သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား နှုတ်ဆက် သတင်းစာရှင်းလင်းပွဲ


သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံတနိုင်ငံရဲ့ ကောင်းမွန်တဲ့ အစိုးရတရပ် တည်ရှိရေးအတွက် အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ ၄၄ ဆက်မြောက်သမ္မတ Barack Obama က သူ့ရဲ့ နောက်ဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတသစ်အဖြစ် တက်လာမယ့် Donald Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ၂ ရက်အလို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတတာဝန်ကနေ သူအနားမယူခင် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တချို့နဲ့ ပတ်သက်ပြီး ပြောကြားချက်တွေကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အိုဘားမားအစိုးရအဖွဲ့ တာဝန်ရှိသူတွေက သမ္မသစ်အဖွဲ့ကို တာဝန် အလွှဲအပြောင်းတွေ လုပ်ဖို့ ပြင်ဆင် လုပ်ကိုင်နေကြချိန်မှာပဲ သမ္မတ အိုဘားမားက နောက်ဆုံး သတင်းစာရှင်လင်းပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ သမ္မတအိုဘားမားရဲ့ ဝန်ထမ်းတချို့ကတော့ သောကြာနေ့ နေ့လည် သမ္မတသစ် Trump ကျမ်းသစ္စာ ကျိန်ဆိုချိန်အထိ တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

သမ္မတသက်တမ်းတလျှောက်လုံး သတင်းမီဒီယာတွေနဲ့ အနီးကပ်လက်တွဲ လုပ်ဆောင်လေ့ရှိတဲ့ အိုဘားမားက သမ္မတအိမ်ဖြူအနောက်ခြမ်းက သတင်းခန်းမမှာ ပြုလုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ကျေးဇူးတင်စကားနဲ့ စဖွင့်ခဲ့တာပါ။ ပြည်သူတွေရဲ့ စကားတွေကို သယ်လာတဲ့ သတင်းသမားတွေဆီက ဘာကြောင့်လဲ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်ရတဲ့ အစိုးရတရပ်အနေနဲ့ ပြဿနာကို အဖြေရှာဖို့ အမြဲလိုလို ကြိုးစားနေရတာမို့ သတင်းလွတ်လပ်ခွင့်ရှိမှုရဲ့ တန်ဖိုးဟာ နိုင်ငံတနိုင်ငံအတွက် သိပ်ကို ကြီးမားတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

"သတင်းလွတ်လပ်ခွင့်ရှိတဲ့ ဒီနိုင်ငံမှာ ဒါဟာ အစိုးရတရပ်ကို ဘယ်လို အလုပ်ကောင်းကောင်းလုပ် ရမယ်ဆိုတာ ပြောတဲ့ အလေ့အကျင့် အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သတင်းအချက်လက် ကောင်းကောင်းပေးတဲ့ ပြည်သူမရှိရင် အလုပ်မဖြစ်သလို သတင်းသမားတွေကလည်း ဒီလူတွေ ပြောချင်တာကို သယ်လာသူတွေပါ။ ဒါ့ကြောင့် အမေရိကန်နိုင်ငံကရော ဒီမိုကရေစီကပါ သင်တို့ကို လိုအပ်ပါတယ်။ သတင်းသမားတွေ ဘက်ကလည်း အချက်လက် အမှန်ကို စုဆောင်းပြီး တင်ပြဖို့ လိုပါတယ်။ ဒါမှာ အခြေနေမှန်ကို သိပြီး တိုးတက်အောင် ဘယ်လို စပြင်ရမယ်ဆိုတာ သိမှာပါ။"

အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပစ်ဒဏ်ကျခံနေရသူတဦးဖြစ်တဲ့ ထင်ရှားတဲ့ Chelsea Manning ဟာ အင်္ဂါနေ့မှာ သမ္မတအိုဘားမား ကြေညာခဲ့တဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ မေလမှာပဲ ထောင်ကနေ လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ သူဟာ ဝီကီလိခ်ကို နိုင်ငံတော်ရဲ့ လျှို့ဝှက်အချက်အလက်တွေ ဖောက်ချခဲ့တဲ့အတွက် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ် လျှော့ပေါ့ပေးတာနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကိုတော့

"ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းပြောရရင်တော့ Chelsea Manning ဟာ ပြင်းထန်တဲ့ ထောင်ဒဏ် ပစ်ဒဏ်ကို ကျခဲ့ပြီးပါပြီ။ သူ့ကို ပြစ်ဒဏ် ချမှတ်ခဲ့တာဟာ အရေးပါတဲ့ ကန့်သတ်ချက်တွေကို ဖေါက်ချခဲ့မှုပါ။ ဒီအတွက် သူဟာ တရားရင်ဆိုင်ခဲ့ပြီးပြီဖြစ်ပြီး သူ့ကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ သိပ်ကို ကြီးလေးနေတယ်လို့ ကျနော်ယုံကြည်တာမို့ အခုလို လျှော့ပေါ့ပေးခဲ့တာပါ။ သူဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ခံခဲ့ပြီးပါပြီ။"

သမ္မတအာဏာအလွှဲအပြောင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးမြန်းချက်တွေထဲက တခုကတော့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ဘူးလို့ ပြောတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေ ဘာ့ကြောင့် တိုးလာသလဲ ဆိုတာပါ။ သူတို့ဟာ သမ္မတသစ်ဖြစ်လာမယ့် Donald Trump နဲ့ အမြင်မတူကြသူတွေဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ရုရှားက ၂၀၁၆ ရွေးကောက်ပွဲမှာ Hillary Clinton ကို မစ္စတာ Trump က အနိုင်ရစေဖို့ ကြားဝင်နှောက်ယှက်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာအပြင် အရွေးကောက်ခံ သမ္မတ Donald Trump ဟာ တရားဝင်သမ္မတ မဟုတ်ဖူးလို့ ပြောကြားခဲ့တဲ့ Georgia ပြည်နယ်က ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် John Lewis နဲ့ မစ္စတာ Trump တို့ တယောက်နဲ့ တယောက် ပုတ်ခတ်ပြောဆိုမှုတွေ ဆိုးဆိုးရွားရွား တွေ့လာရတာပါ။

ဒါတွေဟာ မကြာခင်ကျင်းပတော့မယ့် ကျမ်းသစ္စာကျိန်ဆိုပွဲ အပေါ် ဘယ် အတိုင်းတာအထိ ရိုက်ခတ်နိုင်တယ် ဆိုတဲ့ မေးမြန်းချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားကတော့ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲဟာ အမေရိကန် ပြည်ထောင်စုရဲ့ အာဏာလွှဲပြောင်းမှုမှာ အရေးပါတဲ့ ကဏ္ဍတရပ်ဖြစ်တာမို့ သူနဲ့ Michelle Obama တို့ကတော့ တက်ရောက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အရွေးကောက်ခံ သမ္မတ Trump ကို သူ့အနေနဲ့ အကောင်းဆုံး အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ပြောခဲ့ပေမဲ့ သူ့အကြံဉာဏ်ကို မစ္စတာ Trump ဘယ်အတိုင်းတာထိ လက်ခံမယ်ဆိုတာတော့ သူမသိဘူးလို့ ဆိုပါတယ်။

"သူယုံကြည်လက်ခံလာအောင် ကျနော် အတတ်နိုင်ဆုံး ကြိုးစား ပြောကြားခဲ့ပါတယ်။ သူ့ကို ကိုယ်တိုင် မေးကြည့်ရင်တော့ အကောင်းဆုံးလို့ ထင်ပါတယ်။"

သမ္မတ အိုဘားမားဟာ သူသမ္မတတာဝန်ကနေ အနားယူချိန်မှာ အသက် ၅၅ နှစ်ပဲ ရှိသေးတာမို့ အသက်အငယ်ဆုံး အနားယူမယ့် သမ္မတတဦး ဖြစ်ပါတယ်။ သောကြာနေ့ နေ့လည် သမ္မတအဖြစ် မစ္စတာ Trump ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက်မှာ သူတို့ ဇနီးမောင်နှံဟာ ဖလော်ရီဒါပြည်နယ် Palm Springs ကို အနားယူဖို့ သွားရောက်မှာ ဖြစ်ပါတယ်။ သူ့သမီးငယ် Sasha အထက်တန်းကျောင်း ပြီးဖို့ ၂ နှစ်ခွဲလိုသေးတာမို့ အဲဒီအချိန်တွေအတွင်းမှာ ဝါရှင်တန်ဒီစီနားက Kalorama အရပ်က အိမ်ကို ပြောင်းရွှေ့နေထိုင်မှာ ဖြစ်ပတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG