သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဘီစီ တရုတ်ဗြူရိုအကြီးအကဲ ရာထူးက နုတ်ထွက်


ဘီဘီစီ သတင်းဌာနရဲ့ တရုတ်နိုင်ငံဆိုင်ရာ အယ်ဒီတာ Carrie Gracie (Carrie Gracie twitter )

ဘီဘီစီ သတင်းဌာနရဲ့ တရုတ်နိုင်ငံဆိုင်ရာ အယ်ဒီတာ Carrie Gracie ဟာ သူနဲ့လုပ်ဖေါ်ကိုင်ဖက်အမျိုးသားတွေနဲ့ လစာ တန်းတူမရတာကြောင့် ရာထူးကနေနုတ်ထွက်သွားပါတယ်။ သူ့ရဲ့နုတ်ထွက်မှုကို သူ့ကိုယ်ပိုင် အင်တာနက် ဘလော့ဂ် စာမျက်နှာပေါ်ကနေ လူအများသိနိုင်အောင်ဖေါ်ပြခဲ့တာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့် မယ်။

Carrie Gracie ဟာ ဘီဘီစီအသံလွှင့်ဌာနမှာအလုပ်လုပ်လာတာ နှစ်ပေါင်း၃၀ကျော်ရှိပါပြီ။ အခုတော့ အမျိုးသမီးနဲ့ အမျိုးသား ခွဲခြားပြီး လစာကိုတန်းတူမပေးတာဟာ တရားမ၀င်တဲ့လုပ်ရပ်ပဲလို့ဆုံးဖြတ်ပြီး သူ့ရဲ့တာဝန်ကနေနုတ် ထွက်လိုက်ပြီလို့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ မနေ့တုန်းကတော့ ဘီဘီစီက သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တချို့နဲ့ အခုလိုသူ နုတ်ထွက်ရ တဲ့အကြောင်းနဲ့ပတ်သက်လို့ တွေ့ဆုံမေးမြန်းခန်းလုပ်ခဲ့ပါတယ်။ သူ့လိုခံစားချက်တွေနဲ့တခြား အမျိုးသမီးတွေလည်း အများအပြားအလုပ်လိုက်ထွက်မှာကို စိုးရိမ်နေတယ်လို့ Carrie Gracieကပြောပါတယ်။

"ဒီအခြေအနေက ကျမအတွက်တော်တော် စိတ်ထိခိုက်စေတာပါ။ တကယ်တော့ ဒီလိုအခြေအနေတွေနဲ့ခံစားချက် တွေက ဘီဘီစီမှာလုပ်နေတဲ့အမျိုးသမီးတွေတင်မကပါဘူး။ နိုင်ငံနဲ့အ၀ှမ်းဖြစ်နေတယ်လို့ကျမ ထင်ပါတယ်။ ကျမ နုတ်ထွက်လိုက်ပြီလို့ကြေညာခဲ့ပြီးနာရီပိုင်းအကြာမှာပဲ ကျမကိုနိုင်ငံတကာကနေထောက်ခံမှုတွေရှိခဲ့ပါတယ်။ ဒီက ဘာကိုပြောနေသလဲဆိုရင် မျှမျှတတလုပ်တာကို အကြီးအကျယ်လိုချင်နေကြတယ်၊ မျှတပြီးပွင့်လင်းမြင်သာတဲ့ လစာပေးမှုတွေကို သိပ်ပြီးလိုလားနေကြတယ်ဆိုတာကိုပြောလိုက်တာပါပဲ။"

Carrie Gracieရဲ့ ကိုယ်ပိုင်ဘလော့ဂ်စာမျက်နှာကနေ သူ့ရဲ့နုတ်ထွက်စာကို လူသိရှင်ကြားဖေါ်ပြခဲ့တာဖြစ်ပြီး အခုဖြစ် နေတဲ့ကိစ္စက အသံလွှင့်လောကရဲ့ ယုံကြည်မှုဆိုင်ရာ ပဋိပက္ခ၊ တရားမျှတမှုကိုချိုးဖေါက်နေတဲ့ကိစ္စပဲလို့သူကဆိုပါတယ်။

"ကျမနုတ်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီကတုံ့ပြန်တာကို ကျမအခုထိစိတ်ပျက်နေတုန်းပါ။ ဘီဘီစီကပြောတာက အမျိုးသမီးနဲ့အမျိုးသားအကြား လစာကွာဟချက်အကြောင်းပါ။ ကျမက ဒါကိုပြောနေတာမဟုတ်ပါဘူး။ တချို့နေရာတွေ မှာ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့လုပ်ရတဲ့အခန်းကဏ္ဍကမတူပါဘူး။ ဒီအပေါ်မှာ လစာကွဲသွားပါတယ်။ ကျမပြောနေတာ က လုပ်ငန်းအမျိုးအစားတူတဲ့ ဒီအလုပ်တခုကိုပဲ အမျိုးသားရောအမျိုးသမီရော လုပ်ရတာခြင်းအတူတူ အမျိုးသားက အမျိုးသမီးထက် လစာပိုများနေတဲ့ကိစ္စပါ။ ဒါက ခွဲခြားဆက်ဆံမှုပါ။ တရားမ၀င်တဲ့လုပ်ရပ်ပါ။ ဒါကို မဟုတ်ပါဘူးလို့ ဘီဘီစီက ငြင်းနေတာတွေ ရပ်သင့်ပါပြီ။"

ဘီဘီစီသတင်းဌာနမှာ နိုင်ငံတကာအယ်ဒီတာ ၄ဦးရှိပါတယ်။ အမျိုးသမီး ၂ဦးနဲ့ အမျိုးသား၂ဦးပါ။ Carrie Gracie ကအဲဒီ အထဲက အယ်ဒီတာတဦးပါ။ ပြီးခဲ့တဲ့နှစ်ကဘီဘီစီရဲ့ ထိပ်တန်းလစာတွေအရ အမျိုးသားအယ်ဒီတာ၂ဦးက အမျိုးသမီး အယ်ဒီတာတွေထက် အနည်းဆုံးငါးဆယ်ရာခိုင်နှုန်း လစာတွေပိုများနေတယ်လို့ Carrie Gracieကသိခဲ့ရပါတယ်။ သူ့ကို လစာတိုးပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပေမဲ့လည်း အဲဒီပမာဏက အမျိုးသားတွေနဲ့တန်းတူဖြစ်ဖို့အဝေးကြီးလိုပါသေးတယ်။ အခုတော့ တရုတ်နိုင်ငံမြို့ တော် ပေကျင်းက ဘီဘီစီရုံးမှာ Carrie Gracie ဆက်မလုပ်တော့ပဲပြီးခဲ့တဲ့အပတ်ကနုတ်ထွက်ခဲ့ပြီးသူအရင် ကလုပ်ခဲ့တဲ့ လန်ဒန်က ဘီဘီစီရုပ်သံသတင်းဌာနမှာ ပြန်ပြီးလုပ်ပါတော့မယ်။ အဲဒီနေရာကတော့ ကျားမ တန်းတူလစာပေးတယ်လို့ဆိုပါတယ်။

ဘီဘီစီ တရုတ်ဗြူရိုအကြီးအကဲ ရာထူးက နုတ်ထွက်
please wait

No media source currently available

0:00 0:02:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG