သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရဲ့ ဒရုန်း ၁၁ စင်း ရုရှားပစ်ချနိုင်ခဲ့ 


ဒရုန်းငယ်တစီး ပစ်လွှတ်ဖို့ပြင်ဆင်နေတဲ့ ယူကရိန်းစစ်သားတဦး (မတ် ၁၂၊ ၂၀၂၄)
ဒရုန်းငယ်တစီး ပစ်လွှတ်ဖို့ပြင်ဆင်နေတဲ့ ယူကရိန်းစစ်သားတဦး (မတ် ၁၂၊ ၂၀၂၄)

ရုရှားနိုင်ငံမှာ ဓာတ်အားပေးစက်ရုံတခု မီးလောင်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်နေချိန်မှာပဲ အနောက်တောင်ပိုင်း Rostov ဧရိယာကို တိုက်ခိုက်လာတဲ့ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားက ဒီနေ့ပဲပြောပါတယ်။ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေက ယူကရိန်းရဲ့ ဒရုန်း ၁၁ စင်းလုံးကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Rostov ရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vasily Golubev ကလည်း Novocherkassk ဓာတ်အားပေး စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ယာယီ ရပ်ဆိုင်းထားရကြောင်း Telegram မှာ ရေးသားထားပါတယ်။

ယူကရိန်းဘက်ကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ရုရှားရဲ့ ဒရုန်း ၉ စင်းထဲက ၈ စင်းကို လေကြောင်းရန် ကာကွယ်ရေးတပ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ယူကရိန်းက Mykolaiv နဲ့ Odesa ဒေသတွေမှာ ကြားဖြတ်ဟန့်တားမှုများ ပြုလုပ်ခဲ့တာပါ။ Odesa မြို့ရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Oleh Kiper ကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားကြောင်းနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ရပ်တန့်သွားကြောင်းလည်း ပြောပါတယ်။

ယူကရိန်းရဲ့ ထိပ်တန်း စွမ်းအင်ထုတ်လုပ်တဲ့ DTEK ကလည်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဗို့အားမြင့် ဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့တယ်လို့ Telegram မှာ ရေးသားထားပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy က နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် သိသိသာသာ အားကောင်းလာဖို့ လိုအပ်တယ်လို့ တနင်္ဂနွေညကပြောတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG