သုံးရလွယ်ကူစေသည့် Link များ

ကြာသပတေးနေ့မှာ မွန်းတည့်နေ သတင်းသမားတွေကို ရုံးတင်စစ်ဆေး တရားစွဲဆိုမှုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် သက်သေပြ ထွက်ဆိုသွားကြဖို့ သတင်းသမားတွေက ပြင်ဆင်နေကြပါတယ်။

အဲ့ဒီလို သတင်းမီဒီယာတွေအပေါ် တရားစွဲဆို ရုံးတင်စစ်ဆေးမှုတွေ လုပ်နေတာမျိုးအပြင် ချင်းပြည်နယ်အစိုးရက ချင်းတိုင်းရင်းသား သတင်းဂျာနယ်တခုကို ဖြန့်ဝေခွင့် ပိတ်လိုက်တာကြောင့်လည်း လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုတွေ ရှိလာနေတာပါ။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတင်းမီဒီယာသမားတွေအကြား အပြန်အလှန် နားလည်မှုရှိဖို့ လိုမယ်လို့လည်း သတင်းသမားတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် အတော်အသင့် ရလာတယ်လို့ ဆိုနေချိန်မှာပဲ သတင်းသမားတွေနဲ့ အာဏာပိုင်တွေကြား သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိလာပြီးတော့ တရားစွဲဆိုတာ၊ ဂျာနယ် ပိတ်သိမ်းတာတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ ဥပမာ-ယူနတီသတင်းသမားတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ရှည်ချမှတ်တာမျိုး အပါအဝင် သတင်းသမားတချို့ကို တရားစွဲဆိုမှုတွေ ဖြစ်နေတဲ့အထဲ ပြီးခဲ့တဲ့ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်လိုက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ထုတ်ပြန်ကြေညာချက်ကို သတင်းရေးသား ဖော်ပြခဲ့လို့ ဆိုပြီးတော့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၆ ဦး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ကြာသပတေးနေ့မှာ သူတို့ကို ရုံးတင်စစ်ဆေးချိန်မှာ သတင်းသမားတချို့ သွားရောက် သက်သေထွက်ဆိုကြဖို့ ရှိနေပါတယ်။ သတင်းမီဒီယာ ပွင့်လင်းကာစ အနေအထားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူအများ သတင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်အောင် ရေးသားဖော်ပြနေတဲ့ သတင်းသမားတွေကို ရန်သူလို သဘောမထားဖို့ လိုမယ်လို့ သက်သေထွက်ဆိုဖို့ရှိတဲ့ သတင်းထောက် ကိုအောင်သူရက ပြောပါတယ်။

“မွန်းတည့်နေကိစ္စ သူက အဓိကစွဲတာကတော့ ထုတ်ပြန်ချက်နဲ့ တနေ့တည်းထွက်တယ်ဆိုပြီးတော့ ပုဒ်မ ၅ (ည)၊ ၅၀၅ (ခ) အဲ့ဒါနဲ့စွဲတာပါခင်ဗျ။ ဒါကတော့ သိပ်မဆိုင်ဘူးလေ။ တချို့ဟာတွေဆို ကျနော်တို့လည်း ကြိုသိတာတွေ အများကြီးရှိတာပဲ။ ထုတ်ပြန်ချက်အကြမ်းတွေ ရထားတာမျိုးလည်း ရှိတာပဲ။ ဒီဟာကတော့ ဒီဖော်ပြချက်က သတင်းမီဒီယာ ကျင့်ဝတ်အရ ဆိုရင်တော့ ဖောက်ပြန်မှုမရှိဘူး။ ဒါက သတင်း source နဲ့ သတင်းရေးသားတဲ့သူနဲ့ ယုံကြည်မှုရှိစွာ တယောက်နဲ့တယောက် ကြိုသိတာလည်း ရှိတယ်ပေါ့နော်။ ဒီအတွက် ဒါက အပြစ်မရှိဘူးလို့ ယူဆတယ်။ နောက်တခုကကျတော့ တကယ်လို့ စွဲချင်ရင်လည်းစွဲပါ။ တာဝန်ခံအယ်ဒီတာနဲ့ပဲ အမှုရင်ဆိုင်ပေါ့။ အကုန်လုံးကို စွဲတာမျိုးကျတော့ မကောင်းဘူးလေ။ နှစ်ဘက်စလုံးကတော့ လုပ်ရမယ့်ကိစ္စတွေကတော့ အများကြီး ရှိတာပေါ့နော်။ ကျနော်တို့ဘက်မှာလည်း capacity ပိုင်း ဖြည့်ရမှာလိုမျိုး၊ အစိုးရပိုင်းကလည်း ကျနော်တို့ကို အသိအမှတ်ပြုဖို့လိုတယ်၊ စေတနာရှိဖို့ လိုတာပေါ့နော်။ သတင်းမီဒီယာဆိုတာ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကျနော်တို့အပေါ် သူက မိတ်ဆွေလို သဘောထားဖို့လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ရန်သူလို သဘောထားတာပေါ့နော်။ သူတို့က အသုံးချဖို့လောက်ပဲ သူတို့က စဉ်းစားတာပေါ့နော်။”

ချင်းပြည်နယ်ဘက်မှာတော့ ချင်းပြည်နယ် အစိုးရဘက်က ချင်းဘာသာစကားနဲ့ ထုတ်ဝေတဲ့ ဟားခါးပို့စ်သတင်းလွှာကို မဖြန့်ဝေဖို့ ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ လမ်းပန်းဆက်သွယ်မှု အားနည်းပြီး သတင်းဖြန့်ဝေမှု အခက်အခဲများစွာရှိတဲ့ ချင်းပြည်နယ်တွင်း ဒီလိုသတင်းဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်တာဟာ တိုင်းရင်းသားပြည်သူတွေကြား သတင်းအမြန်ဆုံးရောက်နိုင်အောင် ကြိုးစားနေရဆဲ တိုင်းရင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ချင်းသတင်းကွန်ယက် ဖွဲ့စည်းဖို့ လုပ်ဆောင်နေတဲ့ သတင်းသမားတဦးလည်းဖြစ်တဲ့ မအိမ့်ခိုင်ဦးက သုံးသပ်ပါတယ်။

“ချင်းမီဒီယာ အနေအထားကတော့ အံ့သြလောက်ဖို့ ကောင်းတာပေါ့နော်။ ဟိုတခေါက် ချင်းကွန်ယက်ဖွဲ့ဖို့ဆိုပြီး သွားတုန်းကကျတော့ မီဒီယာတွေက အရမ်းများနေတဲ့အတွက် မီဒီယာကို အဓိကထားပြီး ဖွဲ့ဖို့တောင် လုပ်ခဲ့ကြတယ် ဆိုတော့ ချင်းမီဒီယာက ပိုပြီးတော့ အားကောင်းတဲ့ အနေအထား တွေ့ရတာပေါ့။ ဒီချင်းတောင်လေး တတောင်မှာတင် ကိုယ့်ဟာကိုယ် ထုတ်ဝေနေတဲ့ စာစောင်တွေ တော်တော်များတယ်လို့ ပြောရမှာပေါ့ အဲ့ဒါကျ။ အခုဆိုရင် တဖြေးဖြေးနဲ့ ဟားခါးပို့စ်တို့ ဘာတို့ သူတို့သတင်းကို အများဆုံး တင်လာကြပြီ။ တဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာတဲ့သဘောပေါ့။ အဲ့ဒီအချိန်မှာ မှတ်ပုံတင်မထားတဲ့ စာစောင်မှန်သမျှ ပိတ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတော့ ထိခိုက်နိုင် တာပေါ့။ နောက်အစောင်တွေကျတော့ နည်းနည်းတော့ တန့်သွားနိုင်တာပေါ့နော်။ လန့်သွားနိုင်သွားတာပေါ့။ ဒါပေမဲ့ ဘယ်လိုအခြေအနေရှိမလဲဆိုတာ ယတိပြတ်လို့ ကျနော်တို့တော့ ပြောလို့တော့ မရဘူးပေါ့။”

အခုနောက်ပိုင်း သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရတာ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်သတ်ချုပ်ချယ်မှုတွေ ပိုမို များပြားလာနေတာဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားခြင်းမဟုတ်ဘဲနဲ့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းသမားတွေဘက်ကတော့ အစိုးရတာဝန်ရှိသူတွေဘက်က သတင်းဖြန့်ဝေမှု အားနည်းတာ၊ နောက် သတင်းသမားတွေဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီက ဖြစ်စဉ် သတင်းမှန် ရယူနိုင်ဖို့ ခက်ခဲလွန်းနေသေးတာတွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG