သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စိန်ခေါ်ချက်တွေ ကန်-တရုတ်ပူးပေါင်းဖြေရှင်းဖို့ ကန်ဘဏ္ဍာရေးဝန်ကြီးတိုက်တွန်း


တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတရပ် ထူထောင်ထားပြီး ကမ္ဘာ့စိန်ခေါ်ချက်တွေကို အတူတကွ ဖြေရှင်းသွားဖို့ အင်မတန်အရေးကြီးတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ တရုတ်သမ္မတ Xi Jinping ကို အာဏာရှင်ဆိုပြီး အမေရိကန်သမ္မတ Joe Biden က အခမ်းအနားတခုမှာ မှတ်ချက်စကားပြောတဲ့အပေါ် တရုတ်ဖက်က ဝေဖန်ရှုတ်ချလိုက်တဲ့နောက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ခုလို ပြောလာတာပါ။

နှစ်ဖက်အကြား အမြင်မှား တွက်ချက်မှားမှုတွေကို ရှင်းလင်းပြီး ဆက်ဆံရေး ဆက်ထိန်းထားဖို့ အလွန်တရာအရေးကြီးတယ်ဆိုတာကို သမ္မတ Biden ရော သူပါ ယုံကြည်လက်ခံထားတယ်လို့ Janet Yellen က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တိုင်းပြည်တွေမှာ ဖြစ်နိုင်သမျှ အတူလက်တွဲဆောင်ရွက်သွားဖို့လိုတယ်၊ ဒါပေမဲ့လည်း သဘောမတူနိုင်တာတွေကိုလည်း ပွင့်ပွင့်လင်းလင်း လက်ခံအသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Yellen ဟာ မကြာသေးခင်စလို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ ပြောဆိုလာပါတယ်။ ကမ္ဘာကြီး တည်ငြိမ်မှုရဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ဥတုရာသီပြောင်းလဲမှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ကမ္ဘာ့ ဘဏ္ဍာရေးပိုင်းအရ ဘယ်လိုတုန့်ပြန်နိုင်မလဲဆိုတာ ပြင်သစ်နိုင်ငံမှာ နှစ်ရက်ကြာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကျင်းပနေပြီး အဲဒီမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တတ်ရောက်နေတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ တရုတ်နိုင်ငံကို သွားရောက်ပြီး နှစ်ဖက်အကြား အတော်လေး ဆက်ဆံရေးကျဆင်းနေတာကို အဖတ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG