သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Biman လေယာဉ်လမ်းချော်မှု မြန်မာ့လေကြောင်းဦးစီး စုံစမ်းစစ်ဆေး


ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်းလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဗုဒ္ဓဟူးနေ့က ပြေးလမ်းကျော်မှုဟာ လေယာဉ်ဘီးနဲ့ ပြေးလမ်းထိရမယ့်နေရာမှာ မထိတဲ့အတွက် အရှိန်မထိန်းနိုင်ပုံရတယ်လို့ လေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က VOA မြန်မာပိုင်းကို ပြောပါတယ်။ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၃၅ ယောက်ပါတဲ့ လေယာဉ် အဆင်းမှာ လမ်းချော်ပြီး အပိုင်းလိုက်ကျိူးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ လေကြောင်းဦးစီးဌာန ဒုညွှန်ချုပ် ဦးရဲထွဋ်အောင်က ပြောကြားခဲ့တာပါ။ လေယာဉ်လမ်းချော်တာနဲ့ ပတ်သက်လို့ နောက်ဆုံး သိထားတာနဲ့ပါတ်သက်လို့ လေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကို မစုမြတ်မွန်က မေးတဲ့အခါ သူကအခုလို စဖြေပါတယ်။

“ ဦးရဲထွဋ်အောင်။ ။ မနေ့က ဖြစ်စဉ်ကိုပဲ ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့မှာလည်း မှတ်တမ်းတွေရှိပါတယ်။ နောက်ဆုံးမှာ CCTV ရက်ကော့တွေ ပြန်ကြည့်ထားပြီးပါပြီ။ အဲဒီတော့ တကယ်တမ်းက စပြီးတော့ လေယာဉ်ဘီးနဲ့ ပြေးလမ်းနဲ့ စထိရမယ့်နေရာထက် အများကြီး ကျော်ပြီးတော့မှ သတ်မှတ်ထားတဲ့ Landing ဇုံမှာ touch down မဖြစ်ပဲနဲ့ ပေ ၆၀၀၀ လောက်ကျော်ပြီးတဲ့အခါကျတော့မှ touch down စပြီးတော့ ဖြစ်တယ်။ ဖြစ်တဲ့အခါမှာလည်း တော်တော်လေးကို Landing ပုံစံနဲ့တောင်မတူပဲနဲ့ တော်တော်လေးကို ထိုးစိုက်ပြီးတော့ ကျတဲ့အနေအထားမျိုးကို တွေ့ရပါတယ်ခင်ဗျ။ အဲဒါကြောင့်မို့လို့ ရှေ့က ဘီးတွေရော ကျိုးတယ်၊ တောင်ပံနှစ်ဖက် အဖျားတွေရော အရင်းတွေရော ကျိုးတယ်။ နောက်ပြီးတော့ ကိုယ်ထည်မှာပါ ထိခိုက်တဲ့အနေအထားမျိုး တွေ့ရှိရပါတယ်။ ပြေးလမ်းရဲ့ အလယ်ကနေပြီးတော့ စဖြစ်တဲ့အတွက်ကြောင့် control လုပ်ဖို့ ခက်ပြီးတော့ ပြေးလမ်းကျော်လွန်သွားတာဖြစ်ပါတယ်။ ဒါက မနေ့က တွေ့ရတဲ့ root cause ပေ့ါနော် ။ ကျနော်တို့ ဌာနအနေနဲ့ကတော့ ဝန်ကြီးဌာနရဲ့ ဒီနေ့ ဖွဲ့စည်းပေးလိုက်တဲ့ aircraft investigation board ရှိတယ် အဲဒီကနေပြီးတော့ accident investigation လုပ်တာ စပြီးတော့ လုပ်နေပါပြီ။ ဒါကတော့ အခုချက်ချင်းတော့ result တော့ မထွက်သေးပါဘူးခင်ဗျ။

မစုမြတ်မွန်။ ။ မနေ့ကဖြစ်တဲ့ ပြေးလမ်းချော်တာမှာ ရာသီဥတုကြောင့်လို့ပြောတာတွေလည်း ရှိပါတယ်။ ပုံမှာမြင်ရတာကတော့ အပိုင်းလိုက် ကျိုးတာတွေ့ရတယ်လေ။ အဲလောက်ဖြစ်ရလောက်အောင်ရော ရာသီဥတုက ဆိုးလို့ပါလားရှင့်။

ဦးရဲထွဋ်အောင်။ ။ ရာသီဥတုကတော့ အဲဒီလေယာဉ်မဆင်းခင် နာရီဝက်အလိုကတော့ နည်းနည်းလေး Heavy rain ရွာတာရှိတယ်။ ရှိတော့ သူ့ကိုတောင်မှ ကျနော်တို့က တကြိမ်ကွင်းပေါ်မှာ မဆင်းပဲနဲ့ တပတ်ပတ်ပြီးတော့တောင်မှ ပျံခိုင်းလိုက်ပါသေးတယ်။ အဲလိုပတ်ပြီးတော့မှ ပြန်ဆင်းတဲ့အချိန်မှာ ၆နာရီ ၅၂ ပေါ့ ၊ သူ့မတိုင်ခင်မှာတော့ အရှေ့က လေယာဉ် ၃ စီး ဆင်းသွားတယ်ခင်ဗျ။ အဲဒီတော့ ဆင်းတဲ့အချိန်မှာတော့ ရာသီဥတု ဆိုးဝါးတဲ့အခြေအနေမဟုတ်ပါဘူး။ မရှိပါဘူး။ ကျနော်တို့ လေတိုက်နှုန်း ၁၅ မိုင်နှုန်းလောက်ရှိတယ်။ ပြီးတော့လည်း မိုးကလည်း ဖွဲဖွဲရွာနေတဲ့အဆင့်ဖြစ်တယ်။ သူပြေးလမ်းကို မြင်တာနဲ့ visibility က ၆ မိုင်လောက်အကွာအဝေးကို မြင်နိုင်ပါတယ်။

မစုမြတ်မွန်။ ။ ဆင်းတဲ့အချိန်မှာရော လေယာဉ်ပြေးလမ်းမှာ တခုခု ချို့ယွင်းမှုရှိလို့ လမ်းချော်တာမျိုးရော ဖြစ်နိုင်ပါသလားရှင့်။

ဦးရဲထွဋ်အောင်။ ။ အဲဒီအချိန်မှာတော့ ပြေးလမ်းပေါ်မှာ ဘာမှ အနှောက်အယှက် အတားအဆီးဖြစ်နိုင်တဲ့ ပစ္စည်း၊ အခြေအနေမျိုးဘာမှ မရှိ ပါဘူးခင်ဗျ။

မစုမြတ်မွန်။ ။ အဲဒီတော့ လေယာဉ်မှူးရဲ့ အားနည်းချက်ကြောင့် ဒီလိုမျိုးဖြစ်တယ်လို့ ပြောလို့ရနိုင်ပါသလားရှင့်။

ဦးရဲထွဋ်အောင်။ ။ ကျနော်တို့ အကြမ်းဖျင်းသုံးသပ်ချက်ကတော့ လေယာဉ်မှူးရဲ့ဆုံးဖြတ်ချက်လည်း လိုမယ်လို့ သုံးသပ်ပါတယ်။ ဒါကတော့ သူတို့ investigation ရလဒ်ထွက်လာတဲ့အခါမှာ အတိအကျပြောလို့ရပါမယ်။

မစုမြတ်မွန်။ ။ နောက်ဆုံးမေးချင်တာကတော့ ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်ပြီးတော့ လောလောဆည်အထိ ဘယ်လိုအတည်ပြုပြောနိုင်သလဲ။ နောက်တခုက နောက်ဆက်တွဲအရေးယူမှုတွေရော ရှိပါသလားရှင့်။

ဦးရဲထွဋ်အောင်။ ။ အားလုံးပေါင်း ခရီးသည်ရော crew ရော ၁၉ ယောက်ကို မနေ့ညနေက ဆေးရုံမှာ ပို့ထားပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး စိုးရိမ်လောက်ရတဲ့ ဒဏ်ရာရတဲ့ အနေအထားတယောက်မှ မရှိဘူးလို့ သိရပါတယ်။ ဒီနေ့လည်း ပြန်ဆင်းဖို့အခြေအနေတွေ လုပ်နေကြပါပြီ။

မစုမြတ်မွန်။ ။ ဟုတ်ကဲ့ပါ နောက်ဆက်တွဲ ဒါနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေရော ရှိပါသလားရှင့်။

ဦးရဲထွဋ်အောင်။ ။ ဒါကတော့ ကျနော်တို့ investigation ပြီးသွားတဲ့အခါမှာ ထွက်လာတဲ့ result အပေါ်မှာ မှုတည်ပြီးတော့ ဘင်္ဂလားဒေ့ရှ်က လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်ဖို့ရှိတယ်၊ ဆွေးနွေးဖို့ရှိမယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းနဲ့ ကျနော်တို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ airport operation နဲ့ ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် ပျက်စီးချို့ယွင်းမှုတွေကို တာဝန်ရှိသူတွေက ပေးရမယ့်အပိုင်းလေးတွေရှိပါတယ်။”

လေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကို မစုမြတ်မွန်က Biman လေယာဉ် ပြေးလမ်းလမ်းကျော်မှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG