သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် Chakma ကေ ျးရွာ ဒေသခံဘင်္ဂလီများ တိုက်ခိုက်


Chakma ခေါ် သက်လူမျိုးတွေရဲ့ နေအိမ်ဈေးဆိုင်တွေကို ဒေသခံဘင်္ဂါလီတချို့ မီးရှို့တိုက်ခိုက်
Chakma ခေါ် သက်လူမျိုးတွေရဲ့ နေအိမ်ဈေးဆိုင်တွေကို ဒေသခံဘင်္ဂါလီတချို့ မီးရှို့တိုက်ခိုက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူငယ်အဖွဲ့အစည်းတခုဖြစ်တဲ့ Jubo League ရဲ့ဒေသခံ ဘင်္ဂလီခေါင်းဆောင်တဦး ကြာသပတေးနေ့တုန်းက လမ်းဘေးမှာ သေဆုံးနေတာ တွေ့ခဲ့ရပြီးနောက် စစ်တကောင်းပြည်နယ် Rangamati ခရိုင်၊ Upazila အူပါဇီလာ ဒေသမှာရှိတဲ့ တောင်ပေါ်နေ တိုင်းရင်းသားတမျိုးဖြစ်တဲ့ Chakma ချက်ကမာ ခေါ် သက်လူမျိုးတွေရဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဒေသခံဘင်္ဂါလီတချို့က သောကြာနေ့တုန်းက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်း အသက်(၇၅)နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ Bangla Tribune သတင်းစာက ရေးပါတယ်။

အူပါဇီလာဒေသ အကြီးအကဲက နေအိမ်နဲ့ဈေးဆိုင်ပေါင်း(၁၁၀)လောက် အတိုက်ခိုက် ခံရတယ်လို့ ပြောနေပေမယ့် ဒေသခံတွေကတော့ နေအိမ်-ဈေးဆိုင်(၂၀၀)ကျော် ဖေါက်ထွင်းလုယူ မီးရှို့ဖျက်ဆီးခံရတယ်လို့ ပြောကြောင်း Daily Star သတင်းမှာ ဖေါ်ပြပါတယ်။

ဒီဖြစ်ရပ်ကြောင့် အဲဒီဒေသက ကျေးရွာ ၃ရွာနေ တောင်ပေါ်တိုင်းရင်းသား လူနည်းစု ဒေသခံမိသားစုတွေကတော့ အသက်ဘေး လုံခြုံမှုရအောင်လို့ အိုးအိမ်တွေစွန့်ပြီး တောင်ပေါ်နဲ့ တောအုပ်တွေ ရှိရာဖက်ကို ထွက်ပြေး ခိုလှုံသွားကြပါတယ်။

အဲဒီဒေသတဝိုက်မှာ 144 ညမထွက်ရအမိန့် ထုတ်ထားပြီး လူစုလူဝေး မလုပ်ကြဖို့ တားမြစ်ထားပေမယ့် တိုက်ခိုက်မှုတချို့ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒီလို ရမ်းကား တိုက်ခိုက်မှုတွေ ဖြစ်နေပေမယ့် အဲဒီဒေသကို အခြေအနေထိန်းသိမ်းဖို့ ရဲနဲ့စစ်တပ်က လာရောက်တာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။

အူပါဇီလာဒေသ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့ အကြီးအကဲတဦးက အရေးပေါ် အစည်း အဝေးတရပ် ခေါ်ယူခဲ့ပြီး ဒီတိုက်ခိုက်မှု ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် လူ ၃ဦးပါတဲ့ စုံစမ်းရေးကော်မရှင် တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

စစ်တကောင်းပြည်နယ် Khagrachhari Sadar-Dighinala လမ်းနားမှာ ကြာသပတေးနေ့ တုန်းက ဘင်္ဂလီဒေသခံ ခေါင်းဆောင်တဦး သေဆုံးနေတာကို တွေ့ခဲ့ရပြီးနောက် အခုလို မငြိမ်မသက်မှုတွေ ပေါ်လာရတာဖြစ်ပါတယ်။ အဲဒီဒေသက ဘင်္ဂလီလူမျိုးတွေက ဒေသခံခေါင်းဆောင်ရဲ့ ရုပ်အလောင်းကို သူ့ရွာ ပြန်သယ်သွားပြီး၊ ဆန္ဒပြဖို့ စုရုံးလှုံ့ဆော် ခဲ့ပါတယ်။ ဒီဒေသခံ ဘင်္ဂလီခေါင်းဆောင် သေဆုံးရတာဟာ သက်-အပါအဝင် တောင်ပေါ် တိုင်းရင်းသား လူနည်းစုတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံဘင်္ဂလီတွေက စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG