သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြော


သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း
သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း

သမ္မတ တာဝန်တွေအဆုံးသတ်ပြီး သာမန်နိုင်ငံသား တယောက်အဖြစ် ပြန်လည်နေ ထိုင်တော့မယ့် ၁၀ ရက်အလိုမှာ အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားက တိုင်းပြည်ကို နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောသွားပါတယ်။ အင်္ဂါနေ့ညက ပြောသွားတဲ့ ဒီမိန့်ခွန်းမှာ သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ ၈ နှစ် သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို မီးမှောင်းထိုးပြောသွားပါတယ်။ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးအရ မလိုမုန်းထားမှုတွေကနေ အမေရိကန်ရဲ့ဒီမိုကရေစီကို ထိခိုက်ပျက်စီးမခံကြဖို့လည်း သတိပေးပြောကြားသွားပါတယ်။ သမိုင်းဝင်သမ္မတ တဦးရဲ့ နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Richard Green သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါလိမ့်မယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်က သူနေထိုင်ခဲ့တဲ့၊ သူ့ရဲ့ နိုင်ငံရေးဘ၀ စတင်ခဲ့ရာ ရှီကာဂိုမြို့မှာ သူ့ကို အကြီးအကျယ် ထောက်ခံ အားပေးကြတဲ့ လူပေါင်းများစွာက နှုတ်ဆက်မိန့်ခွန်းပြောဖို့ ခန်းမထဲဝင်လာတဲ့ သမ္မတ အိုဘားမားကို အကြီးအကျယ် ကြိုဆို နှုတ်ဆက်ကြပါတယ်။

"အိမ်ကို ပြန်လာရတာ သိပ်ဝမ်းသာပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။" လို့ သမ္မတအိုဘားမားက လူအုပ်ကြီးကို နှုတ်ဆက်နေတာပါ။

အမေရိကန်ပြည်ထောင်စုဟာ သူ သမ္မတ တာဝန်တွေ စတင်ယူခဲ့တဲ့ ၂၀၀၉ ခုနှစ်ကထက် အခုအချိန်မှာ ပိုပြီး ခိုင်မာအားကောင်းတဲ့နေရာတခု ဖြစ်လာခဲ့တယ်လို့ သမ္မတ က ပြောပါတယ်။

"အမေရိကန်ပြည်ထောင်စုဟာ အကြီးအကျယ် စီးပွားရေးကျဆင်းမှု အခြေအနေကို ပြောင်းလဲ ပစ်နိုင်ပြီ၊ မော်တော်ကား လုပ်ငန်းတွေ ပြန်လည်အားကောင်းအောင် လုပ်နိုင်ပြီ။ ကျနော်တို့သမိုင်းမှာ အရှည်ကြာဆုံးကြုံခဲ့ရတဲ့ အလုပ်အကိုင် ရှားပါးမှုပြဿနာ လျော့နည်းသွားပြီလို့ လွန်ခဲ့တဲ့ ၈ နှစ်တုန်းကသာ ခင်ဗျားတို့ကို ကျနော်ပြောခဲ့မယ်ဆိုရင် ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေးစာမျက်နှာသစ်တရပ် စတင်နိုင်ခဲ့တာ၊ အီရန်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ကျည်တချက်မှဖောက်စရာမလိုဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရပ်တန့်နိုင်ခဲ့တာ၊ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့တဲ့သူကို သုတ်သင်နိုင်ခဲ့တာ၊ လူသားအားလုံး တန်းတူလက်ထပ် ထိမ်းမြားခွင့်နဲ့ နိုင်ငံသား သန်း ၂၀ အတွက် ကျန်းမာရေး အာမခံတွေ ရှိလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ၈ နှစ်ကသာ ခင်ဗျားတို့ကို ကျနော်ပြောရင်တော့ ဒါက သိပ် အလွန်အကျွံ ပြောတာဖြစ်သွားမှာပါ။”

တိုင်းပြည်တွင်းက လက်ရှိ နိုင်ငံရေးအကွဲအပြဲတွေကို နားလည်ထားတဲ့ သမ္မတအိုဘားမားက ပြည်သူတွေ အချင်းချင်းကြား တူညီမှုတွေ ရှာပြီး နားလည်မှုရယူကြဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်းသွားပါတယ်။ ဒီမိုကရေစီစနစ်မှာ အားလုံးဟာ ပုံစံတခုတည်း ဖြစ်စရာ မလိုဘဲ စုစည်းညီညွတ်မှု အခြေခံရှိဖို့သာ လိုတယ်လို့ သမ္မတက ပြောသွားတာပါ။

စီးပွားရေးပြဿနာနဲ့ လူမျိုးရေးမညီမျှမှုလို ဒီမိုကရစီစနစ်ကို ခြိမ်းခြောက်တဲ့ပြဿနာတွေကို အမေရိကန်ပြည်ထောင်စု ဆက်တိုက် ကြုံခဲ့ရတယ်လို့လည်း သမ္မတ က ပြောပါတယ်။

" စီးပွားရေး ကိစ္စတိုင်းကို ကြိုးစားအလုပ်လုပ်ရတဲ့ လူဖြူ လူလတ်တန်းစားမိသားစုတွေနဲ့ အခွင့်အရေး မရကြတဲ့ လူနည်းစုတွေရဲ့ ရုန်းကန်မှုအဖြစ်သာ သတ်မှတ် ပုံဖော်မယ်ဆိုရင်၊ ချမ်းသာကြွယ်ဝတဲ့သူတွေ သူတို့ ပုဂ္ဂလိက အကျိုးစီးပွားဘောင်ထဲမှာပဲ ထပ်ပြီး ကြီးပွားအောင် လုပ်နေချိန်မှာ၊ အလွှာ အသီးသီးက အလုပ်သမားအားလုံး သူတို့ရပိုင်ခွင့်လေးအတွက် လုယက်ရှာဖွေစားသောက်ရတဲ့ ဘ၀ ရောက်နေပါလိမ့်မယ်။"

ဒါပေမဲ့ သူ သမ္မတ တာဝန်စယူချိန်ကထက် အခုချိန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်လို့ အများကြီး အားတက်ရတဲ့အကြောင်းနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ ဆက်ပြီး ပါဝင်သွားကြဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်းပြောဆိုသွားပါတယ်။

“ဒီနိုင်ငံကို တည်ထောင်ခဲ့တဲ့အချိန်က ရေးသားမှတ်တမ်းတင်ခဲ့ကြတဲ့ ယုံကြည်မှုတွေကို ခိုင်ခိုင်မာမာ ဆက်လက် စွဲကိုင်ဖို့ ကျနော် ခင်ဗျားတို့ကို တောင်းဆိုချင်ပါတယ်။ ဒီ အတွေးအခေါ်တွေဟာ ကျေးကျွန်အဖြစ် အခိုင်းခံရသူ၊ ကျွန်စနစ်ဖျက်သိမ်းရေး တောင်းဆိုသူတွေ လက်ဆင့်ကမ်းပြောခဲ့ကြတဲ့ အယူအဆဖြစ်သလို၊ တရားမျှတရေးလိုလားတဲ့ ရွှေ့ပြောင်းလာသူတွေ အခြေချခဲ့သူတွေရဲ့ စိတ်ဓာတ်၊ ပြည်ပစစ်မြေပြင်တွေကနေ လကမ္ဘာအထိ အလံလွှင့်ခဲ့ကြသူတွေရဲ့ လက်ခံထားခဲ့တဲ့ မူ၊ နောက် အမေရိကန် ပြည်ထောင်စုမှာ သမိုင်းမတင်ရသေးသူတွေရဲ့ အဓိက ယုံကြည်မှုလည်း ဖြစ်ပါတယ်။ ကျနော်တို့ လုပ်နိုင်မှာပါ၊ ကျနော်တို့ လုပ်ခဲ့ကြတယ်။ လုပ်နိုင်ကြမှာပါ။”

အင်္ဂါနေ့ညက ပြောကြားတဲ့ နှုတ်ဆက်မိန်ခွန်းအတွင်း သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို သမ္မတ အိုဘားမားက အဓိက မီးမှောင်း ထိုးပြသွားခဲ့တာ ဖြစ်သလို သဘာထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးအရ မလိုမုန်းထားမှုတွေကြောင့် ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်စီးမခံဖို့ လူထုကို သတိပေး ပြောသွားခဲ့ပါတယ်။

ပြောသွားတဲ့ ဒီမိန့်ခွန်းမှာ သမ္မတအိုဘားမားက ပြီးခဲ့တဲ့ ၈ နှစ် သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို မီးမှောင်းထိုးပြောသွားခဲ့သလို၊ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးအရ မလိုမုန်းထားမှုတွေကြောင့် အမေရိကန် ဒီမိုကရေစီ ထိခိုက်ပျက်စီးမခံကြဖို့လည်း သတိပေး ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG