သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းနဲ့ အင်တာနက်ကန့်သတ်မှု ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်


မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၂၇၊ ၂၀၁၇)
မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၂၇၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း ဖုန်းအသုံးပြုခွင့်၊ အင်တာနက်သုံးခွင့် ကန့်သတ်ပိတ်ပင်ဖို့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက ဆောင်ရွက်လာတာနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို ကန့်သတ်လာမယ်ဆိုရင် သူတို့အတွက် ပြည်ပကမ္ဘာနဲ့ အဆက်ဖြတ်လိုက်သလိုဖြစ်ပြီး အရေးပေါ်အခြေအနေတွေမှာ အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ အခုလတ်တလောမှာလည်း ဒုက္ခသည်စခန်းတချို့မှာ အင်တာနက်ကို အချိန်ပိုင်းနဲ့ပဲ သုံးစွဲခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း လွန်ခဲ့တဲ့နှစ်တွေကဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းချီ ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်သိန်းချီ နေထိုင်ရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ဖုန်းအသုံးပြုခွင့် ရပ်တန့်ဖို့နဲ့ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး ဒုက္ခသည်စခန်းတွေထဲမှာ ဖုန်းအသုံးပြုခွင့်နဲ့ အင်တာနက်သုံးစွဲမှု ဖြတ်တောက်လိုက်မယ်ဆိုရင် စခန်းတွေထဲမှာ နှစ်နဲ့ချီ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် ပိုပြီးတော့မှ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားနိုင်ပြီး တကယ်လို့ သူတို့အတွက် အသက်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် စတဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပါတယ်။

“ရိုဟင်ဂျာဒုက္ခသည်စခန်း ပတ်ဝန်းကျင်မှာ မိုဘိုင်းဖုန်း အသုံးပြုမှုကို ပိတ်ပင်ခိုင်းမယ် ဆိုပြီးတော့ ကျနော်တို့ ကြားသိရတယ်။ ဒါပေမယ့် အဲဒီလိုမျိုး အကယ်၍ ရိုဟင်ဂျာဒုက္ခသည်စခန်း ပတ်ဝန်းကျင်မှာ မိုဘိုင်းဖုန်း အသုံးပြုမှုကို ပိတ်ပင်လိုက်မယ်ဆိုရင် ဒုက္ခသည်တွေအတွက် ပိုပြီးတော့ အခက်အခဲ ကြုံရမှာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဓိက လုံခြုံရေးအပိုင်းကို အချိန်မီ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်တွေကို ဆက်သွယ်နိုင်မှာမဟုတ်ဘူး။ နောက်တခုကတော့ လူမှုရေး၊ ကျန်းမာရေး အခက်အခဲတွေ ပိုပြီးတော့ ကြုံရမှာဖြစ်တဲ့အတွက် အဲဒီလို မိုဘိုင်းဖုန်း ပိတ်ပင်မှုကို ကျနော်တို့ အလွန်စိုးရိမ်နေရပါတယ်ခင်ဗျ။”

အခုရက်ပိုင်းတွေမှာလည်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ တယ်လီဖုန်းလိုင်း ဖြတ်တောက်တာတွေ၊ အသံမကြည်လင်မှုတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲတွေ ကြုံနေရသလို အင်တာနက် ဆက်သွယ်မှုတွေကိုလည်း မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ အချိန်ကန့်သတ်မှုတွေနဲ့ အသုံးပြုနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကလည်း ပြောပါတယ်။

“အဓိက ကျနော်တို့က လောလောဆယ် ဒီမှာ ဖုန်းလိုင်းတွေက ပြတ်တောက်မယ်ဆိုရင် အင်မတန်မှ စိုးရိမ်စရာ အနေအထားမှာ ရောက်ရှိသွားမှာဖြစ်ပါတယ်။ ကျနော်တို့ဆွေမျိုးတွေဆို ဘာလုခါလီမှာရှိတယ်၊ ဂျန်တူလေစခန်းမှာရှိတယ်၊ အဲဒီလိုမျိုးတွေမှာ တခုခုသာ အရေးပေါ်ဖြစ်လာမယ်ဆိုရင် ဆက်သွယ်မှုတွေက ပြတ်တောက်သွားမယ်ဆိုရင် ကျနော်တို့ အင်မတန်မှ စိုးရိမ်တယ်။ အခုဒီမှာ လိုင်းဖုန်းတွေက လောလောဆယ် ပိတ်ထားတာရှိတယ်။ ဒီမှာ သူတို့ကပြောတာ ညနေ ငါးနာရီကနေ အင်တာနက်လိုင်းတွေ ပိတ်သွားမယ်။ ဥပမာ ညနေ ငါးနာရီလောက်မှာ အင်တာနက်မရရင် ကျန်တဲ့လိုင်းတွေက မရဘူး။ နောက် Voice Call တောင် ဆက်သွယ်လို့မရဘူး ဒီမှာ၊ ပိတ်ထားတာပေါ့ လိုင်းက။”

မဆုမွန် - အဲ့တော့ အင်တာနက်က မနက်နဲ့ ညနဲ့ကို ပိတ်ထားမယ်ဆိုတဲ့ သဘောပေါ့၊ နေ့ခင်းပိုင်းတွေတော့ သုံးလို့ရမှာပေါ့၊ အဲလိုမျိုးလား။

“ဟုတ်ကဲ့ပါ၊ နေ့ခင်းပိုင်းဆိုရင်တော့ ရတယ်။ မနက်ကို ငါးနာရီ၊ ခြောက်နာရီခွဲလောက်မှာ သူတို့ ပြန်ဖွင့်ပေးတယ်။ ဒီမှာ ငါးနာရီလောက်မှာ သူတို့ ပိတ်သွားတယ်။ လိုင်းကို သူတို့က စခန်းလိုင်းပါ တခါတည်း ပိတ်ပစ်လိုက်ပြီ။”

အခုလို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ဆက်သွယ်ရေးလိုင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာကတော့ ဒုက္ခသည်စခန်းတွေထဲ ဖုန်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာတွေကို ကာကွယ်နိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်က အချက်နှစ်ခုကို ဖော်ပြတာ ကျနော်တို့ တွေ့ရပါတယ်။ တခုကတော့ ယာဘစိတ်ကြွဆေးပြား ရောင်းဝယ်မှုကို တားဆီးချင်တယ် ဆိုပြီးတော့ ပြောတယ်။ နောက်တခုကတော့ အကျဉ်းသားအမှုကို တားဆီးချင်တယ်ဆိုပြီးတော့ ပြောတယ်။ အဲဒီလို ရိုဟင်ဂျာဒုက္ခသည်စခန်း တလျှောက်လုံးမှာ သူတို့ ဖုန်းလိုင်းတွေကို ပိတ်ပင်လိုက်မယ်ဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အလွန်အခက်အခဲ ကြုံရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လုံခြုံရေးအပိုင်းကတော့ ပိုပြီးတော့ စိုးရိမ်စရာရှိမယ်။ နောက်တခုကတော့ ဆက်သွယ်ရေးအပိုင်းပေါ့။ မိသားစုဆက်သွယ်ရေး၊ နောက် အစိုးရ အာဏာပိုင် အဖွဲ့အစည်းကို အချိန်မီ ရိုဟင်ဂျာဒုက္ခသည်တွေက ဆက်သွယ်ရတာရှိပါတယ်။ နောက် ဒုက္ခသည်အရေးအားဖြင့် လှုပ်ရှားဆောင်ရွက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကိုယ်စားလှယ်တွေရှိတယ်။ အဲဒီလူတွေအတွက် ပိုပြီးတော့ အခက်အခဲ ကြုံရမှာကို တွေ့ရပါတယ်ခင်ဗျ။”

စခန်းတွေမှာ မိုဘိုင်းဖုန်း ပုံမှန်အသုံးပြုသူတွေ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်လုပ်ငန်းတွေ ရောင်းချနေတဲ့သူတွေရဲ့ အကူအညီနဲ့ SIM ကတ်တွေ ဝယ်ယူရာမှာ မှတ်ပုံတင်ထားတဲ့ သူတွေရဲ့ အမည်နဲ့ လိပ်စာတွေကို ဖော်ထုတ်ဖို့ Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အတည်ပြုဖို့ ဆုံးဖြတ်ထားပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးကို အခြေခံပြီး ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီစခန်းတွေမှာ သူတို့ကုမ္ပဏီတွေရဲ့ အင်တာနက်လိုင်းတွေကို ပိတ်ပစ်ရာမှာ အရေးယူ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အစိုးရထံကို ၇ ရက်အတွင်း အစီရင်ခံဖို့ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာဝန်ကြီးက ညွှန်ကြားထားတယ်လို့ ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်းဆက်သွယ်ရေး စည်းမျဉ်းကန့်သတ်ရေး ကော်မရှင်က သတင်းထောက်တွေကို ပြီးခဲ့တဲ့သီတင်းပတ်က ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေဘက်ကတော့ အခုလို ဒုက္ခသည်တွေကို ဆက်သွယ်မှုလမ်းကြောင်းတွေ ဖြတ်တောက်လိုက်မယ်ဆိုရင် ဒုက္ခသည်တွေအတွက် ပိုပြီးတော့ အထီးကျန်ဖြစ်စေသလို ကမ္ဘာကြီးနဲ့လည်း အဆက်အသွယ် ပြတ်တောက်သွားနိုင်တယ်ဆိုပြီး စိုးရိမ်မကင်း ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG