြီး ၁ မိုင်ခွဲကျော် ရှည်လျားတဲ့ Francis Scott Key တံတားကြီးဟာ ၄ လမ်းသွား အဝေးပြေးလမ်းကြီးတခုလည်းဖြစ်ပြီး Baltimore မြို့အတွက် အားထားရတဲ့ အဓိက အဝေးပြေးလမ်းမကြီးတခုလည်းဖြစ်ပါတယ်။ Dali ကုန်တင်သင်္ဘောကို စီမံခန့်ခွဲတဲ့ Synergy Marine Corp ကကြေညာချက်ထုတ်ပြန်တဲ့ထဲမှာ သင်္ဘောဟာ တံတားရဲ့ ထောက်တိုင်တွေထဲက တခုကို ဝင်တိုက်မိခဲ့ကြောင်းနဲ့ သင်္ဘော Pilot ရေယာဉ်မှူး ၂ ယောက်အပါအဝင် သင်္ဘောပေါ် ပါသူအားလုံးမှာ တာဝန်ရှိကြောင်း ပြောထားပါတယ်။ သင်္ဘောပေါ်ပါသူ တယောက်မှတော့ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးလို့လည်း ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG