သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တံတိုင်းပြိုကျမှု နှစ် ၃၀ ပြည့်မြောက်


ဘာလင်တံတိုင်းပြိုကျမှု နှစ် ၃၀ ပြည့်အခမ်းအနားအတွင်း ဘာလင်တံတိုင်းနေရာတွင် အထိမ်းအမှတ်ပန်းများ ချနေသည့် ဂျာမန်ပြည်သူများ။ (နိုဝင်ဘာ ၉၊ ၂၀၁၉)
ဘာလင်တံတိုင်းပြိုကျမှု နှစ် ၃၀ ပြည့်အခမ်းအနားအတွင်း ဘာလင်တံတိုင်းနေရာတွင် အထိမ်းအမှတ်ပန်းများ ချနေသည့် ဂျာမန်ပြည်သူများ။ (နိုဝင်ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

အရှေ့နဲ့ အနောက်ဥရောပကို ပိုင်းခြားထားခဲ့တဲ့ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့တဲ့ အနှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဂျာမနီနိုင်ငံမှာ ဒီကနေ့ ကျင်းပနေပါတယ်။

ဘာလင်မြို့လယ်က တံတိုင်းကြီး အထိမ်းအမှတ်နေရာမှာ ဒီနေ့မနက်စတင်တဲ့ အခမ်းအနားကို ဂျာမန်သမ္မတ Frank-Walter Steinmeier၊ ဝန်ကြီးချုပ် Angela Merkel အပြင် Slovakia, Czech, Hungary နဲ့ Poland နိုင်ငံ သမ္မတတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

စစ်အေးစစ်ကာလ ၁၉၆၁ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ၂၈ နှစ်ကြာ ဘာလင်တံတိုင်းကြီး ကာဆီးထားချိန် အရှေ့ဂျာမနီကနေ အနောက်ဂျာမနီကို သွားဖို့ကြိုးစားရင်း သေဆုံးခဲ့ကြသူတွေအတွက် အမှတ်ရ အောက်မေ့ဆုတောင်းပွဲကိုလည်း ဘုရားကျောင်းတခုမှာ မကြာခင်ကပဲ ကျင်းပခဲ့ပါတယ်။

ဘာလင်တံတိုင်းပြိုတဲ့ အနှစ် ၃၀ ပြည့် အထိမ်းအမှတ် လေဟာနယ် ဂီတဖျော်ဖြေပွဲကိုလည်း ဘာလင်မြို့ရဲ့ အထင်ကရ Brandenburg Gate မုခ်ဦးကြီးရှေ့မှာ ညနေပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ်။

ဘာလင်တံတိုင်းကြီးကို ဖြိုချပေးဖို့ ဆိုဗီယက်ခေါင်းဆောင်ကို ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတဟောင်း Ronald Reagan ရဲ့ ရုပ်တုဖွင့်ပွဲကို ဂျာမနီဆိုင်ရာ အမေရိကန်သံရုံးမှာ မနေ့က ကျင်းပခဲ့တာမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တက်ရောက်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခုမှာ အရှေ့ဂျာမနီ ကွန်မြူနစ်အစိုးရ ပေါလစ်ဗျူရိုပြောခွင့်ရ Guenter Schabowski က အရှေ့ဂျာမနီကလူတွေ အနောက်ဂျာမနီကို လွတ်လွတ်လပ်လပ် သွားနိုင်ကြပြီလို့ မမျှော်လင့်ဘဲ ပြောခဲ့တာပါ။ အဲဒီနောက် အရှေ့ဂျာမနီက ထောင်နဲ့ချီ နယ်စပ်ကို ရောက်လာကြပြီး အတားအဆီးမရှိဖြစ်သွားတဲ့ နယ်စပ်ဂိတ်တွေကနေ အနောက်ဂျာမနီဘက်ခြမ်းကို သွားခဲ့ကြတာပါ။ လူအုပ်ကြီး ပိုပိုများလာပြီးနောက်မှာတော့ တံတိုင်းကြီးကို စတင်ဖြိုခဲ့ကြတာဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းတွေကို ပိုင်းခြားထားခဲ့တဲ့ တံတိုင်းကြီး ပြိုကျခဲ့တာ အနှစ် ၃၀ ပြည့်ခဲ့ပေမယ့် ဒီကနေ့ခေတ်မှာ လူမှုအသိုင်းအဝိုင်းကြား ခွဲခြားမှုတွေ၊ သဘောထားအမြင်တွေ၊ ကွဲပြားမှုတွေ မြင့်တက်နေတာကြောင့် အရင်အဖြစ်တွေကို ပြန်သုံးသပ်ဖို့လည်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။

----------------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG