သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားရဲဝင်စီးမှု စစ်သွေးကြွ ၅ ယောက်သေဆုံး


၂၀၁၇ မတ်လအတွင်း စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်ရဲများစောင့်ကြည့်နေစဉ်
၂၀၁၇ မတ်လအတွင်း စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်ရဲများစောင့်ကြည့်နေစဉ်

ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်းဒေသမှာ အစွန်းရောက်အဖွဲ့တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေး တခုမှာ ဘင်္ဂလားဒေ့ရှ် ရဲတွေက အိမ်တအိမ်ကို ဝင်ရောက် စီးနင်းမှုအတွင်း စစ်သွေးကြွ ၅ ဦးနဲ့ မီးသတ်သမား တဦး သေဆုံးခဲ့ရတယ်လို့ ရဲကပြောပါတယ်။

အိမ်ထဲမှာ ရှိနေတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို မပေါက်ကွဲအောင် ရေဖျန်းနေတဲ့ မီးသတ်သမားကို အိမ်ပြင်မှာ ရှိတဲ့ စစ်သွေးကြွ အနည်းဆုံး ၂ ယောက်လောက်က ဓါးနဲ့ ထိုးတဲ့ အတွက် မီးသတ်သမား သေဆုံးသွားခဲ့တယ်လို့ Rajshahi ဒေသက ရဲတဦးဖြစ်တဲ့ Hifjul Alam Munshi က ပြောပါတယ်။ ဒီစီးနင်းမှုမှာ တခြားရဲ အများအပြားလည်း ဒဏ်ရာတွေ ရခဲ့တာပါ။

တညလုံး ဝိုင်းထားတဲ့ အိမ်ထဲကနေ သံသယရှိသူတွေက စတင်ပစ်ခတ်ခဲ့တာမို့ ရဲက ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနဲ့ သံသယရှိသူတွေထဲက တဦးဟာ အသေခံဗုံးခွဲ အင်္ကျ ီဝတ်ဆင်ထားပြီး သူ့ရဲ့ အသေခံဗုံးခွဲမှုကြောင့် ၅ ယောက်စလုံး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ ကလေးငယ် ၂ ဦးနဲ့ သူတို့တွေရဲ့ အမေကတော့ အိမ်ပြင်ထွက်လာပြီး အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ စီးနင်းမှုဟာ ထောက်လှန်းရေး သတင်းရခဲ့လို့ လုပ်ဆောင်တာဖြစ်ကြောင်း ရဲက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဘင်္ဂလာဒေ့ရှ်က Jumatul Mujahedeen အကြမ်းဖက်အဖွဲ့မှာ ပါဝင်သူလို့စွပ်စွဲပြီး မကြာသေးခင်ကမှ အဖမ်းခံခဲ့ရသူ တဦးရဲ့ ယောက္ခမလည်း ပါတယ်လို့ ရဲက ပြောပါတယ်။ မွတ်စလင် အများစု နေထိုင်ရာ ဘင်္ဂလာဒေ့ရှ် နိုင်ငံမှာ မကြာခင် နှစ်တွေအတွင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာဟာ ဒီအကြမ်းဖက်အဖွဲ့လို့ အပြစ်တင်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဘလော်ဂါတွေ၊ စာရေးဆရာတွေ၊ ထုတ်ဝေသူတွေ၊ နိုင်ငံခြားသားတွေနဲ့ လူနည်းစုဝင်တွေကို တိုးပြီး တိုက်ခိုက်လာတဲ့ အကြမ်းဖက် အဖွဲ့တွေကို ချေမှုန်းဖို့ ကြိုးစားနေရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဒီအကြမ်းဖက်အဖွဲ့ဝင်လို့ သံသယရှိသူ ၅ ဦးဟာ မြို့တော် ဒါကာက စားသောက်ဆိုင် တဆိုင်မှာ နိုင်ငံခြားသား ၁၇ ဦး အပါအဝင် လူ ၂၀ ကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ဒါကို သူတို့ လုပ်ဆောင်တာလို့ ကြေညာပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကတော့ သူတို့နိုင်ငံထဲ အိုင်အက်စ် အဖွဲ့ မရှိဘူးလို့ ငြင်းဆိုပါတယ်။ အဲဒီအချိန်ကစပြီး ရဲတွေရဲ့ စီးနင်းချေမှုန်းမှုတွေကနေ စစ်သွေးကြွလို့ သံသယရှိသူ ၆၀ လောက် သေဆုံးခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG