သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BBG အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင် Armstrong သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ

Governor Armstrong
1/8 Governor Armstrong
အသေးစိတ် ဖတ်ရှုရန် Show less
Governor Armstrong
2/8 Governor Armstrong
အသေးစိတ် ဖတ်ရှုရန် Show less
Governor Armstrong
3/8 Governor Armstrong
အသေးစိတ် ဖတ်ရှုရန် Show less
Governor Armstrong
4/8 Governor Armstrong
အသေးစိတ် ဖတ်ရှုရန် Show less
BBG
5/8 BBG
အသေးစိတ် ဖတ်ရှုရန် Show less
Governor Armstrong
6/8 Governor Armstrong
အသေးစိတ် ဖတ်ရှုရန် Show less
BBG
7/8 BBG
အသေးစိတ် ဖတ်ရှုရန် Show less
BBG
8/8 BBG
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု အသံလွှင့်လုပ်ငန်းများဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ ဘုတ်အဖွဲ့ဝင် Matthew Armstrong ဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ၊ မြန်မာနိုင်ငံ အသံလွှင့်မီဒီယာနဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာလုပ်ငန်းတွေ အရည်အသွေး မြင့်မားလာစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အများပြည်သူဝန်ဆောင်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေးမှာ ပြန်ကြားရေးဝန်ကြီးဌာန တည်ရှိပါဝင်မှုကိုလည်း အုပ်ချုပ်ရေးအဖွဲ့ဝင် Matthew Armstrong က ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သမ္မတနဲ့ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင်ပါဝင်သွားတဲ့ ဗွီအိုအေ ရန်ကုန်ရုံး အကြီးအကဲ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဒေါ်ခင်စိုးဝင်း ဒီကနေ့ အမေရိကန်အစိုးရရဲ့ အသံလွှင့်လုပ်ငန်း အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်ပေါ့နော် Governor Armstrong ကနေပြီးတော့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်။ ဒေါ်ခင်စိုးဝင်းလည်း ပါသွားတယ်ဆိုတော့ ဒီကနေ့ သူတို့ဆွေးနွေးကြတဲ့ အကြောင်းအရာလေးတွေ အဓိက ဘာအကြောင်းအရာ ဆွေးနွေးဖြစ်ကြသလဲခင်ဗျ။

ဖြေ။ ။ “ဟုတ်ကဲ့ ဒီလိုပါ ကိုသားရေ။ သမ္မတ ဦးသိန်းစိန်ကနေပြီးတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အစဉ်တစိုက် တွန်းအားပေးခဲ့တာနဲ့အညီ မြန်မာ့မီဒီယာနယ်ပယ် ပြုပြင်ပြောင်းလဲရေးမှာလည်းပေါ့နော် အားဖြည့်ကူညီပေးဖို့ သူက မျှော်လင့်တယ်ဆိုပြီးတော့ သူက ကြိုဆို စကားပြောရင်းနဲ့ သူက ပြောလိုက်ပါတယ်။ သတင်းမီဒီယာ အသံလွှင့်လုပ်ငန်းနယ်ပယ်မှာ လိုအပ်ချက်တွေရှိနေတယ်။ စိန်ခေါ်ချက်တွေလည်း ရှိနေသေးတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက ဒီကာလကလည်း အရမ်း နုနယ်နေသေးတဲ့အတွက်ကြောင့်မို့ သူတို့ အတွေ့အကြုံ အရမ်းနည်းနေတယ်ပေါ့နော်။ အဲတော့ မြန်မာနိုင်ငံ အသံလွှင့်လုပ်ငန်းနဲ့အတူ မီဒီယာလုပ်ငန်းမှာ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးနိုင်မလဲ၊ ဘယ်လို ဖေးမ ကူညီပေးနိုင်မလဲ ဆိုတာကို ဒီကနေ့ ဆွေးနွေးကြတာပါ။”

မေး။ ။ ခုန အကူအညီပေးရေးနဲ့ ပတ်သက်လို့ တိတိကျကျရော ဘယ်ဟာတွေ အကူအညီပေးမလဲ ဆိုတာရော ဆွေးနွေးဖြစ်ပါသလား။

ဖြေ။ ။ “ဗွီအိုအေအမေရိကန်အသံအနေနဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိ လုပ်နေတဲ့ အသံလွှင့်လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဗွီအိုအေအမေရိကန်အသံရဲ့ အစီအစဉ်တွေကို MRTV, Skynet, မြဝတီ တပ်မတော် အသံလွှင့်ဌာနတွေကနေပြီးတော့ ထပ်ဆင့် ထုတ်လွှင့်ပေးနေတာတွေ ရှိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ရှိနေတာတွေအပြင်ကို ထပ်ပြီးတော့ လိုအပ်ချက်ပေါ့နော် သတင်းမီဒီယာလုပ်ငန်း အသံလွှင့်လုပ်ငန်းမှာ သင်တန်းတွေပေးဖို့ လိုအပ်တယ်။ ဥပမာ - အမေရိကန်ပြည်ထောင်စုမှာ သွားပြီးတော့ ပညာသင်ဖို့ လိုအပ်တယ်ဆိုရင်လည်း ပူးပေါင်းကူညီဖို့ အဆင်သင့်ပဲ ဆိုတာမျိုးတွေပေါ့နော် ဒီ Governor အနေနဲ့ ရှင်းပြပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ဘက်က ဘာပြန်ပြောသလဲဆိုတော့ သူတို့ရဲ့ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ သူတို့လုပ်နေတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာနဲ့ ပတ်သက်ပြီးတော့ အခုလောလောဆယ် လုပ်နေတဲ့ လုပ်ငန်းတွေကို လေ့လာပါတဲ့။ လေ့လာတဲ့အခါမှာ ထုတ်လုပ်နေတဲ့ သတင်းစာတွေကိုလည်း ကြည့်ပါတဲ့။ အဲဒီအခါမှာ လိုအပ်ချက်တွေ အများကြီးကို တွေ့ပါလိမ့်မယ်။ အဲဒီလိုအပ်ချက်တွေကို ဘယ်လို အကြံကောင်း၊ ဉာဏ်ကောင်းတွေ ပေးနိုင်မလဲ ဆိုတာကိုလည်း စဉ်းစားပေးပါဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်ကနေပြီးတော့ Governor Armstrong ကို တိုက်တွန်းခဲ့ပါတယ်။”

မေး။ ။ အခု Governor Armstrong နဲ့ တွေ့ဆုံတဲ့အခါမှာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုအပြင်ပေါ့နော် ဒီဘက်က Governor Armstrong ကနေပြီးတော့ လက်ရှိ ပြန်ကြားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာအခြေအနေ သူတို့ဘက်က မြင်တာတွေကိုရော ပြောပါသလား။

ဖြေ။ ။ “ပြောပါတယ်။ သူက ဒီ အများပြည်သူ ဝန်ဆောင်မှု မီဒီယာလုပ်ငန်း လုပ်နေတယ်ဆိုတဲ့ နေရာမှာ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်း ပြုပြင်တာ၊ ပြောင်းလဲလာတာနဲ့အမျှ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကိုလည်း သူက မေးခွန်းထုတ်ပါတယ်။ အဲဒီအခါကျတော့ ဒီအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကနေပြီးတော့ သူကိုယ်တိုင်လည်း သီးသန့် သူ့ဆီကိုခေါ်သွားပြီး သီးသန့် ရှင်းလင်းပြီးတော့ ဆွေးနွေးသွားပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း သီးခြားသွားတဲ့သဘောပေါ့။

ဖြေ။ ။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ သမ္မတနဲ့ တွေ့ပြီးတဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနကို သီးခြားသွားပြီးတော့ ပြန်ကြားရေးဝန်ကြီးနဲ့ ထပ်ပြီးတော့ ဆွေးနွေးပါတယ် အသေးစိတ်။ အခု ဒီလိုပေါ့နော် သတင်းမီဒီယာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ သတင်းမီဒီယာလောကကိုလည်း ပြုပြင်ပြောင်းလဲရေးလုပ်နေတယ်။ အဲလိုလုပ်နေတဲ့အခါမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဦးရဲထွဋ်ကနေပြီးတော့ ရှင်းပြပါတယ်။ ဒီ Governor Armstrong ကနေပြီးတော့ ဒီပြုပြင်ပြောင်းလဲရေး လုပ်နေတာနဲ့အမျှ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်ပါတယ်။ အဲဒီအခါမှာ ဝန်ကြီး ဦးရဲထွဋ်ကနေပြီးတော့ ဒီလိုမျိုး ပြုပြင်ပြောင်းလဲရေး လုပ်လာတာနဲ့အမျှ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိပါဘူးတဲ့။ နောက်ပိုင်း အစိုးရသစ်ပြောင်းလဲပြီး တက်လာခဲ့လို့ရှိရင် ဒီပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိတော့ဘဲနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ပဲ ဆက်ပြီး တည်ရှိမယ့်သဘောပေါ့နော် အဲဒီအခါမှာလည်း အသံလွှင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ဘာတွေကလည်း ရေးဆွဲနေဆဲပဲရှိပါတယ်။ အဲဒီ ရေးဆွဲတဲ့နေရာမှာ လိုင်စင်တွေ ချပေးတာတို့၊ Frequency တွေ ချပေးတာတို့ ဟာတွေက ဆက်သွယ်ရေးဝန်ကြီးဌာနကနေပဲ ဆက်ပြီးတော့ ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ တဖြည်းဖြည်းနဲ့ပေ့ါလေ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍက လျော့သွားမယ်လို့ ပြောပါတယ် ကိုသားရေ။ နောက် Skynet အဲဒါတွေ ကိုယ်တိုင်သွားရောက် လေ့လာပြီးတော့ သူတို့တွေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။”

မေး။ ။ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့အခါမှာ BBG လက်အောက်ခံ အသံလွှင့်ဌာနတွေ၊ အထူးသဖြင့် ဗွီအိုအေနဲ့ ပတ်သက်လို့ရော ဘာများပြောတာရှိပါသလဲ။

ဖြေ။ ။ “ဗွီအိုအေကိုတော့ သမ္မတကြီးက ပြောတာတော့ သူ ကျောင်းသားဘဝကတည်းက ဗွီအိုအေကို တောက်လျှောက် နားထောင်လာခဲ့တာပါတဲ့။ ဗွီအိုအေဟာ မြန်မာလို အသံလွှင့်တဲ့ နိုင်ငံခြားသတင်းဌာနထဲမှာတော့ သက်တမ်းအရှည်ဆုံးအဖြစ်နဲ့ အသိအမှတ်ပြုပြီးတော့ အမြဲတမ်း လေးလေးစားစား သူ နားထောင်တယ်ဆိုတာကို သမ္မတကြီးက ပြောပါတယ်။”

အခုလို တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တို့ပါဝင်ပြီး အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာ Armstrong နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ်၊ ရန်ကုန်မြို့ အမေရိကန်သံရုံးက နိုင်ငံရေးဆိုင်ရာအရာရှိ Jeffery Warner၊ ဗွီအိုအေ အရှေ့အာရှနဲ့ ပစိဖိတ် ဌာနအကြီးအကဲ William Baum၊ ဗွီအိုအေမြန်မာဌာနရဲ့ ရန်ကုန် ဗျူရိုအကြီးအကဲ ဒေါ်ခင်စိုးဝင်းတို့ ပါဝင်ပါတယ်။ BBG အုပ်ချုပ်ရေးအဖွဲ့ဝင် Matthew Armstrong ဟာ ပထမနေ့တုန်းကတော့ လူမှုအဖွဲ့အစည်းက လူငယ်တွေနဲ့ အမေရိကန်စင်တာမှာ တွေ့ဆုံပြီး၊ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ လူငယ်တွေရဲ့အမြင်ကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းတိုက်မှာလည်း မြန်မာသတင်းသမားတွေနဲ့ မြန်မာသတင်းမီဒီယာအခြေအနေ မေးမြန်းဆွေးနွေးပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အသံလွှင့်လုပ်ငန်းတွေရဲ့ မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ မြန်မာလူထုနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု စတာတွေကို လေ့လာဖို့အတွက် BBG အုပ်ချုပ်ရေးအဖွဲ့ဝင် Matthew Armstrong ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG