သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင် အမုန်း တရားတွေ ရေးသားဖြန့်ချိသူတွေ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ မနေ့တုန်းက အတွင်းရေးမှူးချုပ်နဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့ တနင်္လာနေ့တုန်းက ကုလသမဂ္ဂနဲ့ OIC ပူးပေါင်းဆောင်ရွက်ရေး လုံခြုံရေး ကောင်စီ အဆင့်မြင့် အစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံတကာ ငြိမ်းချမ်းရေး လုံခြုံရေးကိစ္စရပ်တွေနဲ့ မွတ်ဆလင်ကမ္ဘာရဲ့ အခြေအနေ စိုးရိမ်ချက်တွေကို ပြောဆိုသွားရာမှာ မြန်မာပြည်အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာချိန်မှာပဲ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်း ဖို့ စိန်ခေါ်ချက်ကိုလည်း ရင်ဆိုင်လာရတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်သွားနေချိန်မှာပဲ၊ ဖြစ်လာတဲ့ ဘာသာရေး လူမျိုးရေး တင်းမာမှုတွေနဲ့ပတ်သက်လို့ အကြောင်းအချက်အလက်တွေကို ဖြေရှင်းဖို့ဟာ အဓိက စိန်ခေါ်ချက် တရပ်ဖြစ်လာပါတယ်။ ဒီအထဲ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးမှု မပေးမှုဆိုတာလည်း ပါဝင်ပါတယ်။”

မြန်မာနိုင်ငံဟာဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ရခိုင်ပြည်နယ် အခြေအနေကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစုမွတ်ဆလင်တွေအကြား တင်းမာမှုတွေ ကြီးမားလာခဲ့ရာက အကြမ်းဖက်မှုတွေအထိပါဖြစ်ပြီး အခြေအနေတွေ ဆိုးခဲ့တာပါ။ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှုမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရအနေနဲ့ အမုန်းတရားတွေ ဖြစ်အောင် လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားရမယ်လို့ အဲဒီ အစည်းအဝေးအတွင်း တိုက်တွန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အမုန်းတရားတွေ ရေးသားဖြန့်ချီနေကြသူတွေကို ခိုင်ခိုင် မာမာ အရေးယူသွားရမှာ ဖြစ်ပါတယ်။ လှုံ့ဆော်သူတွေကို အပြစ်ပေး သွားရပါမယ်။ အခြေခံကျတဲ့အကြောင်းရပ်တွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ မြန်မာအစိုးရကိုရော အဓိကကျတဲ့ခေါင်းဆောင်ပိုင်းတွေကိုပါ ကျနော် တိုက်တွန်းပါတယ်။”

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ်ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ ကျေနပ်အားရမိပြီး တင်းမာမှုတွေ လျှော့ကျသွားစေဖို့ အပြုသဘောဆောင် ကိုင်တွယ်ဖြေရှင်းကြဖို့လည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG