သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Biman ခရီးသည်တင်လေယာဉ် ရန်ကုန်လေဆိပ်အဆင်း လမ်းချော်


Biman Bangladesh လေကြောင်းလိုင်းလေယာဉ် ရန်ကုန်လေဆိပ်မှာ လမ်းချော်။ ဓာတ်ပုံ - Department of Civil Aviation Myanmar
Biman Bangladesh လေကြောင်းလိုင်းလေယာဉ် ရန်ကုန်လေဆိပ်မှာ လမ်းချော်။ ဓာတ်ပုံ - Department of Civil Aviation Myanmar

Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲလောက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်ဖို့ ကြိုစားစဉ်မှာ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် လေယာဉ် ပြေးလမ်းကနေ ချော်သွားခဲ့တဲ့အတွက် လူ ၁၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ခရီးသည် ၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာတဲ့ S2- AGQ Bombardier Dash Q 400 အမျိုးအစား လေယာဉ်ဟာ မိုးရွာပြီး လေပြင်းတွေ တိုက်ခတ်နေချိန်မှာ လေဆိပ်ကို ဆင်းသက်ခဲ့ရတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Khan Chowdhury က ပြောပါတယ်။

BG 060 လေယာဉ်ခရီးစဉ်မှာ လိုက်ပါလာသူတွေထဲက အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၂ ဦး ဒဏ်ရာတွေ ရခဲ့ပေမယ့် သိပ်မပြင်းထန် ကြောင်းနဲ့ သူတို့ကို ညနေ ၉ နာရီလောက်မှာ မြောက်ဥက္ကလာဆေးရုံမှာ တင်ထားတယ်လို့ လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ခရီးသည်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်၊ ကနေဒါ၊ အိန္ဒိယ၊ ပြင်သစ်နဲ့ Switzerland နိုင်ငံသားတွေ ပါဝင်ကြောင်း Biman လေကြောင်းလိုင်း အထွေထွေ မန်နေဂျာ Shakil Miraj Chowdhury ကပြောပါတယ်။

လေယာဉ်ဟာ ပြေးလမ်းပေါ်ဆင်းသက်စဉ်မှာ ရုတ်တရက် ခုန်တက်သွားပြီး ပြန်ကျခဲ့ကြောင်းနဲ့ အခုလို ဖြစ်တာဟာ လေပြင်းဖြတ်တိုက်ခဲ့တာ ကြောင့် ဖြစ်ပြီး လေယာဉ်ဟာ ဆင်းသက်စဉ်မှာ ရာသီဥတု ဆိုးဝါးမှုကြောင့် ရှေ့ဘီးပြုတ်ထွက်သွားပြီး လေယာဉ်ဦးပိုင်းနဲ့ အတောင်ပံ ၂ ဖက်စလုံးလည်း ပျက်စီးသွားတယ်လို့ လေဆိပ်အရာရှိတဦးက AFP ကိုပြောပါတယ်။

ရန်ကုန်နဲ့ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ ကို ဒီလေကြောင်းလိုင်းက တပတ်ကို ၄ ရက် ပြေးဆွဲနေတာပါ။

ရန်ကုန်လေဆိပ်ကတော့ မိုးသည်းထန်တဲ့အတွက် လေကြောင်း ပြေးဆွဲမှုတွေကို ခေတ္တရပ်ဆိုင်းထားကြောင်းနဲ့ အခြေနေကို ထပ်မံကြေညာမှာ ဖြစ်ကြောင်း ပြောပါတယ်။ နောက်လာရောက်မယ့် တခြားလေကြောင်း ခရီးစဉ်တွေအတွက် နေပြည်တော် လေဆိပ်မှာ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG