သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် တိုက်ရိုက်ထိစပ်ဆက်ဆံသွားဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဘေဂျင်းမြို့၊ အမေရိကန်သံရုံးမှာသတင်းစာရှင်းလင်းပွဲကျင်းပ ဂျွန် ၁၉၊၂၀၂၃။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဘေဂျင်းမြို့၊ အမေရိကန်သံရုံးမှာသတင်းစာရှင်းလင်းပွဲကျင်းပ ဂျွန် ၁၉၊၂၀၂၃။

အမေရိကန်နဲ့တရုတ်အပြန်အလှန်ဆက်ဆံရေးကို တာဝန်ယူတာဝန်ခံမှုရှိရှိ စီမံခန့်ခွဲရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။ နှစ်နိုင်ငံအကြား သဘောကွဲလွဲမှုတွေကနေ ပဋိပက္ခအသွင်မဆောင်လာစေဖို့ တိုက်ရိုက်ထိစပ်ဆက်ဆံသွားတာ အကောင်းဆုံးဖြစ်မယ်လို့ ပေ့ကျင်းမှာ တရုတ်ခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့ မစ္စတာ ဘလင်ကန်က ပြောပါတယ်။

သူဟာ တရုတ်သမ္မတ Xi Jinping နဲ့ရော တရုတ်ထိပ်တန်းသ့တမန် Wang Yi နဲ့ပါ ပွင့်ပွင့်လင်းလင်းနဲ့ အခြေအမြစ်ခိုင်ခိုင် ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပေ့ကျင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ မကြာခင် သတင်းပတ်တွေထဲမှာ အမေရိကန်ကအကြီးတန်း တာဝန်ရှိသူတွေ တရုတ်ကို နောက်ထပ်သွားရောက်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဝန်ကြီး ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒါ့အပြင် တရုတ်တာဝန်ရှိသူတွေ အမေရီကန်ပြည်ထောင်စုကို နောက်ထပ်လာရောက်လည်ပတ်ဖို့ လည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ တရုတ်သမ္မတကတော့ အခု ဆွေးနွေးပြောဆိုရတာတွေအပေါ် ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံးကတော့ အပြန်အလှန်ဆက်ဆံရေးတည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ သဘောထားတူခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက် စစ်ဖက် ဆက်ဆံရေးလမ်းကြောင်းထားဖို့ဆိုတာကိုတော့ တရုတ်ဖက်က သဘောတူညီမှု မရခဲ့ပါဘူး။

လတ်တလောအားဖြင့် ဒါကို ရှေ့ဆက်ဖို့ တရုတ်ဖက်က သဘောမတူခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။ အကျပ်အတည်းအခြေအနေမှာ စစ်ဖက်ဆက်ဆံရေးလမ်းကြောင်းကို ဆက်ဖွင့်ထားသင့် တယ်လို့ အမေရိကန်က ပြောပါတယ်။ ထိုင်ဝမ်ရေလက်ကြား ရန်လိုတဲ့ တရုတ်လုပ်ရပ်တွေအပေါ် အမေရိကန်က စိုးရိမ်မကင်းဖြစ်တာကိုလည်း တရုတ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်အနေနဲ့ ထိုင်ဝမ်သီးခြားလွတ်လပ်ရေးကိုထောက်ခံမှာမဟုတ်ပဲ၊ ထိုင်ဝမ်နဲ့ ကွဲလွဲမှုတွေကို တရုတ်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG