သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို မြန်မာတိုက်တွန်း


 ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တွေ့ဆုံ
ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက်နေကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံအစိုးရတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ဒုက္ခသည်အတွင်းမှာရောက်နေပြီး ပြန်လိုတဲ့ဆန္ဒရှိကြောင်း ပြောဆိုထားကြတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပထမအဆင့်အနေနဲ့ ပြန်ပို့မယ့်အစီအစဉ်တွေ အမြန်ဆုံးစတင်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ခေါ်ယူ အကြောင်းကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့ တွေ့ဆုံစဉ်မှာလည်း ဒုက္ခသည်တွေ နေရပ်မပြန်ရဲအောင် စခန်းအတွင်းမှာရှိတဲ့ အစွန်းရောက်တွေက ခြိမ်းချောက် ပြောဆိုနေတာတွေ ရှိတဲ့အတွက် ဒုက္ခသည်တွေက မပြန်ရဲဘဲ နေရပ်ပြန်မယ့် အစီအစဉ်တွေ မစတင်နိုင်ဘဲ အခုလို နှောင့်နှေး ကြန့်ကြာနေရတယ်ဆိုတာကို တင်ပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ဒုက္ခသည်စခန်းတွေအတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်လိုတဲ့သူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေး အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အနားရောက်မှ ဒုက္ခသည်တွေဘက် မပြန်လိုဘူးဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာတာကြောင့် နေရပ်ပြန်မယ့် အစီအစဉ်တွေ အခုချိန်ထိ မစတင်နိုင်ဘဲ ဖြစ်နေပါတယ်။

နေရပ်ပြန်ရေး အခုလို အခက်အခဲတွေရှိနေပြီး နှောင့်နှေး ကြန့်ကြာနေတာဟာ စခန်းအတွင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခြိမ်းချောက်မှုတွေ ရှိနေတဲ့အတွက်ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ကို စက်တင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့က ခေါ်ယူ အသိပေးခဲ့ကြာင်း မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဗွီအိုအေကို ပြောပါတယ်။

“စခန်းထဲမှာ ဒီလူနည်းစုရှိတယ်။ အဲဒီလူတွေက ပြန်လည်လက်ခံရေးတွေမဖြစ်ဖို ကြိုးပမ်းနေတဲ့လူတွေပေါ့နော်။ သူတို့က စခန်းထဲမှာ ပြန်ချင်တဲ့လူတွေကိုလိုက်ပြီး မင်းတို့ပြန်ရင် ဟိုဘက်မြန်မာနိုင်ငံအထိကို လိုက်ပြီး အသက်အန္တရာယ်ပြုမယ်ဆိုတဲ့အထိ ခြိမ်းခြောက်မှုတွေရှိတယ်။ အဲဒီအခါကျတော့ ပြန်ချင်တဲ့လူကတောင်မှ ရှေ့ထွက်ပြီးတော့ ကျနော်ပြန်ချင်တယ် ကျမ ပြန်ချင်ပါတယ်ဆိုပြီး ပြောဖို့ ခက်နေတယ်လေ။ ဘာကြောင့်လဲဆိုတော့ ဒီအန္တရာယ်က သူတို့နားမှာရှိနေတာကို အဓိကကတော့ ဘာလုပ်ရမလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စခန်းတွင်းမှာရှိနေတဲ့ အစွန်းရောက်လူတွေကို သူတို့ ထိထိရောက်ရောက်တော့ ကိုင်တွယ်နှိမ်နင်းဖို့ လိုလိမ့်မယ်။”

ဒုက္ခသည် အများစုဖြစ်တဲ့ မွတ်ဆလင်ဘာသာဝင်တွေ ပြန်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ရှိနေပေမယ့်လည်း လက်ရှိမှာ မြန်မာနိုင်ငံကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လာလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုထားတဲ့ ဟိန္ဒူဘာသာဝင်တွေ ၄၄၄ ယောက် ရှိနေတာကြောင့် ဒီလူတွေနဲ့ နေရပ်ပြန်တဲ့အစီအစဉ်ကို ရတဲ့နေရာက စလိုတဲ့ဆန္ဒရှိကြောင်း ဦးစိုးဟန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလူတွေ နေရပ်ပြန်ရေးကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်က စတင် လုပ်ဆောင်လိုတဲ့ဆန္ဒရှိတာကို မတွေ့ရဘူးလို့ ဦးစိုးဟန်က ပြောပါတယ်။

“ ကျနော်တို့ ဟိန္ဒူဘာသာဝင် ၄၄၄ ယောက် ကိစ္စကို ကျနော်တို့ ၂၀၁၈ မတ်လကတည်းက စပြောတာ။ နောက် ဒီကြားထဲမှာလည်း အကြိမ်ကြိမ် ၄ ကြိမ်လောက်ထပ်ပြီးတော့ ကျနော်တို့ မေတ္တာရပ်ခံတယ် ထပ်ပြီးတော့လည်း remind လည်းလုပ်တယ်။ စကတည်းက သူတို့ တုံ့ပြန်ချက်က ဘာလဲဆိုတော့ ဒီ ဟိန္ဒူဘာသာဝင်တွေ ကိုပဲ သီးခြားပို့ပေးဖို့ သူတို့မှာ အခက်အခဲရှိတယ်ဆိုပြီးတော့ ပြောထားတာရှိပါတယ် အခုလည်းပဲ ဒီအတိုင်း သူတို့ရပ်တည်ချက် အပြောင်းအလဲမရှိဘူးဆိုတာ ကျနော်တို့ ကြားရပါတယ်။”

ဒုက္ခသည်တွေ နေရပ်ပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား အဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း အခုနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်း ဆောင်ရွက်မှုတွေ အရင်ကထက် ပိုလုပ်လာတာကို တွေ့ရကြောင်း မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောပါတယ်။

“ဒီတခေါက်မှာက ဘင်္ဂလားဒေ့ရှ်ဘက်က ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်လာတဲ့ အနေအထားကို တွေ့ရတယ်။ ဒါကြောင့် ကျနော်မနေ့က ဘင်္ဂလားဒေ့ရှ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါတယ်ဆိုပြီး ပြောခဲ့တယ်။ ဒီတခေါက်ကတော့ ထူးထူးခြားခြားလုပ်လာတယ် သူ့မှာလည်း ပြန်ပို့ဖို့ ဆန္ဒရှိလာပုံရတယ်။ သို့သော်လည်း စခန်းအတွင်းမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ မဖြစ်ခဲ့ဘူး။ နောက်တချက် အရေးကြီးတဲ့အချက်ကတော့ ဘာလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကို လူစာရင်းပေးတယ် ၃၄၅၀ ပေါ့ စိစစ်ပြီးသားလူတွေ ပြီးတဲ့အခါ ဘင်္ဂလားဒေ့ရှ် ကနေပြီးတော့ သက်ဆိုင်ရာ လုပ်ငန်းတွေ စနိုင်ဖို့ အဖွဲ့အစည်းတခု ပေးတာက သြဂုတ် ၈ ရက်နေ့က ပေးတယ် သို့သော်လည်း အဲဒီအဖွဲ့အစည်းက ပြန်လိုတဲ့လူတွေကို မေးတာမြန်းတာတွေကတော့ ၂၀ ရက်နေ့မှ စနိုင်တယ် ။ စနိုင်တဲ့အတွက် ဒီပေးထားတဲ့ စာရင်းထဲက ၃ ပုံ ၁ ပုံ ကိုတောင် ပြန်ပြီးမပေးနိုင်တဲ့ အနေအထားမှာရှိတယ်။ နောက်ဆိုရင် ဒါက အချိန်ယူပြီးဆောင်ရွက်ဖို့လိုတယ်လို့ ကျနော်မနေ့ကလည်း ပြောခဲ့တာပေါေ့နာ်။"

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener နဲ့ တွေ့ဆုံစဉ်မှာလည်း မြန်မာဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က - မိမိသဘောနဲ့ နေရပ်ပြန်လိုတဲ့သူတွေကို ARSA အဖွဲ့က ခြိမ်းချောက်မှုတွေ ရှိနေတယ်ဆိုတာနဲ့ ဟိန္ဒူဘာသာဝင် ၄၄၄ ယောက်ကို အစောတလျင် နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်း ပြောဆိုပေးဖို့ တင်ပြခဲ့ကြောင်း မြန်မာအစိုးရ သတင်းတွေမှာ ဖော်ပြပါတယ်။

တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို မြန်မာအစိုးရက ရိုဟင်ဂျာလို့ အသိအမှတ်မပြုပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေသလို၊ ကုလသမဂ္ဂ နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း စိစစ်ပြီးသား ဒုက္ခသည် ၃၀၀၀ ကျော်ကို ပြန်လက်ခံဖို့ မြန်မာဘက်အခြမ်းက စောင့်ကြိုနေခဲ့ပေမယ့် ဒုက္ခသည်တွေ တယောက်မှ ရောက်မလာတာကြောင့် အဲဒီ အစီအစဉ်လည်း ပျက်သွားခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG