သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာစစ်သွေးကြွတားဆီးရေး ဘင်္ဂလားဒေရှ့် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်


မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်ကနေ ရိုဟင်ဂျာမွတ်စလင် စစ်သွေးကြွတွေ စိမ့်ဝင်မလာအောင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေရှ့်ထိပ်တန်းအရာရှိကြီးတယောက် ပြောလိုက်ပါတယ်။

အောက်တိုဘာလတုန်းက ဘင်္ဂလားဒေရှ့်ဘက် ခိုးဝင်ဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ စစ်သွေးကြွ ၂ ယောက်ကို မြန်မာတာဝန်ရှိသူတွေဘက်ကို ပြန်လွှဲအပ်ခဲ့တယ်လို့ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ နိုင်ငံရေးအကြံပေး H.T. Imam က Reuters သတင်းဌာနကို ပြောခဲ့တာပါ။

နောက်ထပ် ရိုဟင်ဂျာစစ်သွေးကြွတွေ စိမ့်ဝင်မလာအောင် မြန်မာနဲ့ဆက်လက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။ ခုလိုရိုဟင်ဂျာစစ်သွေးကြွတွေကို တားဆီးနိုင်ဖို့ လုပ်နေပေမယ့် ဒုက္ခရောက်လို့ ထွက်ပြေးလားတဲ့ ရိုဟင်ဂျာတွေကိုတော့ ဆက်ပြီးလက်ခံမှာဖြစ်တယ်လို့လဲ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးအကြံပေးက Reuters သတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

အကူအညီလိုအပ်နေတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ယာယီခိုလှုံခွင့် ပေးထားမှာ ဖြစ်တယ်လို့ H.T. Imam ရဲ့အပြောကို သတင်းထဲမှာ ကိုးကားဖော်ပြထားပါတယ်။

မြန်မာဘက်ကပြဿနာကြောင့် သူတို့အပေါ် အကြီးအကျယ် ဝန်ပိနေတယ်လို့လည်းဆိုပါတယ်။ ရိုဟင်ဂျာတွေ လှိမ့်ဝင်လာတဲ့အတွက် ဘင်္ဂလားဒေရှ့်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးပြဿနာတွေကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတကာက အကူအညီပေးဖို့နဲ့ ရိုဟင်ဂျာတွေကို ခွဲဝေလက်ခံဖို့ နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားထားတယ်လို့ H.T. Imam ကပြောပါတယ်။

Imam နဲ့ နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali အပါအဝင် ဘင်္ဂလားဒေရှ့်တာဝန်ရှိသူတွေဟာ မြန်မာ၊ အမေရိကန်နဲ့ Saudi Arabia ကသံတမန်တွေနဲ့ တနင်္ဂနွေနေ့က Dhaka မြို့မှာ ရိုဟင်ဂျာပြဿနာအရေး ဆွေးနွေးခဲ့ကြပါတယ်။

လောလောဆယ် Cox's Bazar ခရိုင်ထဲမှာ ယာယီနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ထဲက လူသူမနေတဲ့ Thengar Char ကျွန်းကို ရွှေ့ပြောင်းဖို့ ဘင်္ဂလားဒေရှ့်အစိုးရက စီစဉ်နေပြီး အဲဒီအတွက် ကုန်ကျစားရိတ်အတွက် ထောက်ပံ့ငွေရနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG