သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားရောက်ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီများ အရှိန်မြင့်


မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် လေးသိန်းနီးပါးရှိပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး၊ ဒီ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကူညီရေး အဖွဲ့အစည်းတွေက အပြင်းအထန်ကြိုးစားနေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနက ရိုက်ကူးပေးပို့ထားတာတွေကို ကိုသားညွန့်ဦးက စုစည်း ပြောပြပါလိမ့်မယ်။

ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် အဆမတန်များပြားလာတာနဲ့အတူပဲ အကူအညီပေးဖို့ ရန်ပုံငွေလိုအပ်ချက်တွေ ကြီးမားလာတယ်လို့ ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ သြဂုတ်လ ၂၅ရက်နေ့က အစွန်းရောက် အကြမ်းဖက်သမားတွေ မောင်တောခရိုင်အတွင်းက မြန်မာလုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်၊ ဒေသတွင်း မြန်မာစစ်တပ်က စစ်ဆင်ရေးပြုလုပ်နေရာ မှာ မနေ့ကအထိ ဒုက္ခသည် သုံးသိန်းခုနှစ်သောင်းထက်မနည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ အခုဆိုရင် လေးသိန်းနီးပါးအထိ ရှိလာပြီလို့ ကုသလမဂ္ဂက ခန့်မှန်းထားတာပါ။ ဒီလူတွေအတွက် အရေးပေါ်အကူအညီတွေပေးနိုင်ဖို့ ကိစ္စဟာ အရေးအကြီးဆုံးဖြစ်နေတယ်လို့ အဲဒီကို ရောက်နေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ လုပ်ငန်းများဆိုင်ရာ လက်ထောက်မဟာမင်းကြီး George William က ပြောပါတယ်။

“ အရေးတကာ့ အရေးကြီးဆုံးအခြေအနေကို ရောက်နေတာပါ။ အခု မြင်နေရတဲ့ ကလေးငယ်ထောင်ချီ အတွက်၊ မိခင်တွေအတွက် အသက်ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့ အစားအသောက် နေရာထိုင်ခင်း စသဖြင့် အထောက်အပံ့တွေပေးနိုင်ဖို့ အကူအညီ လုပ်ငန်းတွေကို ကြီးကြီးမားမား အရှိန်မြင့်လုပ်ဆောင်သွားရမှာပါ။ ဒီအတွက်လည်း IOM အဖွဲ့အစည်း က ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဒီနေရာကို ရောက်လာ ကြတာပါ။”

ဒုက္ခသည်တွေကို အရေးပေါ်အကူအညီပေးဖို့အတွက် နိုင်ငံတကာရွှေ့ပြောင်း ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်း (IOM)၊ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF)၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (OHCHR) စတဲ့ ကုလသမဂ္ဂအေဂျင်စီတွေ အပြင် နိုင်ငံတကာအစိုးရတွေ နိုင်ငံအတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ကြိုးပမ်းနေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကလည်း ဒုက္ခသည်တွေအတွက် အထောက်အပံ့ ပစ္စည်း တန်ချိန် ၃၄တန်ပါ အကူအညီတွေကို လေယာဉ်နဲ့ ဘင်္ဂလာဒေ့ရ်ှနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ဒုက္ခသည်တွေအတွက် ဆန်၊ အစာခြောက်၊ ယာယီဖျင် တဲ၊ မိသားစုသုံးပစ္စည်းတွေနဲ့ အဝတ်အထည်တွေ စတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို လေယာဉ် လေးစီးနဲ့ ဒီကနေ့ပဲ ပေးပို့လိုက်ပြီလို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောပါတယ်။

“ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာအစိုးရတွေကို ကျေးဇူး အများကြီးတင်ပါတယ်။ လေယာဉ်ကွင်းကနေ မိုင်တရာကျော်ဝေးတဲ့နေရာတွေ ကို ဒီ အကူအညီတွေ ရောက်သွားလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဘင်္ဂလားဒေ့ရ်ှ မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေအကူအညီတွေကို လေယာဉ်ကွင်းကနေ ထရပ်ကားတွေနဲ့ ပို့ဆောင်ရမှာပါ။”

အခုလို ဒုက္ခသည်တွေအစုလိုက်အပြုံလိုက် ထွက်ပြေးလာရတဲ့အခြေအနေအရ ဒါဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့အခြေအနေအထိ ရောက်နေပုံရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Ra'ad al-Hussein က တနေ့က လူ့အခွင့်အရေးကောင်စီ အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။ မြန်မာအစိုးရဖက်ကတော့ ဒီစွပ်စွဲချက်ဟာ အချက်အလက်ခိုင်လုံမှုမရှိတာကြောင့်ဆိုပြီး ဒီလို သုံးနှုန်းပြောဆိုတာကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG