သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဘိုင်းလ် အင်တာနက် ပိတ်ပင်မှု ဒုက္ခသည်စခန်း အခက်ကြုံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်း အသုံးပြုမှုကို အာဏာပိုင်တွေက ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်တဲ့အတွက် ရေကြီး၊ မြေပြိုမှုကြောင့် ပိတ်မိနေတဲ့ ဒုက္ခသည်တွေ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အတွက် ဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တဦးက ဗွီအိုအေကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ဘာကြောင့် အင်တာနက်လိုင်း ဖြတ်တောက်ခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဒုက္ခသည်စခန်းတွမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေ နဲ့ လူဆိုးဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

မြန်မာနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်က Teknaf နဲ့ Ukhia မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ 3G နဲ့ 4G အင်တာနက်လိုင်းတွေကို စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ဖြတ်တောက်ခံ ရကြောင်း ကုတုပလောင် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ဦးမောင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“စက်တင်ဘာလ (၉)ရက်နေ့ကစပြီး 3G၊ 4G အင်တာနက်လိုင်းတွေ ပိတ်ထားပါတယ်။ Voice call တောင် ကျနော်တို့ ပုံမှန် ခေါ်လို့မရဘူး။ တခါတခါရတယ်။ တခါတခါ မရဘူး။

မအင်ကြင်းနိုင်။ ။ အင်တာနက်တွေကို ဖြတ်တောက်လိုက်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ဘယ်လို အခက်အခဲတွေ ဖြစ်ကြလဲ။

ဦးမောင်မောင်။ ။ အခု အခက်အခဲတွေ ကတော့ အရေးပေါ် ကျန်းမာရေး ဆရာဝန်တွေကို ပြဖို့၊ လူနာတွေ ကိစ္စဆိုရင် MSF၊ IOM တို့ဆက်သွယ်ပြီး အရေးပေါ် ဆေးရုံပို့မယ့်ကိစ္စတွေ လုပ်လို့မရ ဖြစ်နေပါတယ်။ အခု ဒီမှာ မိုးတွေ ဆက်တိုက်ရွာနေတာ တပတ်ကျော်ကျော်ရှိပြီ။ မိုးလည်း များတယ်၊ လေလည်း ပြင်းတယ်၊ မြေပြိုမှုတွေလည်း ရှိနေတယ်။ အဲဒီ မြေပြိုမှုတွေ ရှိတဲ့နေရာမှာ ပိတ်မိသူတွေ ကယ်ဆယ်ရေးအတွက အရင်က UNHCR ကိုအကြောင်းကြားလို့ရတယ်။ အခု အကြောင်းကြား လို့မရတော့ဘူး။

မအင်ကြင်းနိုင်။ ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က အင်တာနက် ဖြတ်တောက်လိုက်တဲ့ အကြောင်းအရင်းကို ပြောပြလားရှင့်။ ဘာကြောင့် ဖြတ်လိုက်တာလဲရှင့်။

ဦးမောင်မောင်။ ။ အဓိက မူးယစ်ဆေးဝါး မှောင်ခိုကြတဲ့ သူတွေရှိတယ်။ လူဆိုးဂိုဏ်းတွေ ရှိတယ်။ အဲဒါ လုံခြုံရေးကို အကြောင်းပြပြီး ဖြတ်လိုက်တာလို့ ကျနော်တို့ ယူဆပါတယ်။

မအင်ကြင်းနိုင်။ ။ အင်တာနက်ကို တောက်လျောက်ဖြတ်သွားမှာလား။ ရက် အကန့်အသတ်နဲ့ ဖြစ်နိုင်မလား။

ဦးမောင်မောင်။ ။ ရက်အကန့်အသတ် မရှိပါဘူး။ သူတို့ တောက်လျောက်ဖြတ်မှာပါ။

မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တဲ့ အတွက် သတင်းအချက်အလက်တွေ မသိရတော့ဘူး လို့လည်း ဦေးမာင်မောင်ကပြောပါတယ်။

“ ကျနော်တို့ သတင်းတွေ လုံးဝမရတော့ဘူး။ အရင်က ဗွီအိုအေ live ထုတ်လွှင့်ချက်ကို ကျနော်တို့ နေ့စဉ် ကြည့်နေရတာ၊ အခု ဗွီအိုအေကို နားထောင်လို့လည်း မရတော့ဘူး။ အခြား သတင်းတွေလည်း နားထောင်လို့ မရတော့ဘူး။

ဘင်္ဂလားဒေ့ရှ် မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သူများ အသင်း အထွေထွေ အတွင်းရေးမှူး S. M Farhad က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့- Teknaf နဲ့ Ukhia က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ သုံးနေတဲ့ 3G ၊ 4G နဲ့ LET အင်တာနက်လိုင်းတွေ ပိတ်ပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဖုန်းကုမ္ပဏီတွေကို ညွန်ကြားချက် ထုတ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

2G အဆင့်အင်တာနက် ဝန်ဆောင်မှုကို ဆက်ပြီးခွင့်ပြုထားပေမဲ့ ဒါဟာ ဖုန်းခေါ်ဆိုမှုနဲ့ message ပို့တာတွေလောက် အတွက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေး အခြေအနေကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြုတာတွေကို ပိတ်ပစ်ဖို့ တယ်လီဖုန်း ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးဝန်ကြီးဌာန ဘက်က ညွန်ကြားချက် ထုတ်ပြန်ထားတာပါ။

ဒုက္ခသည်စခန်းတွေအတွင်း လုံခြုံရေးကို ထိန်းချုပ်ကိုင်တွယ်ဖို့ ချင့်ချင့်ချိန်ချိန် ပြုလုပ်သင့်ပြီး အခုလို မလိုအပ်ဘဲ အင်တာနက်တွေ ဖြတ်တောက်ပြီး ဒုက္ခသည်စခန်းတွေကို အထီးကျန် အောင်လုပ်ခြင်း အားဖြင့် အခြေအနေတွေကို ပိုပြီးဆိုးရွားစေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် သြဂုတ်လ နှောင်းပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ပြန်ပြီး စတင်ခဲ့ပေမယ့် အခုချိန်ထိ ဒုက္ခသည် တဦး တယောက်မှ ပြန်သွားတဲ့ အခြေအနေ မတွေ့ရတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက စိတ်မသက်မသာ ဖြစ်နေပုံရတယ်လို့လည်း ဒေသတွင်း သတင်းမီဒီယာတွေက သုံးသပ်ကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်အတွက် အသင့်ဖြစ်နေ တယ်ဆိုပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုချိန်ထိ အသိအမှတ်ပြုခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG