တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အပူချိန်သတိပေးချက်ကို ဒီနေ့ သောကြာနေ့မှာ အမြင့်ဆုံး အနီရောင်အဆင့် သတ်မှတ်လိုက်ပါတယ်။ မြို့တော်ရဲ့ နေရာတော်တော်များများမှာ အပူချိန်ဟာ ၄၀ ဒီဂရီ Celsius ၊ ဖာရင်ဟိုက်နဲ့ဆိုရင် ၁၀၄ အထိရှိပါတယ်။ ဒီနေ့ သောကြာနေ့ နေ့လည် ၁ နာရီခွဲမှာ မြို့တော်အပူချိန် ၄၀ ဒီဂရီ Celsius ဖြစ်သွားတယ်လို့ တရားဝင် တိုင်းတာတဲ့ဌာနက ထုတ်ပြန်ပါတယ်။
အခုလို အပူချိန် ၄၀ ဒီဂရီ Celsius ကျော် ၂ ရက် ဆက်တိုက်ဖြစ်နေတာ ဘေဂျင်း မိုးလေဝသတိုင်းတာရေးဌာန တည်ထောင်ခဲ့တဲ့ ၁၉၅၁ ခုနှစ်ထဲကဆိုရင် ပထမဆုံးဖြစ်တယ်လို့ အကြီးတန်း မိုးလေဝသတာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၂၂ ကြာသပတေးနေ့ကတော့ June လမှာ အပူဆုံးရက် စံချိန်ကို ချိုးပြီး ၄၁.၁ ဒီဂရီ Celsius ဖြစ်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က တင်ခဲ့တဲ့အပူဆုံးစံချိန်က ၄၀.၆ ဒီဂရီ Celsius ဖြစ်ပါတယ်။
တချို့နေရာတွေမှာ လေအေးပေးစက်တွေ အိမ်တိုင်းဖွင့်ကြလို့ မီးပြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အခုလို တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အပူချိန်သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားရချိန်မှာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်မှုကို တားဆီးနိုင်ဖို့ ပြင်သစ်နိုင်ငံမှာပြုလုပ်နေတဲ့ ထိပ်သီးညီလာခံမှာ ကမ္ဘာ့နိုင်ငံတွေ ဆွေးနွေးနေကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်မှုကို တုံ့ပြန်နိုင်ဖို့နဲ့ သစ်တောတွေကို ကာကွယ်ရေး၊ သက်ရှိမျိုးကွဲတွေ အတူယှဉ်တွဲနေထိုင်နိုင်ရေး ရန်ပုံငွေမတည်ကြဖို့ ချမ်းသာတဲ့နိုင်ငံတွေက ဒေါ်လာ ဘီလျံ ၁၀၀ ပေးမယ်လို့ ၂၀၂၁ ခုနှစ်က ကတိပြုခဲ့တဲ့အတိုင်း ငွေကြေးပမာဏရပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကဒီနေ့ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။
ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးကို ကမ္ဘာ့စီးပွားရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ ပူးတွဲကြိုးပမ်းကြဖို့ ကမ္ဘာကြီးက မျှော်လင့်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီနေ့ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။