သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းထောက်တွေအပေါ် ဘင်္ဂလားဒေ့ရှ် စွဲချက် အခြေအမြစ်ကင်းမဲ့


ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦး (ဝဲ) နဲ့ ကိုခွန်လတ် (ယာ) သတင်းဓာတ်ပုံ-Geo Magazine
ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦး (ဝဲ) နဲ့ ကိုခွန်လတ် (ယာ) သတင်းဓာတ်ပုံ-Geo Magazine

ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့အပေါ် သူလျှိုလုပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စွပ်စွဲထားတာဟာ အဓိပ္ပါယ်မဲ့လွန်းတယ်လို့ ကိုမင်းဇေယျာဦး အလွတ်တန်း ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ဗြိတိန် အခြေစိုက် Panos Pictures ဓာတ်ပုံလုပ်ငန်းကုမ္ပဏီ ဒါရိုက်တာက ပြောပါတယ်။ သူ့အခြေအနေ အပေါ် စိုးရိမ်မိတဲ့အကြောင်းနဲ့ ပြန်လွတ်လာမယ်လို့ မျှော်လင့် ထားကြောင်းလဲ ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့အခြေစိုက် Geo မဂ္ဂဇင်းအတွက် ဓာတ်ပုံသတင်းသွားယူရင်း စက်တင်ဘာလ ၇ ရက်နေ့က Cox’s Bazar မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းလိုက်တာပါ။

သူတို့နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက်ဗီဇာနဲ့မဟုတ်ဘဲ ကမ္ဘာလှည့် ခရီးသည်ဗီဇာနဲ့ ဝင်လာပြီးတော့ ဓာတ်ပုံ သတင်းရိုက်ယူတာတွေ လုပ်တာကြောင့် အယောင်ဆောင်မှုနဲ့ အချက်အလက်အမှားဖော်ပြမှုအပြင် သူလျှိုလုပ်မှုနဲ့ပါ ဘင်္ဂလား ဒေ့ရှ်အာဏာပိုင်တွေက စွပ်စွဲထားတာပါ။

လက်ရှိအချိန်ထိ ကိုမင်းဇေယျာဦး အလွတ်တန်း ဓာတ်ပုံသတင်းထောက်လုပ်နေတဲ့ ဗြိတိန်အခြေစိုက် ဓာတ်ပုံလုပ်ငန်းကုမ္ပဏီ Panos Pictures ရဲ့ ဒါရိုက်တာ Adrian Evans ကတော့ သူလျှိုဆိုတဲ့စွပ်စွဲချက်ကို လုံး၀ လက်မခံပါဘူး။

“သူလျှိုလုပ်တယ်ဆိုတာကတော့ အရိုးသားဆုံးပြောရရင် အဓိပ္ပါယ်မဲ့လွန်းပါတယ်ဗျာ။ သူဟာ ဓာတ်ပုံသတင်း ထောက်အလုပ်နဲ့ အသက်မွေးသူဖြစ်ပြီး Geo မဂ္ဂဇင်းကပေးတဲ့ အလုပ်ကိစ္စနဲ့ သွားတာပါ။ သူဟာ သူလျှိုတယောက်ဖြစ်တယ် ဆိုတာ ဘာ အထောက်အထားမှ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေလဲ ဒါကိုသိတယ်ဆိုတာ ကျနော်သေချာပါတယ်။ ကျနော်တို့နဲ့ Geo မဂ္ဂဇင်းပေါင်းပြီး သူဟာ တကယ့်အစစ်အမှန် ဓာတ်ပုံသတင်းထောက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ အများကြီး ပို့ထားပါတယ်။”

ကိုမင်းဇေယျာဦးဟာ Panos Pictures နဲ့တွဲပြီး အလုပ်လုပ်နေတာလဲ တနှစ်ခွဲလောက် ရှိပြီဖြစ်ပြီး သူဟာ တကယ့်ကိုထူးချွန်တဲ့ ဓာတ်ပုံသတင်းထောက်တဦး ဖြစ်တယ်လို့ သူနဲ့ လူကိုယ်တိုင်ဆုံတွေ့ဖူး၊ အတူတွဲလုပ်ဖူးတဲ့ Adrian Evans ကပြောပါတယ်။ ကို မင်းဇေယျာဦးရဲ့ ဓာတ်ပုံတွေဟာ ထိပ်တန်းဓာတ်ပုံ သတင်းထောက်တွေရဲ့ ဓာတ်ပုံတွေနဲ့တန်းတူ ယှဉ်လို့ရတယ်လို့လဲ ဆိုပါတယ်။ Adrian Evans ကတော့ ကိုမင်းဇေယျာဦးရဲ့အခြေအနေကို စိုးရိမ်နေပြီး ပြန်လွတ်လာမယ်လို့လဲ မျှော်လင့်နေပါတယ်။

“ကျနော် အစစ်အမှန်ပဲ အဲဒီလိုမျှော်လင့်ပါတယ်။ သူ့ကို နိုင်ငံရင်း ပြန်ပို့ဖို့များတယ်လို့ ကျနော်မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်မလာပါဘူး။ အဲဒါကြောင့်လဲ သူ့အခြေအနေနဲ့ပတ်သက်ပြီး ကျနော်စိုးရိမ်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရိုဟင်ဂျာအကျပ်အတည်းကို သတင်းသွားယူတဲ့ မြန်မာနိုင်ငံသားဖြစ်တာကြောင့် ကျနော်စိုးရိမ်တာပါ။ ဒီပြဿနာရဲ့ နိုင်ငံရေးအရ ရှုပ်ထွေးမှုကြောင့်လဲ စိုးရိမ်တာဖြစ်ပါတယ်။”

အခု ကိုမင်းဇေယျာဦးတို့နှစ်ဦးကို အလုပ်ပေးလိုက်တဲ့ Geo မဂ္ဂဇင်းဟာ ဂျာမနီမှာသာမက ဥရောပနိုင်ငံတွေမှာ ထင်ရှားတဲ့ မဂ္ဂဇင်း တစောင်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံမှာနေထိုင်ပြီး မြန်မာ့အရေး သုံးသပ်ချက်ဆောင်းပါးတွေ ရေးသားနေတဲ့ စာနယ်ဇင်းဆရာတဦး ဖြစ်သူ စိုင်းဝမ်စိုင်းက ပြောပါတယ်။

" သူက အင်မတန်သြဇာကြီးတယ်လို့ ပြောလို့ရမယ်ဗျ ဘာလို့လဲဆိုတော့ ဒီပြင်သစ်နဲ့ ဂျာမနီ နှစ်နိုင်ငံပေါင်း သူ့ရဲ့ထုတ်ဝေမှုက တစ်လကိုငါးသိန်းလောက်တောင်ရှိတယ်။ လစဉ်မဂ္ဂဇင်းမှာ ငါးသိန်းဆိုတာ နည်းတာမဟုတ်ဘူးလေ အစောင်ရေ ငါးသိန်းထွက်တာ အဲ့တာအပြင် သူက illustration ပေါ့နော် သူက မာဖီယာတို့ တရုတ်ပြည်အကြောင်းတို့ အဲ့လိုမျိုး သပ်သပ် စာအုပ်ထုတ်သေးတယ် စာအုပ်တွေ။ ဆိုတော့ သူ့ရဲ့သြဇာတိက္ကမက တော်တော်ကြီးတယ်။ ကျနော်တို့ဆီမှာ Spiegel ဆိုတာရှိတယ် Time တို့ Newsweek တို့နဲ့သွားတူတာပေါ့နော် အဲ့တာလည်း အင်မတန်ကြီးတဲ့ မဂ္ဂဇင်းတိုက်ပဲ သူက အဲ့ဥစ္စာနဲ့အပြိုင်လောက်ကို သူက လာတာ။ ဆိုတော့ သူ့ရဲ့သြဇာတိက္ကမက တော်တော်ကြီးတယ်။"

စိုင်းဝမ်စိုင်းပြောတာကို ဂျာမနီမှာနေထိုင်သူ နောက်တဦးဖြစ်တဲ့ ဘာလင်တက္ကသိုလ်၊ အငြိမ်းစားကထိက ဦးခင်မောင်စောကလဲ သဘောတူပါတယ်။

" ကျနော်သိရသလောက်တော့ သူက တော်တော်လေးတော့ နာမည်ကြီးတဲ့ မဂ္ဂဇင်းထဲမှာတော့ ပါပါတယ်။ သူက ခင်ဗျားတို့ အမေရိကားမှာရှိတဲ့ National Geographic လိုဟာမျိုးနဲ့ ခပ်ဆင်ဆင်ပဲ။ နောက်ပြီးတော့ သူ့မှာ G O TV တောင် သပ်သပ်ရှိသေးတယ်။ အဲ့တာလည်း National Geographic ချယ်နယ်လိုဟာမျိုးပဲ တော်တော်လေးထင်ရှားပါတယ်။"

ကြာသပတေးနေ့က သူတို့အတွက် အာမခံလျှောက်ထားတာကို တရားရုံးက ပယ်ချလိုက်တယ်လို့ သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားရှေ့နေ Jyotirmoy Barua က AFP သတင်းဌာနကို ပြောပါတယ်။ သူတို့နဲ့အတူအဖမ်းခံရတဲ့ ဆုရ ဘင်္ဂလားဒေ့ရှ် ဓာတ်ပုံဆရာတဦးကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့နှစ်ဦးကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရကို မေးမြန်း ထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရ ဦးဇော်ဌေးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်သူ မွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှာ မြန်မာသတင်းထောက်တွေ သတင်းသွားယူတာမျိုး အရင်က သတင်းမထွက်ခဲ့ဖူးသလို ဘင်္ဂလားဒေ့ရှ်မှာ မြန်မာသတင်းထောက်တွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းမျိုးလဲ အရင်က မရှိခဲ့ဖူးပါဘူးခင်ဗျာ။

မြန်မာသတင်းထောက်တွေအပေါ် ဘင်္ဂလားဒေ့ရှ် စွဲချက် အခြေအမြစ်ကင်းမဲ့
please wait

No media source currently available

0:00 0:04:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG